ဗေဒင်ဆရာရဲ့ နဂိုဒုက္ခနဲ့ အပိုဒုက္ခအတွက် ယတြာ

Tuesday, October 22, 2013

~




 "ကျွန်ုပ်၏ စနေသက်ရောက်ဘ၀ပျက်ကိန်း နှင့် ငွေကြေးပြေလည်စေသောနည်း"

ကျွန်ုပ်၏ အသက်သည် (၃၆)နှစ်တင်းတင်း ပြည့်ကျော်လာပြီးသည့်နောက် ယခုအခါတွင် (၃၇)နှစ်အတွင်းသို့ ၀င်ရောက်လာခဲ့ပြီ ဖြစ်၏။
၃၆- နှစ်သို့ မ၀င် ရောက်ခင်မီကပင် ကျွန်ုပ်၏ စိတ်အစဉ်သည် လေးလံနေလျက် ရှိ၏။ 
 


အဘယ့်ကြောင့်ဆိုသော် လာမည့် အသက်အပိုင်းအခြား (၃၆)နှစ်သည် မြန်မာ့ရိုးရာ သုံးတန်ပေါ်နိစ် ပညာအရ တွက်ကြည့်လိုက်ပါက စနေသက်ရောက် ဖြစ်နေသောကြောင့် ဖြစ်၏။ စနေသက်ရောက်သို့ ရောက်ရှိပြီဆိုပါက အင်မတန် ပူပင်သောက ရောက်ရသည်ကို ကျွန်ုပ်၏ ဗေဒင်ဆရာ သက်တမ်း တစ်လျှောက် ကောင်းကောင်း အတွေ့အကြုံ ရထားခဲ့ပြီ ဖြစ်၏။

ဤအဆိုးများကို လူတိုင်းကြုံရမည်ဟု မဆိုလိုလင့်ကစား အများအားဖြင့် ဒုက္ခအခက်အခဲ ပြဿနာများ အဆင်မပြေမှုများ အမှုအခင်းများ ဆုံးရှုံးနစ်မြုတ်မှုများ ကြုံတွေ့ရသော နှစ်များတွင် စနေဂြိုဟ်သို့ ရောက်ရှိသော နှစ်များတွင် များသောအားဖြင့် ကြုံတွေ့ရခြင်း ဖြစ်တတ်လေ၏။ ထို့ကြောင့် ကျွန်ုပ်လည်း (၃၆)နှစ်သို့ ၀င်သောအချိန် ကာလမှစ၍ တစ်ရက်မပျက် သတိလက်မလွတ်အောင် ကြိုးစားနေထိုင်၏။ တတ်နိုင်သလောက် အမှားကင်းအောင် နေထိုင်၏။ လူမှုရေး အရှုပ်အရှင်းများ ကင်းအောင် ပြောဆို ဆက်ဆံ၏။ အခန်းတွင် အောင်းလျှက် လုပ်စရာရှိသည်များကို လုပ်ကိုင်၏။ သူတစ်ပါး ကိစ္စများတွင် ၀င်ရောက် ရှုပ်ရှုပ်ထွေးထွေး မပါမိအောင် ကိုယ့်စိတ်ကို ဆုံးမ၏။ ဘာသာရေး ကိစ္စများတွင် အရင်ထက်ပိုမို၍ အားတက်သရော ပါဝင်မိအောင် မိမိကိုယ် မိမိ တွန်းအားပေး၏။ ဖြစ်ပေါ်လာသော အလိုဆန္ဒ လောဘဇောများကို မရရအောင် ချိုးနှိမ်၍ နေ၏။

အထက်ပါအတိုင်း ကျွန်ုပ်သည် ကျွန်ုပ် ရောက်ရှိနေသော (၃၆) နှစ်၏ စနေဂြိုဟ်ကို လွန်စွာ ကြောက်လွန်းသည် ဖြစ်ရကား သတိတရားကို လက်နှက်သဖွယ် ဆွဲကိုင်ကာ နေထိုင်လာခဲ့ရာ တစ်နှစ်တာ၏ သုံးပုံနှစ်ပုံကို ပုံမှန်အတိုင်း အေးချမ်း ပျော်ရွှင်စွာ ဖြတ်သန်း နိုင်ခဲ့လေတော့၏။ ရည်ရွယ်ထားသော အလှူအတန်း အလုပ်ကိစ္စ အားလုံး အေးအေးဆေးဆေး လုပ်နိုင်ခဲ့၏။ ကျွန်ုပ်ထံသို့ ကြီးမားသော အခက်အခဲများလဲ ၀င်ရောက်မလာခဲ့ပေ။ ကျွန်ုပ်သည် ပျော်ရွှင်နေ၏။ စိတ်ဓာတ်တက်ကြွနေ၏။ လုပ်စရာရှိလျှင် လုပ်လိုက်၊ စားစရာရှိလျှင် စားလိုက်၊ တကယ့်ကို အေးချမ်းနေ၏။ ထိုကဲ့သို့ နေထိုင်လာခဲ့ရာမှ ငြိမ်သက်နေသော ပင်လယ်ပြင်သည် ချက်ချင်းဆိုသလို လှိုင်းထလေတော့၏။

ကျွန်ုပ်၏ အသက်(၃၆) နှစ်အတွင်း (၈)လခန့် အကြာ တိတိကျကျ ပြောဆိုရပါမူ ၂၀၁၂- ခု နှစ် ဧပြီလထဲ သင်္ကြန်တွင် ကျွန်ုပ်၏ ဇာတိ ကျေးရွာကလေးသို့ ခေတ္တခဏ ပြန်ခဲ့၏။
အမိအဘတို့အား ပြန်လည် ကန်တော့ခြင်းနှင့် ဒုလ္လဘ ရဟန်းခံရန် ဖြစ်၏။ ထိုအပြန်ခရီးတွင် ကျွန်ုပ်၏ ဇာတိချက်ကြွေတွင် ကျွန်ုပ်၏ အမ မိသားစုများသည် စီးပွားရေး အဆင်မပြေ ဖြစ်နေ၏။ အကြွေးများနှင့် နပမ်း လုံးနေရသည်ဟု ဆို၏။ ကလေးများကလည်း (၅)ယောက်တောင် ဆိုတော့ စားဝတ်နေရေး အတော်လေး ကျပ်တည်းနေ၏။ ရွာမှာကလည်း အလုပ် လုပ်ချင်တာတောင် လုပ်စရာ မရှိတော့ တော်တော်လေး ဒုက္ခရောက်တယ်ဟု ကျွန်ုပ်၏ အမက ပြော၏။ ပြောသည်ဆိုသည်ထက် ခိုတစ်ကောင်ကဲ့သို့ ညည်းတွားခြင်း ဖြစ်၏။ တစ်ခါတည်း မဟုတ်ဘဲ ကျွန်ုပ်၏ မျက်နှာကို မြင်တိုင်း၊ ကျွန်ုပ်အနားသို့ ရောက်တိုင်း မောင်လေးရယ် မောင်လေးရယ်ဟု ခေါ်ခေါ်ပြီး ပြောဆို ညည်းတွားနေခြင်း ဖြစ်၏။ ထိုအခါတိုင်း ကျွန်ုပ်က အောက်ပါအတိုင်း အလိုလို ကျွန်ုပ်၏ နှုတ်မှ ပြန်၍ ပြောဆိုမိတတ်၏။

အေးဟာ... ။ နင်တို့တွေ အဆင်မပြေတာတွေ မြင်ရတော့လဲ ငါလဲ ဘယ်စိတ်ကောင်းပါ့မလဲ။ ငါ့စိတ်ထဲမှာ ရှိတဲအတိုင်း ပြောရရင် ကိုယ့် မိသားစု ကိုယ့်မိဘ ကိုယ့်ညီအကိုမောင်နှမ အားလုံးကို ပြေပြေလည်လည် ရှိစေချင်တာ ငါ့ ဆန္ဒအမှန်ပါဟာ။ ရွာမှာကလည်း လုပ်ချင်တာတောင် လုပ်စရာ အလုပ်က မရှိတော့ ပိုဆိုးတားပေါ့။ ထိုင်းမှာဆိုရင်တော့ ဘာပဲဖြစ်ဖြစ် အလုပ်ကတော့ ရှိတာပဲဟ။ နင့်ယောက်ကျားကို ထိုင်းမှာ အလုပ် လိုက်လုပ်ခိုင်းလိုက်ပါလားဟု ကျွန်ုပ်၏ နှုတ်မှ အလိုလို စကား ထွက်သွားလေတော့၏။

အထက်ပါအတိုင်း နင့်ယောက်ကျားကို ထိုင်းမှာ အလုပ်လိုက်လုပ်ခိုင်းပါလားဟူသော စကားသည်ပင် ကျွန်ုပ်၏ စနေသက်ရောက် အစစ်အမှန် ဖြစ်ကြောင်း နောင်မှ ကောင်းကောင်း သိရလေတော့၏။ ကျွန်ုပ်၏ အမဖြစ်သူလဲ သူမ၏ စကားလမ်းကြောင်းသော ဦးတည်ချက် ကောင်းကောင်း အောင်မြင်သွားပြီး ဖြစ်ကြောင်း ကောင်းစွာ သိသွားပုံရ၏။ နောက်နေ့များတွင် ကျွန်ုပ်အား ညည်းတွားပြောဆိုခြင်း လုံးဝ မရှိတော့ ယုံမျှမက အိမ်တွင် မွေးထားသော အကောင်ပလောင်များကို သေသေချာချာ ကျကျနန ချက်ပြုတ်ကျွေးမွေးပြီး ဧည့်ကောင်းဆောင်ကောင်း တစ်ဦး ပမာ ထမမင်းဖိတ်ကြွေးလေတော့၏။ နေ့တိုင်း ဟင်းကောင်းကောင်း ချက်ပြီး ကျွန်ုပ်၏ အိမ်သို့ လာပို့၏။

ဤသို့အားဖြင့် ကျွန်ုပ် ပြန်ရမည့်အချိန် ရောက်ရှိလာပြီ ဖြစ်၏။ နောက်တစ်နေ့တွင် ကျွန်ုပ်သည် ရန်ကုန်မှ ဘန်ကောက်သို့ အပြန်လက်မှတ် ဒိတ်လုပ်ထားပြီး ဖြစ်၏။
ကျွန်ုပ် မပြန်ခင် တစ်ရက်အလို ဖြစ်သောကြောင့် ထိုညတွင် ကျွန်ုပ်တို့အိမ်တွင် လူစုံလှ၏။ အကိုကြီးတို့ မိသားစု၊ အမနှစ်ယောက် မိသားစု အားလုံးပေါင်းလိုက်လျှင် စုစုပေါင်း လူကြီးကလေးမကျန် အယောက်(၂၀)ခန့် ရှိ၏။ ညနေပိုင်းတွင် အမနှစ်ယောက်က မီးဖိုချောင်ဝင်ကာ ထမင်းဟင်း ချက်၏။ အကိုနှင့်အမနှစ်ယောက်၏ ကလေးများက ဆော့နေကြ၏။ အသက်အနည်းငယ် ကြီးနေသော ဆယ်တန်းကျောင်းသားတစ်ယောက်နှင့် အမ၏သား ကိုးတန်းကျောင်းသား တစ်ယောက်ကတော့ ကျွန်ုပ်၏ လက်ပတော့ ကွန်ပြူတာကို နှိပ်ကစားနေသောကြောင့် ကျွန်ုပ်၏ ဖခင်ကြီးက ဟေ့ကောင်တွေ ဟေ့ကောင်တွေဟု အော်ဟစ်ဆူပူနေ၏။

ကျွန်ုပ်နှင့် မိခင်နှစ်ဦးတည်းကမူ အိမ်နှင့် မလှမ်းမကမ်းတွင် ပက်လက်ကုလားထိုင် တစ်ယောက်တစ်လုံးနှင့် ထိုင်ကာ စကားပြောနေဖြစ်၏။
ရုတ်တရက် အမေက ကောက်ကာငင်ကာ...

ဟဲ့... နင့် အမတွေကိစ္စကို ဘယ်လို လုပ်မှာလဲ။ တစ်ခါတည်း စကား အပြတ်ပြောနှော်ဟု မေးလေ၏။ ထိုအခါ ကျွန်ုပ်က

ဘာကိစ္စလဲ အမေဟု ပြန်မေးလိုက်လေလျှင် ကျွန်ုပ်၏ အမေက... ဟင်... နင့်အမ ပြောတာ နင်.. သူ့ လင်ကို ထိုင်းကို ခေါ်သွားမလို့ဆိုဟု ပြန်မေးလေ၏။
ထိုအခါ ကျွန်ုပ်က အော်... အမေရယ် ထိုင်းကို သွားတယ်ဆိုတာ ရန်ကုန်သွား သလောက်တော့ ဘယ်လွယ်ပါ့မလဲ။ ချက်ချင်းကြီး လာလိုက်ခဲဆိုပြီး လုပ်လို့မှ မရတာ။
အခု လောလောဆယ်တော့ အစီအစဉ်က ဘာမှန်းညာမှန်း မသိသေးပါဘူး။ ဟိုရောက်တော့မှ အဆင်ပြေရင်တော့ နည်းနည်း ကြည့်ပြီး စီစဉ်ကြည့်ပါဦးမယ်ဟု ပြန်ပြောလိုက်၏။
 ထိုအချိန်တွင် ကျွန်ုပ်တို့အနားသို့ ဖခင်ကြီး ဖြစ်သူ ရောက်ရှိလာသောကြောင့် ကျွန်ုပ်ထိုင်နေသော ထိုင်ခုံနေရာကို ထပေးလိုက်ရင်း
 အဖေ... လာ ဒီမှာ ထိုင်၏ ပြောကာ ကျွန်ုပ်က မြေပေါ်တွင် အုန်းပက်လက်တစ်ခုပေါ်တွင် ထိုင်ချလိုက်၏။
ကျွန်ုပ် ဖယ်ပေးသော ပက်လက်ကုလားထိုင်တွင် အဖေက ၀င်ထိုင်လိုက်ရင်း အမေ့ကို မသိမသာ တစ်ချက်ကြည့်လိုက်လေ၏။
ထို့နောက် ကျွန်ုပ်ကို တစ်ချက် ငဲ့ကြည့်လိုက်ရင်း အေးကွာ... မင်းကို အဖေကတော့ ဘာမှ မပြောလိုဘူး။ ဒါပေမယ့် မင်းအမတွေနဲ့ အလုပ်လုပ်တာ ကြည့်လုပ်။
 ပြီးတော့ မင်းဘ၀ ဖြတ်သန်းခဲ့တဲ့ သမိုင်းကြောင်း တစ်လျှောက်လုံးကိုလဲ ပြန်တွေးကြည့်ဦး။ မင်းအတွက် အကျိုးရှိတာ ဘာမျှကို သိပ်မရှိဘူး။
 တောက်လျှောက်ကြီးကို မင်းက ညီကို မောင်နှမတွေကို လုပ်ပေးခဲ့တာ။ မင်းအတွက်လဲ မင်းပြန်တွေးဦး။ မင်းအသက်တွေလဲ တဖြေးဖြေး ကြီးလာနေပြီ။ အခု မင်းကို ငါကြည့်ကြည့်တာ အားမရဘူး လူလေးဟု ကျွန်ုပ်အား အဖေက သတိပေးသလိုလိုဖြင့် ပြောလေ၏။

အမေက စကားဖြတ်ရင်း ဒါနဲ့ ... နင့် အမယောက်ကျားကို ထိုင်းကို ခေါ်မယ်ဆိုရင် လမ်းစရိတ်က သူတို့ ဘယ်က ရမှာလဲဟု ပြန်မေးလေ၏။
ကျွန်ုပ်လဲ ခပ်ဝေးဝေးကို လှမ်းမျှော်ငေးလိုက်ရင်း မသိပါဘူး အမေရယ်ဟု ပြန်လည် ပြောလိုက်မိ၏။ အဖေက အေးပေါ့ကွာ...။ ကြည့်လုပ်ကြပေါ့ကွာ။
တစ်ခါသေဖူး ပျဉ်ဘိုးနားလည် ဆိုတဲ့ စကားရှိတာပဲ။ မင်းလဲ နိုင်ငံတကာ ပတ်နေတဲ့ အကောင်ပဲ။ ငါတို့ထက် ပိုပြီး နားလည်မှာပါဟု ပြောဆိုကာ ထထွက်သွား၏။
အမေက နင့်ဖေဖေပြောတဲ့ စကား မမေ့နဲ့နော်ဟု သတိထပ်ပေး၏။ ဟုတ်ကဲ့ပါ အမေရယ်ဟု ကျွန်ုပ် ပြန်ပြောလိုက်ရာ အမေက အေးပါ... ငါက နင့်အတွက် စိတ်ပူလို့ ပြောတာ။
နင်က နင့်အမတွေနဲ့ တွေ့ရင် စကားသုံးလေးခွန်းတောင် ဟိုက မပြောလိုက်ရဘူး။ နင်က အကုန်လိုက်လုပ်ပေးတော့တာဟု ပြောလေ၏။

ကျွန်ုပ်သည် ထိုင်းနိုင်ငံသို့ ပြန်လည် ထွက်ခွါလာခဲ့ပြီ ဖြစ်၏။ ခရီးစဉ်မှာ တစ်လတိတိ အချိန် ကြာမြင့်ခဲ့၏။
ကျွန်ုပ်၏ ပိတ်ထာခဲ့သော ဗေဒင်ဟောခန်းကလေးကိုလဲ ပြန်ဖွင့်လိုက်ပြီ ဖြစ်၏။
ကျွန်ုပ်ထံတွင် ဗေဒင်မေးသော ဖောက်သည်များကလည်း ဖုံးတတီတီ ခေါ်ဆိုကာ စုံစမ်းပြီး ရောက်လာကြပြီ ဖြစ်၏။ အားလုံးသည် ပုံမှန်အတိုင်း လည်ပတ်နေပြီ ဖြစ်၏။
ကျွန်ုပ်၏ ဗေဒင်ဟောခန်းတွင် ဗေဒင်လာရောက် မေးကြသူများ အင်တာနက်မှ ဟောစာတမ်း မှာကြားသူများ စသည်ဖြင့် ပုံမှန် အလုပ်များကို တစ်ခုပြီးတစ်ခု မအားနိုင်အောင် လုပ်နေရတော့၏။ ကျွန်ုပ်သည် အထက်ပါအတိုင်း အလုပ်ပြီး အလုပ် အလုပ်ပြီးတော့ နောက်ထပ် အလုပ် စသည်ဖြင့် အလုပ်ထဲတွင် စိတ်နစ်ဝင်နေတော့၏။
အရာအားလုံးကို မေ့ပျောက်နေ၏။ ထို့ကြောင့် ကျွန်ုပ်၏ စိတ်အစဉ်သည် ပကတိ အေးချမ်းနေ၏။ ပျော်ရွှင်နေ၏။ တက်ကြွနေ၏။
ထိုအချိန်တွင် ကျွန်ုပ်၏ တည်ငြိမ်နေသော စိတ်ကို လှုပ်ခပ်သွားသော အကြောင်းအရာ တစ်ခု ပေါ်ပေါက်လာလေတော့၏။
ထိုအရာမှာ ကျွန်ုပ် အမဖြစ်သူထံသို့ ဖုန်း ဆက်လာခြင်း ဖြစ်၏။
(မောင်လေး မမပါဟု စတင်ကာ သူ့ယောက်ကျား ကျွန်ုပ်၏ ယောက်ဖကို လမ်းစရိတ် စိုက်ပြီး ထိုင်းကို ခေါ်ဖို့ အကြောင်းအရာများကို ရေပက်မ၀င် ပြောလေတော့၏)

အမှန်အတိုင်း ပြောဆိုရပါမူ ထိုအချိန်က ကျွန်ုပ်၏ လက်ထဲတွင် သူတို့ကို ငွေစိုက်ပြီးခေါ်ဖို့ ငွေကြေးအဆင်သင့် မရှိပါ။ ထို့ကြောင့် ကျွန်ုပ်က အေးပါဟာ.. ငါ စီစဉ်ပေးပါ့မယ်။
 နည်းနည်းတော့ စောင့်ပေးပေါ့ဟု ပြန်ပြောလိုက်ရာ ကျွန်ုပ်၏ အမဖြစ်သူက ဒီလို လုပ်ပါလားဟာ..။ နင် အဲဒီမှာ အတိုးလေး ဘာလေးနဲ့ နဲနဲပါးပါး ဆွဲကြည့်ပါလား။
သူတို့ ထိုင်းရောက်တော့လဲ အလုပ်လုပ်ပြီး ပြန်လုပ်စပ်ခိုင်းလို့ ရတာပဲဟု ပြန်ပြောလေ၏။ ထိုအခါ ကျွုန်ပ်က မလုပ်ပါနဲ့ဟာ..။ ငါ ထိုင်းမှာ နေတာကြာပြီ။ အခုလို သူများဆီက ငွေချေးရတယ်ဆိုတာ တစ်ခါဘူးမျှတောင် မရှိသေးပါဘူး။
ဘယ့်နှယ့် ဗေဒင်ဆရာ အကြွေးတင်တယ်လို့ အပြောမခံနိုင်ပါဘူးဟု ပြန်ပြောလိုက်လေရာ ကျွန်ုပ်၏ အမက ဟယ်... မောင်လေးကလဲ ခနလေးပဲဟာ။ ပြီးတော့ ဒီပတ်ဆံက နင် ပြန်ပေးရတာလဲ မဟုတ်ဘဲနဲဟု ပြန်ပြောလေ၏။
အထက်ပါအတိုင်း ကျွန်ုပ်၏ အမဖြစ်သူမှ မကြာခနဆိုသလို ဖုန်းဆက်ဆက်လာပြီး အပူပေးလေတော့၏။ ၎င်းက အပူကို ပေး၏။
 ကျွန်ုပ်က ၎င်းပေးသော အပူကို လက်ခံရယူ၏။ ဤသို့အားဖြင့် ကျွန်ုပ်သည်လည်း အပူသည်ကြီးတစ်ဦး ဖြစ်မှန်းမသိ ဖြစ်လာလေတော့၏။

အစတုန်းက ထိုင်းကို အလုပ်လာလုပ်မည်ဟု ပြောတာ အမယောက်ျား တစ်ဦးတည်း ဖြစ်၏။
နောက်တစ်ကယ့်တကယ် စီစဉ်သောအခါ တစ်ဝမ်းကွဲ နှမတစ်ဦး၏ ယောက်ျား ယောက်ဖတစ်ဝမ်းကွဲ တစ်ဦးလဲ ပါလာလေ၏။
အစီအစဉ်မှာ ကျွန်ုပ်၏ အမ ပြောသကဲ့သို့ ဖြစ်သွားခဲ့၏။ ထိုအချိန်က မြ၀တီလမ်းမှ (MOU) ခေါ် အလုပ်သမား ပတ်စပို့များနှင့် တက်လာလို့ ရသောအချိန် ဖြစ်၏။
 ပိုက်ဆံကို ထုပ်ချေးမည့်သူများကလဲ အဆင်သင့် အနီးအနားတွင် ရှိ၏။ ထိုပိုက်ဆံ ကူညီပေးသော သူများကလည်း မပေးခင်တုန်းက လွန်စွာ ဂရုဏာစကား ပြောတတ်သူများ ဖြစ်၏။
ကူညီလိုက်ပါ ဆရာရယ်။ ကိုယ့်အမပဲ။ ကိုယ်ယောက်ဖပဲ။ ကူညီပေးတာ ကုသိုလ်ရပါတယ်။ လုပ်ပေးလိုက်ပါ။ ဒီမှာ ပိုက်ဆံအတွက်တော့ ဘာမျှ စိတ်မပူနဲ့။
ကျွန်မတို့ ထုတ်ပေးမယ်။ ဆရာ့ကိုတော့ ယုံပြီးသားပဲလေ။ သူများကိုချေးတဲ့ နှစ်ဆယ်တိုးတောင် မယူဘူး။ ဆယ့်နှစ်ကျပ်တိုးဘဲ ယူမယ်။ အဲဒါ လျှော့ပေးထားတာနော်။ အဲဒီအတိုးမျိုးနဲ့ ထိုင်းမှာ ဘယ်မှ သွားမရှာနဲ့ မရနိုင်ဘူး။ ကူညီလိုက်ပါ ဆရာရယ်။ ဆရာ ပိုက်ဆံကို ဘယ်နေ့လောက် ယူချင်လဲ။
ကျွန်မလာပို့ပေးမယ်ဟု ရွန်းရွန်းဝေအောင် ပြောသောကြောင့် ကျွန်ုပ်လည်း စိတ်ထဲတွင် အော် သူ့ကံနဲ့ သူ အဆင်ပြေချင်တော့လဲ ပိုက်ဆံ ထုပ်ပေးမယ့်လူကလည်း အဆင်သင့် ရှိနေတယ်။ လုပ်ပေးလိုက်တာ ကောင်းမယ်ထင်ပါတယ်။ ကိုယ်လဲ ဘာလုပ်ပေးရတာ မှတ်လို့။
ဒီအမျိုးသမီးဆီက ပိုက်ဆံကို ယူပြီး ပတ်စပို့ပွဲစား တစ်ဦးဦးဆီမှာ အပ်ပေးလိုက်ရင် ရတာပဲဟု လွယ်လွယ်ကူကူပင် တွေးလိုက်မိရင်း စိတ်မြန်သော ကျွန်ုပ်၏ ပင်ကိုယ်ဗီဇအရ ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်မိ၏။

ဤသို့အားဖြင့် ကျွန်ုပ်သည် ကျွန်ုပ်၏ ချစ်လှစွာသော ယောက်ဖနှစ်ယောက်အတွက် လမ်းစရိတ်အဖြစ် ထိုင်းဘတ်ငွေ တစ်ယောက်လျှင် နှစ်သောင်း၊ နှစ်ယောက်အတွက် လေးသောင်းဘတ်တိတိကို ဆယ့်နှစ်ကျပ်တိုးဖြင့် လက်ခံ ရယူလိုက်ပြီး ရွာသို့ ဖုန်းဆက်လိုက်ကာ အမအား အေး နင့်ယောက်ကျားတို့ကို ဒီတစ်ရက်နှစ်ရက်အတွင်း မြ၀တီကို တက်လာ ခိုင်းလိုက်ပေတော့ဟု လှမ်းပြောလိုက်လေတော့၏။
 မိတ်ဆွေများခင်ဗျား... ကျွန်ုပ်၏ ချိုမြိန်လှစွာသော စနေသက်ရောက် ဘ၀ပျက်ကိန်း အရသာကလေးသည် ထိုရက်မှ စတင်ရေတွက်လိုက်ပါက တစ်လအတွင်း ကောင်းစွာ ထင်သာမြင်သာအောင် အကျိုးပေးပါလေတော့၏။

ကျွန်ုပ်၏ အမယောက်ကျားနှင့် နှစ်မတစ်ဝမ်းကွဲ ယောက်ကျားများလဲ မြ၀တီမြို့သို့ ရောက်ရှိလာကြပြီ ဖြစ်၏။ ကျွန်ုပ်က ပတ်စပို့လုပ်ပြီး ကျွန်ုပ်ရှိရာ ထိုင်းနိုင်ငံ မဟာချိုင်မြို့သို့  အရောက်ပို့ပေးမည့် ပွဲစားတစ်ဦးနှင့် ချိတ်ဆက်ပြီးလျှင် ၎င်းတို့ကိစ္စအား အပ်နှံထားလိုက်ပြီးလျှင် စိတ်အေးသွားရ၏။ ထိုပတ်စပို့ပွဲစားမှ အမြန်နှင့် လုပ်ပေးမည်ဟု ပြော၏။ အာမခံ၏။ ကျွန်ုပ်ကလည်း အမြန်ဆိုရင် ပိုကောင်းတာပေါ့ဟု ပြန်ပြောလိုက်၏။

ဤသို့အားဖြင့် ပွဲစားက တစ်ပါတ်အတွင်း အပြီး လုပ်ပေးမည်ဟု  ပြောဆိုသော်လည်း အမှန်အားဖြင့် ကျွန်ုပ်၏ ယောက်ဖတော်နှစ်ဦးသည် မြ၀တီမြို့တွင်
ယောင်တောင်တောင်ဖြင့် သောင်တင်နေသည်မှာ နှစ်လခန့် ရှိနေပြီ ဖြစ်၏။
၎င်းတို့၏ စားဝတ်နေရေးအတွက် ကျွန်ုပ်မှ မကြာခန ဆိုသလို ပိုက်ဆံ ပို့ပို့ပေးရ၏။
ကျွန်ုပ်နှင့် ရင်းနှီးသော မိတ်ဆွေများအထံတွင် အပ်နှံထားပေးထားသောကြောင့် ထိုမိသားစုမှ ကြည့်ရှု့စောင့်ရှောက်ပေးကြသောကြောင့်သာ တော်သေး၏။
ထိုနှစ်လအတွင်း ကျွန်ုပ်သည် လူကသာ မဟာချိုင်မြို့တွင် ရှိနေ၏။
 မြ၀တီမြို့မှ (M.O.U) ပတ်စပို့ ပွဲစားများအကြောင်း ၊ ရည်ရွယ်ချက် ရည်မှန်းချက် ကြီးမားစွာ ထိုင်းနိုင်ငံသို့ တက်လာကြသော မြန်မာပြည်သားများ မြ၀တီမြို့တွင် သောင်တင်နေကြ၍ ဒုက္ခရောက်နေကြသည့် အကြောင်းအရာ မျိုးစုံကို တစ်နေ့တစ်မျိုး မရိုးနိုင်အောင် ကြားနေရတော့၏။
 နောက်ဆုံးတွင် ကျွုန်ပ်၏ ယောက်ဖနှစ်ယောက်သည်လည်း အများနည်းတူ ပွဲစား၏ လိမ်လည် လှည့်ဖျားမှုကို ခံလိုက်ရလေတော့၏။
ထို့ကြောင့် မြ၀တီမြို့သို့ နှစ်လကြာ အလည်အပတ် ထွက်လာသည်ဟု သဘောထားလေသည်လား မသိ။
၎င်းတို့နှစ်ဦးသည် ကျွန်ုပ်ကိုတောင် ဖုန်းဆက်အကြောင်းကြားခြင်း မရှိပါပဲ မြ၀တီမြို့မှ ဧရာဝတီသို့  အောင်မြင်စွာ ပြန်လည် ထွက်ပြေးသွားကြလေတော့၏။
 နောက်တစ်နေ့တွင် ကျွန်ုပ်၏ မိတ်ဆွေများကို ဖုန်းဆက်မေးကြည့်မှ အကြောင်းရင်းမှန်ကို သိလိုက်ရတော့၏။

ကျွန်ုပ်သည် ထိုနေ့မှစ၍ ကိုယ့်ဘာသာနေရင်းထိုင်ရင်း အလိုလို ထိုင်းဘတ်ငွေ ၄၀၀၀၀-လောက် အကြွေးတင်သွားတော့၏။
ထိုအကြွေးကို ကျွန်ုပ် ပြန်လည် ပေးဆပ်ရမည် ဖြစ်ကြောင်း ချိုမြိန်စွာ ကူညီပေးခဲ့သော အမျိုးသမီးက ကျွန်ုပ်အား ပြော၏။ ကျွန်ုပ်ကလည်း အင်းပါဗျာ...။
 ကျွန်တော် တာဝန်ယူထားတာ ကျွန်တော် ပြန်ပေးမှာပေါ့ဟု ပြန်လည် အာမခံရ၏။
 ထိုအမျိုးသမီးကလည်း ဆရာအာမခံတယ်ဆိုရင် ကျွန်မ စိတ်အေးသွားပြီဟု ပြန်ပြော၏။ ခင်ဗျားကတော့ စိတ်အေးသွားပြီ။ ကျုပ်ကတော့ စိတ်ပူရပြီဟု ပြန်ပြောလိုက်မိ၏။

ထိုနေ့မှအစပြု၍ ကျွနုပ်သည် လစဉ်လစဉ် အတိုးငွေ ဘတ်-၄၀၀၀ကျော် ပေးနေရ၏။ ကျွန်ုပ်အတွက် ကိုယ်ရေးကိုယ်တာ အသုံးစရိတ်များလဲ ရှိသည်ဖြစ်ရာ အရင်းကို လုံးဝ မပေးနိုင်ပဲ အတိုးကိုသာ ပုံမှန် ပေးဆပ်နိုင်အောင် ကြိုးစားရလေတော့၏။
 မည်သို့ပင် ကြိုးစားအားထုပ်စေကာမူ ကြာလာသောအခါ ကျွန်ုပ်၏ စိတ်သည် ယိမ်းယိုင်လာလေ၏။ ငါလဲ တစ်ပြားမှ မသုံးမစွဲလိုက်ရဘဲ ဘာဖြစ်လို့ ငါက ဒီအကြွေးတွေကို ဆပ်နေရတာလဲဟု ပြန်ပြီး တွေးမိ၏။
ထိုအတွေး ကျွန်ုပ်၏ ဦးခေါင်းအတွင်း ၀င်ရောက်လာသည်နှင့် ကျွန်ုပ်၏ စိတ်အစဉ်သည် ချက်ချင်းဆိုသလို ရွာတော့မည့် မိုးကဲ့သို့ ညှိုးချုံးကြသွားတော့၏။ ခြေလက်များ လုံးဝ မသယ်ချင်အောင် ဖြစ်သွားရ၏။ မည်သို့ပင် ပြန်လည် ထိမ်းသိမ်း အားတင်းစေကာမူ ကျွန်ုပ်၏ စိတ်သည် တဖြေးဖြေးချင်း စိတ်ဓာတ်ကျလာ၏။ ဤနေရာတွင် တစ်ခု ပြောလိုသည်မှာ မိမိကိုယ်ကို မိမိ စိတ်ဓတ် ကျမှန်းမသိ ကျနေသော အဖြစ်အပျက် ဖြစ်၏။ ကိုယ့်ကိုကိုယ်တော့ ငါက စိတ်ဓတ် မာကြောတယ်ဟု၊ တော်ရုံတန်ရုံ စိတ်ဓာတ် မယိမ်းယိုင်တတ်ဘူး။ တည်ငြိမ်တယ်ဟု မာန်တင်းထားသော်လည်း အတွင်း စိတ်ထဲတွင် တဖြေးဖြေးချင်း ယိုယွင်းနေ၏။

အထက်ပါအတိုင်း ဖြစ်ပါက ပြင်ပန်း အမူအရာများကို အကဲခတ်၍ မရနိုင်သော်လည်း မိမိဘာသာ တစ်ယောက်တည်း  အေးအေးဆေးဆေး သတိထားကြည့်လိုက်ပါက ကိုယ့် စိတ်ဓာတ် ပျင်းယွင်းသော အမူအရာများကို ကိုယ် ပြန် သတိထားမိတော့၏။
အလုပ် လုပ်ရတာ ဟာမိုနီ မကိုက် ဖြစ်လာ၏။ တစ်ခါတစ်လေ ကိုယ် ဘာလုပ်လို့ လုပ်နေမိမှန်း မသိ ဖြစ်လာ၏။
လုပ်တာက တခြား စိတ်က တခြား ဖြစ်နေပြီး ခေတ္တခနအကြာမှ ငါဘာလုပ်နေမိတာ ပါလိမ့်ဟု အတွေးဝင်လာ၏။
 ပြီးလျှင် တစ်ယောက်တည်း ကြောင်တောင်တောင် ဖြစ်သွား၏။ အထက်ပါအတိုင်း စိတ်ကစဉ်ကလျား ဖြစ်သည်ကို သတိထား ကြည့်မှ သိသာ၏။
အပြင်က ကြည့်လိုက်ရင်တော့ ပုံမှန်ပင် ။ နေမြဲတိုင်း စားမြဲတိုင်း အလုပ်လုပ်မြဲတိုင်း ဖြစ်၏။ တခြားလူများကပင် ဆရာတို့များ အေးဆေးပဲနော်...။ ဘယ်အချိန် ကြည့်လိုက်ကြည့်လိုက် အရမ်း အေးချမ်းတာပဲဟု ပြောကြလေ၏။

ကျွန်ုပ်သည် အထက်ပါအတိုင်း အတွင်းစိတ် ကစဥ့်ကလျဲ ဖြစ်လာသောကြောင့် နေမထိ ထိုင်မရ ဖြစ်လာသောကြောင့် နောက်ဆုံးတွင် စိတ်ပြေလက်ပျောက် သဘောဖြင့်
သူငယ်ချင်းတစ်ဦးရှိရာ မြို့ကလေးတစ်မြို့သို့ ခရီးထွက်ခဲ့တော့၏။ ထိုသူငယ်ချင်းမှာလဲ ကျွန်ုပ်နှင့် မှော်ဘီ မရမ်းတလင်းတော့ အယူတော်မင်္ဂလာခြံတွင် နှစ်ပေါင်းများစွာ
အတူနေထိုင်ခဲ့ပြီး ယခုအခါ ဗေဒင်ဟောခန်း ဖွင့်လှစ်ထားသူ ဖြစ်၏။ အောင်လဲ အောင်မြင်နေသူ ဖြစ်၏။
ထိုသူငယ်ချင်းနှင့် ကျွန်ုပ်သည် အချိန်တော်တော် များများ စကားပြောဖြစ်ကြ၏။ များသောအားဖြင့် ရှေးဟောင်း နှောင်းဖြစ်များကို ပြောဖြစ်၏။
အယူတော်မင်္ဂလာခြံကို လွမ်းသည့် အကြောင်း အရင်တုန်းက အတူ အလုပ်လုပ်ခဲ့ကြတာတွေကို ပြန်လည် ပြောဆိုဖြစ်ကြ၏။ ယတြာအကြောင်းများလဲ ပါ၏။ ပညာရပ်များ အကြောင်းလဲ ပါဝင်၏။ သူငယ်ချင်းနှင့် ကျွန်ုပ်သည် အချိန် တော်တော်ကြာကြာ စကား ပြောဖြစ်၏။ ညည့် နှစ်နာရီသုံးနာရီလောက်မှ အိပ်ဖြစ်ကြ၏။
ထိုသို့စကားပြောဆိုကြရင်း ကျွန်ုပ်က ကျွန်ုပ်၏ ဖြစ်စဉ်အကုန်ကို သူငယ်ချင်း ဖြစ်သူအား ခရေစေ့တွင်းကျ ပြောပြဖြစ်၏။
ထိုအခါ သူငယ်ချင်း ဖြစ်သူက စီးကရက်တစ်လိပ်ကို အသာအယာ မီးညှို့ရှိုက်ဖွာလိုက်ရင်း နှုတ်ခမ်းကို မသိမသာတွန့်ရင်း ပြုံးလိုက်၏။ မှေးစင်းသော မျက်လုံးများနှင့် ကျွန်ုပ်ကို ကြည့်လိုက်ကာ... စီးကရက်မီးခိုးများကို ကောင်းကင်ပေါ်သို့ မှုတ်ထုပ်လိုက်ကာ...

ဒီလိုရှိတယ် သူငယ်ချင်းရဲ့။ ငါတို့ဘ၀မှာ ဒုက္ခဆိုတဲ့ အရာကို လူတိုင်းတော့ မလွဲမသွေ ရှောင်လွဲလို့ မရ ကြုံရ ဆုံရတာကတော့ သဘာဝပါပဲ။
အဲဒီဒုက္ခမှာ အမျိုးအစား နှစ်မျိုးနှစ်စား ထပ်ကွဲသွားတယ်ကွ။ အဲဒါက ဘာလဲဆိုတော့ နဂိုဒုက္ခနဲ့ အပိုဒုက္ခဆိုပြီး နှစ်မျိုးနှစ်စား ကွဲသွားတယ်။
 နဂိုဒုက္ခဆိုတာကတော့ မဖြစ်မနေ ရင်ဆိုင်ရမယ့် ဒုက္ခမျိုးပေါ့ကွာ။ ဥပမာတစ်ခု မင်းကို ပြောမယ်ကွာ။ မင်းတို့ ထိုင်းမှာ နေတဲ့လူတွေ ပတ်စပို့ ရိုက်ရမယ်ဆိုပါတော့ ။
ပတ်စပို့ ရိုက်တဲ့အခါ ဘတ်တစ်သောင်းကုန်မယ် တစ်သောင်းခွဲကုန်မယ် ဆိုကြပါစို့။ လူတစ်ယောက်က ပိုက်ဆံ မရှိဘူး။ ပိုတ်ဆံမရှိဘူးဆိုပြီး သူက ပတ်စပို့ မရိုက်လို့ မရဘူးကွ။
အဲဒီ ပတ်စပို့ရိုက်ဖို့ ကုန်ကျစရိပ်ကို သူ မရရအောင် ရှာဖွေပြီး ပတ်စပို့ ရိုက်ရမယ်။ အဲဒီလို ပိုက်ဆံရှာတဲ့နေရာမှာ အကြွေးလဲ တင်ချင်တင်သွားမှာပေါ့။ သူမှာမှ မရှိတာပဲ။
အဲဒီလို ဒုက္ခကတော့ နဂိုဒုက္ခလို့ ခေါ်မယ်ထင်တယ်။ မဖြစ်မနေ ရင်ဆိုင်ရမယ့် အခြေအနေ တစ်ခု ဖြစ်လို့ပဲ။

နောက်တစ်ခုကတော့ အပိုဒုက္ခလို့ ခေါ်တာပေါ့ကွာ။ အခု မင်းကြုံရတဲ့ ဒုက္ခမျိုးပေါ့။ အမှန်တကယ်က မင်းအနေနဲ့ မကူညီရင်လဲ ရတယ်ကွ။
ဒါပေမယ့် မင်းအနေနဲ့ ကူညီပေးချင်တယ် ဆိုရင်လဲ သူတို့အတွက် လမ်းစရိတ် ကုန်ကျစရိတ် လုံလုံလောက်လောက် ရှိနေတယ်ဆိုရင်တော့ ကူညီသင့်တယ်ကွ။
ဆွေမျိုးသားချင်းကို ကူညီတာ ညာတကာနဉ္စ သင်္ဂဟော ဖြစ်တာပဲ။ ကူညီတာ ကောင်းပါတယ်။
 ဒါပေမယ့် အခု မင်းကူညီလိုက်တာက အပို ဒုက္ခကို ငွေတိုးနဲ့ ချေးပြီး ၀ယ်ယူလိုက်တာနဲ့ အတူတူပဲ ဖြစ်နေတယ်ဟု ကျွနိုပ်အား အားမနာ ပါးမနာ ပြန်ပြောလေ၏။
ထိုအခါ ကျွန်ုပ်က...

အေးကွာ။ အခုတော့ ဖြစ်ပြီးပြီဆိုမှတော့ ဘယ်လို လုပ်ရပါ့မလဲ။ ငါ တာဝန်ယူထားတာ ငါ ဖြေရှင်းရမှာပေါ့။ ငါ့ စိတ်ကလဲ မရပါဘူးကွာ။
အခုလို ညည်းတွားပြီး အကူအညီတောင်းလာရင် မပေးလိုက်ရမှာကိုတောင် စိတ်မကောင်း ဖြစ်နေတာကွ။ အဲဒါ ဘယ်လို လုပ်ရမလဲဟု ပြန်ပြောလိုက်ရာ သူငယ်ချင်းက ...

ပြတ်သားရမှာပေါ့ကွ။ ပြတ်သားရမှာပေါ့။ ဘ၀ခရီးကို လျှောက်လှမ်းနေရတဲ့ အချိန်မှာ ပြတ်သားရမယ့် ကိစ္စဆိုရင် အသက်နဲ့လဲပြီး ပြတ်သားပစ်ရမယ်။
 ဒီကိစ္စကို ဆောင်ရွက်လို့ အပိုဒုက္ခတွေ ကြုံလာနိုင်တယ်ဆိုရင် ရှောင်ရမှာပေါ့။
ရှောင်ရမယ်ဆိုရင်လဲ လုံးဝကို ကိုယ့်ရဲ့ ဆုံးဖြတ်ချက်ကို မပြင်မဆင်ပဲ ခိုင်ခိုင်မာမာ ရပ်တည်ပြီး ရှောင်ရမယ်။ တရေးနိုးလာနှိုးပြီး ပြောရင်လဲ ရှောင်ရမယ်။
ဘယ်အချိန် လာပြောပြော ဒါကို ငါ မလုပ်ဘူး။ တာဝန်မယူဘူးလို့ စိတ်ဆုံးဖြတ်ထားရင် အဲဒီ ဆုံးဖြတ်ချက်အတိုင်းပဲ ရပ်တည်ရမယ်ကွ။
အဲဒီလိုမှ မဟုတ်ဘူး ဆိုရင် မင်းလျှောက်လှမ်းနေတဲ့ ဘ၀ခရီးလမ်းမှာ ဘာတိုးတက်မှုမျိုးမှ တွေ့လာနိုင်မှာ မဟုတ်ဘူးဟု ပြောပြလေ၏။ ထိုအခါ ကျွန်ုပ်က ဆက်လက်ပြီး..

အကြွေးတွေများနေတာ ဘယ်လို လုပ်ရမလဲဟု ပြန်မေးလိုက်၏။
ထိုအခါ သူငယ်ချင်း ဗေဒင်ဆရာက အကြွေးများတော့ ဆပ်ပေါ့ကွဟု တုံးတိတိ ပြန်ပြောလိုက်ရင်း သူ၏ စကားကို သူကိုယ်တိုင် သဘောကျသွားသည်လား မသိ တဟားဟား အော်ရယ်လေတော့၏။ ၎င်း၏ ရယ်သံကို ကြားလိုက်ရသော ခနတွင် ကျွန်ုပ်သည်လည်း ရယ်ချင်စိတ်များ ဖြစ်ပေါ်လာ၏။
ထို့ကြောင့် တဟားဟား အော်ရယ်နေသော သူငယ်ချင်း ဗေဒင်ဆရာ၏ မျက်နှာကို ကြည့်လိုက်ကာ ကျွန်ုပ်လဲ တဟားဟား အော်ရယ် ပစ်လိုက်တော့၏။
ထို့နောက် ကျွန်ုပ်က ယတြာတို့ အဓိဋ္ဌာန်တို့ ပြောတာလေကွာဟု ပြန်ပြောလိုက်၏။
ထိုအခါ သူငယ်ချင်း ဗေဒင်ဆရာလဲ ကျွန်ုပ်ကို အံ့သြတကြီး မျက်လုံးကြီးများဖြင့် စိုက်ကြည့်လိုက်ကာ...

မင်းကလဲ တော်တော်ရယ်ရတဲ့ ကောင်ပဲ။
ကိုယ်ကိုယ်တိုင်က ဗေဒင်ဆရာ တစ်ယောက် လုပ်နေပြီး ကိုယ် သူငယ်ချင်း ဆရာတူတပည့် ဗေဒင်ဆရာဆီမှာ ယတြာ ပြန်တောင်းရတယ်လို့ကွာ။
ငါကလဲ ဗေဒင်ဆရာ အချင်းချင်း ယတြာပြန်ပေးရမယ်လို့ ။ မင်းနဲ့ငါဟာ အတော့်ကို ရယ်စရာ ကောင်းနေပြီဟု ပြောကာ အူလှိုက်သဲလှိုက် ရယ်မောလေတော့၏။
 ကျွန်ုပ်လဲ ၎င်းနှင့်အတူ လိုက်ပါရယ်မောလိုက်ရင်း...

ဒီလိုပါ သူငယ်ချင်းရာ။ ငါလဲ ငါကိုယ်တိုင်ဆိုတော့ ဘာလုပ်လို့ လုပ်ရမှန်းကို မသိတော့လို့ပါဟု ပြန်ပြောလိုက်လေရာ... သူငယ်ချင်းက

အေး...။ ဒါဆိုရင်တော့ မင်းဟာ ငါတို့ ဆရာသခင် သင်ပေးထားခဲ့ဘူးတဲ့ (ဗလာ) ကျင့်စဉ်ကို မကျင့်လို့ပဲ။
လူတစ်ယောက်ဟာ ဘယ်သူတွေပဲ ဖြစ်ဖြစ် ဘာလုပ်လို့ လုပ်ရမှန်း မသိတော့ဘူး။ ဘာအကြံညာဏ်မှ မထွက်တော့ဘူးဆိုရင် အေးချမ်းတဲ့ နေရာလေး တစ်နေရာမှာ ငြိမ်ငြိမ်လေး ထိုင်ရတယ်။ ပြီးတော့ ကိုယ်ခန္ဓာကိုယ် တစ်ခုလုံးမှာ ရှိတဲ့ အကြောတွေကို လျှော့ချထားလိုက်။
 ပြီးတော့ မျက်လုံးကို မှိတ်လိုက်ရမယ်။ ပြီးရင် ကိုယ့်စိတ်ထဲမှာ အင်မတန် နက်တဲ့ တောအုပ်ကြီး တစ်ခုထဲကို ရောက်သွားပြီလို့ အာရုံပြုရမယ်။
အဲဒီတောအုပ်ကြီးထဲမှာ ရေကန်ကြီးတစ်ကန် ရှိတယ်။ အဲဒီ ရေကန်ကြီးကလဲ ရေတွေဟာ ဘောင်ဘင် မခတ်ဘူး။ ငြိမ်သက်နေတယ်။
အဲဒီလို ရေကန်ပေါ်ကနေ ဖြတ်တိုက်လာတဲ့ လေနုအေးလေးတွေကလဲ အေးလိုက်တာ။ အဲဒီတော့ မင်းဟာ တောအုပ်ကြီး တစ်ခုထဲကို ရောက်နေတယ်။
 ရေကန်ဘေးမှာ ထိုင်နေတယ်။ အေးတယ် ညိမ်တယ် - အေးတယ် ငြိမ်တယ်လို့ အာရုံပြုရမယ်။

နောက်တစ်ဆင့်က အမြင့်တစ်နေရာကို မင်း ရောက်နေပြီလို့ အာရုံပြုရမယ်။ မင်းက အမြင့်တစ်နေရာကို ရောက်နေပြီဆိုတော့ ဟိုး.... အောက်က မင်းမြင်ရတဲ့ အရာဝတ္ထုတွေအားလုံး သေးသေးလေးတွေပေါ့ကွာ။ မင်း စိတ်ထဲမှာ အမြင့်တစ်နေရာ ရောက်နေပြီလို့ အာရုံပြုရမယ်။
 ပြီးရင် ဆက်ပြီး ညိမ်ညိမ်လေး ထိုင်နေရင်း အေးတယ် ငြိမ်တယ် အမြင့်တစ်နေရာ ရောက်နေပြီ ညွန်ကြားချက်ပေးပါလို့ အာရုံပြုပြီး တောင်းရမယ်။
အဲဒီလို နေ့စဉ်ပုံမှန် အချိန်မှန်လေး ထိုင်ပေးနေတာနဲ့ ရက်ပိုင်းအတွင်း မင်းလုပ်ရမယ့် အကြောင်းအရာ ကိစ္စတွေ ပေါ်လာလိမ့်မယ်လို့ ငါတို့ရဲ့ အဘက သင်ပေးထားတဲ့ ကျင့်စဉ် ရှိတယ်လေ။ မင်း မလုပ်လို့ ဖြစ်မှာပေါ့။ ငါကတော့ အမြဲတမ်း လုပ်တယ်ကိုယ့်လူဟု ပြန်ပြောလေ၏။
ကျွန်ုပ်လဲ အေးပါ သူငယ်ချင်းရယ် စိတ်ညစ်တဲ့ အချိန်ဆိုတော့လဲ မလုပ်ဖြစ်ဘူး။ လုပ်ဖို့ စိတ်မပါဘူးဆိုတာ ငါ ၀န်ခံပါတယ်ကွာဟု ၀န်ခံလိုက်မိတော့၏။
ကျွနိုပ်သည် သူငယ်ချင်း ဗေဒင်ဆရာအိမ်တွင် သုံးလေးရက်ခန့် နေထိုင်ခဲ့ပြီးနောက် ထိုင်းနိုင်ငံ မဟာချိုင်မြို့သို့ ပြန်လာခဲ့လေတော့၏။
 ပြန်ခါနီးတွင် သူငယ်ချင်း ဖြစ်သူမှ ကျွန်ုပ်အား လွန်စွာ ဟောင်းနွမ်းဆွေးမြေ့နေသော မှတ်စုစာရွက် အပိုင်းလေး တစ်ပိုင်း လက်ဆောင်ပေးလိုက်လေ၏။
ထို့နောက် သူငယ်ချင်းက အဲဒီ စာရွက် အဟောင်းလေးက မင်းကို လမ်းပြပေးနိုင်မှာပါကွာ ဟု ပြောဆို နှုတ်ဆက်ကာ ကျန်ခဲ့လေတော့၏။
ကျွန်ုပ်သည် သူငယ်ချင်းပေးလိုက်သော မှတ်စုစာရွက် အဟောင်းလေးကို အသာအယာ ဖြန့်ကြည့်လိုက်သောအခါ ....အောက်ပါနည်းကို အတိုချုပ် ရေးထားခြင်း ဖြစ်၏။

ထိုနည်းကို ကျွန်ုပ်လည်း ကောင်းစွာ သိထားသောနည်း ဖြစ်၏။ ထိုနည်းက သိသူ တော်တော်များများ ရှိကြ၏။
 ရသေ့ကြီးဦးခန္တီ၏ ငွေလုပ်စက်ဟူ၍ တောင် တင်စား ခေါ်ဝေါ်ကြကုန်၏။
ထိုနည်းကို ကျွန်ုပ်တို့၏ အဘမင်းသိင်္ခ တရားဝင် သင်ပြပေးခဲ့သော အချိန်ကာလမှာ ဘဏ်တွင် အပ်နှံထားသော ငွေများ လုံးဝ ပြန်ထုပ်ယူ၍ မရသော အချိန်တုန်းက ဖြစ်၏။
 ထိုနည်းနှင့် အဘ ဆောင်ရွက်ခဲ့ကြောင်း လုပ်ပုံလုပ်နည်းများကို စနစ်တကျ ပြန်လည် သင်ကြားပေးခဲ့ခြင်း ဖြစ်၏။
ထိုနေ့တုန်းက အဘ ပြန်လာသောအချိန်တွင် ကျွန်ုပ်တို့ မှ အိုးစည်ဝိုင်းဖြင့် ဆီးကြိုခဲ့ကြခြင်း ဖြစ်၏။ အဘလဲ ပျော်ရွှင်သော အသံဖြင့် ဒီနည်းစနစ်အကြောင်း ပြောပြခဲ့ခြင်း ဖြစ်၏။
 ယခုအခါတွင် ကျွန်ုပ်၏ သူငယ်ချင်း ဖြစ်သူမှာ လွန်စွာကြာခဲ့ပြီး ဖြစ်သော မှတ်စုစာရွက် အဟောင်းအနွမ်းလေး တစ်ရွက်ကို ကျွန်ုပ်အား လက်ဆောင်ပေးရင်း ကျွန်ုပ်၏ မေ့လျှော့နေသော သတိကို ပြန်လည် လှုပ်နိုးပေးခဲ့တော့၏။

ကျွန်ုပ်သည် ထိုင်းနိုင်ငံ မဟာချိုင်မြို့သို့ ရောက်ရှိသောအခါတွင် ကျွန်ုပ်နှင့် ရင်းနှီးသော ဈေးဆိုင်တစ်ဆိုင်သို့ သွားကာ ကြေးလင်ပန်းတစ်ခု ၊
ကြေးစည်တစ်ခု ၀ယ်ယူလိုက်၏။ ထို့နောက် ခုံတစ်လုံးပေါ်တွင် ပုလင်း သုံးလုံး တင်၏။
ထိုပုလင်းသုံးလုံးနှင့် ကြေးလင်ဗန်းကို ထိကပ်ထားရ၏။ ထိုနောက် အောက်ပါ ဂါထာတော်ကြီးကို အစမှ အဆုံးထိတိုင်အောင် ရွက်ဆိုရ၏။
 ဂါထာဆုံးသောအခါ ငွေရပါစေ-ငွေဝင်ပါစေဟု ပါးစပ်မှ ရွတ်ဆို ဆုတောင်း၏။ ထို့နောက် ကြေးစည်ကို တစ်ချက် တီး၏။
ထို့နောက် ဂါထာပြန်ရွတ်၏။ ကြေးစည်တီး၏။ ဆုတောင်း၏။ ကျွန်ုပ်သည် တစ်နေ့လျှင် အနည်းဆုံး (၂၇) ခေါက် တိတိ ရွတ်ဆို၏။

ဒိဝါ တပတိ အာဒိစ္စော၊
ရတ္တိမာ ဘာတိ စန္ဒိမာ။
သန္နဒ္ဓေါ ခတ္တိယော တပတိ၊
ဈာယိ တပတိ ဗြဟ္မဏော။
အထ သဗ္ဗမဟာမဟောရတ္တိံ၊
ဗုဒ္ဓေါ တပတိ တေဇသာ။

အထက်ပါ နည်းစနစ်ကို ငွေကြေးအတွက် ပူပင်သောက များနေသူများ၊ အကြွေးတင်နေသူများ၊ မိမိ ပိုက်ဆံ ပြန်တောင်းမရသူများ၊
ထီပေါက် ချဲပေါက် လာဘ်လာဘ ၀င်လိုသူများ၊ အစရှိသော ငွေကြေးနှင့် ပါတ်သက်သော အပူသောက ကြုံတွေ့နေသူများ ဆောင်ရွက်သင့်ပါသည်။
 (မှတ်ချက် - အထက်ပါ နည်းစနစ်သည် နေ့ချင်းညချင်း ငွေကြေးကိစ္စ အဆင်ပြေစေသော နည်းစနစ်တော့ မဟုတ်ပါ။
ပုံမှန်အတိုင်း ဆောင်ရွက်သွားမည် ဆိုပါက မိမိ၏ ရှေးဘုန်းရှေးကံ ရှိသည့်အတိုင်း မုချ အဆင်ပြေ စေပါကြောင်း... စေတနာကောင်းဖြင့် ဖော်ပြပေးလိုက်ပါတယ်။)

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော

ဆရာဟိန်းတင့်ဇော် (ထိုင်းနိုင်ငံ၊မဟာချိုင်မြို့)

  • ဆရာဟိန်းတင့်ဇော်ရဲ့ ခွင့်ပြုချက်နဲ့ သူ့ရဲ့ အွန်လိုင်းစာမျက်နှာ www.heintinzaw.com ကနေ ကူးယူ ဖော်ပြပါတယ်။


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved