ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် ထူးကြီးကျေးရွာအုပ်စုမှာရှိတဲ့ မဟာသီဝံစေတီတော် အနီးမှာ လူပေါင်းများစွာဟာ ကားတစီးအလာကို မျှော်တလင့်လင့်နဲ့ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြတယ်။
“ဒုက္ခသည်တွေလွတ်မြောက်ရေး သာသနာရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက်ပြီးကူညီပေးခဲ့တဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ ဦးထွန်းရွှေ အား ထူးကြီးဒေသခံများက ဂုဏ်ပြုမှတ်တမ်းပေးအပ်စဉ်” ဓာတ်ပုံ- ဆလိုင်းသန့်စင်
မကြာခင်မှာပဲ ရန်ကုန် - ထူးကြီးပြေးဆွဲတဲ့ “အောင်ကျော်မိုး” လေအိတ်ကားကြီးက တငြိမ့်ငြိမ့်နဲ့ မောင်းဝင် လာပြီး ကော့သောင်းကပြန်လာတဲ့ ရွှေ့ပြောင်းလုပ်သားဒုက္ခသည်တွေ ကားပေါ်က ဆင်းလာချိန်မှာတော့ မဟာသီဝံစေတီနားတ၀ိုက်မှာ ငိုသံတွေ၊ ရီသံတွေ ပွက်လောတိုက်အောင် ဆူညံသွားကြတယ်။
တနင်္သာရီတိုင်းဒေသကြီးကော့သောင်းမြို့နယ်က ထူးထူးတိုး ရာဘာစိုက်ပျိုးရေးကုမ္ပဏီမှာ သွားအလုပ် လုပ်ပြီး ဒုက္ခရောက်နေကြတဲ့ ထူးကြီးဒေသက ရွှေ့ပြောင်းလုပ်သား ၆၅ ဦးကို သာသနာရေးဝန်ကြီးဌာနက တာဝန်ယူပြီး သူတို့မိဘများထံ ပြန်ပို့ပေးခဲ့တဲ့အတွက် ထူးကြီးဒေသက မိသားစုအများအပြားဟာ သူတို့ ချစ်ရတဲ့ ခင်ပွန်းတွေ၊ သားသမီးတွေ၊ ဆွေမျိုးသားချင်းတွေကို ဖက်လှဲတကင်းကြိုဆိုရင်း သီးတင်းကျွတ် အကြို အဖိတ်နေ့ညမှာ ပီတိအပြုံးတွေနဲ့ ဝေဆာနေကြတယ်။
ကော့သောင်းကပြန်လာတဲ့ အလုပ်သမားတွေ
“သာသနာရေးသာ မကယ်ရင် ကျနော်တို့ဘ၀က တပိန်ပိန်တလိန်လိန်နဲ့သေရမှာပဲ” လို့ ကော့သောင်းကနေပြန်ရောက်လာတဲ့ ကိုသန်းထိုက်ဝင်းက ခရီးဆောင်အိတ်ကို လွယ်ထားရင်းနဲ့ ပြောတယ်။
သတင်းထောက်ရဲ့အမေးကိုဖြေရင်း လက်ကလည်း သူတလတာဝေးကွာခဲ့တဲ့ သူ့သားလေးကို ဆွဲထား တယ်။ သူ့အမျိုးသမီး မမိုးမိုးကလည်း အခက်အခဲများစွာကြားက ပြန်ရောက်လာတဲ့ ခင်ပွန်းဖြစ်သူကိုကြည့်ပြီး ပြုံးနေတယ်။
သာသနာရေးဌာနပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ရဲ့ညွှန်ကြားချက်နဲ့ အမျိုးသား ၃၇ ဦး၊ အမျိုးသမီး ၂၁ ဦးနဲ့ ကလေး ၇ ဦးပါဝင်တဲ့ ဒုက္ခသည်တွေကို တနင်္သာရီတိုင်းဒေသကြီး သာသနာရေးဌာနက ထူးကြီး
ကျေးရွာ အထိ တာဝန်ယူခေါ်ဆောင်လာခဲ့တာဖြစ်ပါတယ်။
အဲဒီလူတွေကို ထူးကြီးကျေးရွာမှာနေတဲ့ ကိုအငယ်လေး (ခေါ်) ဌေးလင်း၊ ကိုလှဟန်နဲ့ ကိုမိုးဇော် ဆိုသူတွေ က ကော့သောင်းက ရာဘာခြံမှာ ဆေးဖြန်းရမယ်၊ ရာဘာပင်စိုက်ရမယ်၊ တနေ့ကို လုပ်ခ ၄၅၀၀ ကျပ်ရမယ် လို့ ပြောဆိုစည်းရုံးပြီး ခေါ်ဆောင်သွားရာမှာ ဟိုရောက်တော့ ပြောထားတဲ့အတိုင်းလုပ်ခမရဘဲ အကြွေးနဲ့ ချည်နှောင်ခိုင်းစေခံရတဲ့အတွက် အလုပ်သမားတွေက မကျေပ်နပ်လို့ပြဿနာတွေတက်ကြပါတယ်။
အဲဒါနဲ့အောက်တိုဘာလ ၁၂ ရက်နေ့မှာ ထူးထူးတိုးကုမ္ပဏီက ထူးကြီးကအလုပ်သမားတွေကို နှင်ထုတ် လိုက်ရာမှာ ကော့သောင်းခရိုင်အုပ်ချုပ်ရေးမှူးက ဘုတ်ပြင်းမြို့အထိရောက်အောင် ကူညီပေးခဲ့ပြီး ဘုတ်ပြင်းမြို့ဓမ္မ၀ိဇယကျောင်းတိုက်ဆရာတော်နဲ့ ဘုတ်ပြင်းမြို့ ဌာနဆိုင်ရာတွေက ဒုက္ခသည်တွေ ကို စောင့်ရှောက်ထားကြပါတယ်။
နောက်ပိုင်းမှာ သာသနာရေးဌာနအကူအညီနဲ့ ဒုက္ခသည်တွေကို နေရပ်ပြန်ပေးခဲ့တာဖြစ်ကြောင်း သိရပါ တယ်။ နေရပ်ပြန်ရောက်လာတဲ့ ရွှေ့ပြောင်းလုပ်သားတွေပြောဆိုချက်အရ ထူးထူးတိုးကုမ္ပဏီဟာ ရာဘာ စိုက်ပျိုးရေးကုမ္ပဏီမဟုတ်ဘဲ ရေလုပ်ငန်းအဖြစ်သာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီ ဖြစ်ကြောင်း သိရပါတယ်။ ထူးထူးတိုးကုမ္ပဏီရဲ့ရာဘာစိုက်ဧက ၆၀၀၀ လောက်ရှိပြီး ပိုင်ရှင်ဖြစ်သူက ဦးကျော်ကျော်လို့ ဆိုပါတယ်။
ရာဘာစိုက်ခင်းကိုတော့ သူဌေးဖြစ်သူကတခါမှလာရောက်ခြင်းမရှိဘဲ ဦးဝင်းနိုင် ဆိုသူက စိုက်ခင်းတာဝန်ခံ အဖြစ် သူတို့ကိုစီမံအုပ်ချုပ်ခိုင်းစေခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
အလုပ်လုပ်ခဲ့ရတဲ့ကာလမှာ သူတို့ကိုအကြွေးနဲ့ချည်နှောင်ပြီး အလုပ်ခိုင်းတာ၊ ဆူပူကြိမ်းမောင်းတာ၊ အဓမ္မ လုပ်အားပေးခိုင်းစေတာနဲ့ ရာဘာစိုက်ခင်းအနီးမှာရှိတဲ့ ခြေမြန်တပ်ရင်း ၅၉၇ နာမည်သုံးပြီး ခြိမ်းခြောက်တာတွေလုပ်တယ်လို့ ရွှေ့ပြောင်းလုပ်သား ဒုက္ခသည်ခေါင်းဆောင် ကိုမြစိုးက ဧရာဝတီကိုပြောပါတယ်။
“ကျနော်တို့ကို နှင်ထုတ်တဲ့ညကဆို သေနတ်တွေမိုးပေါ်ထောင်ဖောက်ပြီး ထူးကြီးကဟာတွေ ချက်ခြင်းထွ က်ဆိုပြီး မောင်းထုတ်တယ်။ နင်တို့ကို ခမရ ၅၉၇ တပ်ကိုခေါ်ပြီး အကုန်ပစ်သတ် ခိုင်းမယ်လို့လည်း သူဌေးရဲ့မိန်းမကပြောဆိုခြိမ်းခြောက်တာတွေ လုပ်တယ်။ လမ်းခင်းဖို့ အတွက် အဓမ္မလုပ်အားပေးခိုင်းစေ တာတွေလည်း လုပ်ခဲ့ရတယ်”လို့ သူက ပြောပါတယ်။
အောက်တိုဘာလ ၁၂ နေ့မနက်ပိုင်းက ထူးထူးတိုးရာဘာစိုက်ခင်းက အလုပ်သမားတွေ အားလုံး လမ်း ကိုကျောက်ခင်းဖို့အတွက် လုပ်အားပေးဆင်းခဲ့ရပြီး သူကမလိုက်တဲ့အတွက် လုပ်ခထဲကနေ ၅၀၀၀ ကျပ် အဖြတ်ခံခဲ့ရတယ်လို့ ကိုဇေယျာလင်းက ပြောပါတယ်။
“သူတို့လမ်းပြင်တာ ကျနော်ကိုလုပ်အားပေးလုပ်ရအောင်ဆိုပြီး လာခေါ်တယ်။ ခင်ဗျားတို့ အလုပ်လုပ် ရအောင်ခေါ်တာလား လုပ်အားပေးလုပ်ရအောင်ခေါ်တာလားဆိုပြီး ကျနော်က ပြောလိုက်တယ်။ အဲဒါနဲ့ လိုက်မသွားဘူး။ မနက်ခင်းကနေ နေ့လည် ၁ ချက်တီးမှ အလုပ်ဖြုတ်ပေးတယ်။ လုပ်ခတပြားမှမပေးဘူး။ ကျောက်တွေခင်းခိုင်းနေတာ။ အဲဒါနဲ့ကျနော်က မလိုက်တော့ ငွေ ၅,၀၀၀ အဖြတ်ခံရတယ်”လို့ သူက ပြောပါတယ်။
ထူးကြီးဒေသကနေ ကော့သောင်းကိုလူပေါင်း ၁၀၃ ဦးခေါ်ဆောင်သွားခဲ့ရာမှာ အခုဆိုရင် ရာဘာစိုက်ခင်းကနေ ထွက်ပြေးလာသူ ၁၂ ဦး၊ သာသနာရေးဌာနအကူအညီနဲ့ ပြန်ရောက်လာသူ ၅၈ ဦး (ကလေးများ မပါ) ရှိပါတယ်။
ထူးခြားချက်အနေနဲ့ ဧရာဝတီတိုင်းအစိုးရ၀န်ကြီးချု့ပ် ဦးသိန်းအောင်ရဲ့ဇာတိရွာဖြစ်တဲ့ ထူးကြီးကျေးရွာ အုပ်စု အလယ်စုရွာက အလုပ်သမား ၅ ဦကိုတော့ ထူးထူးတိုးကုမ္ပဏီက သူတို့အစီအစဉ်နဲ့ ဒေသ ကို ပြန်ပို့ပေးထားပြီးဖြစ်ကြောင်းလည်း သိရပါတယ်။
ဒါကြောင့် ထူးကြီးဒေသက လူပေါင်း ၂၈ ဦးလောက် ရာဘာစိုက်ခင်းထဲမှာကျန်နေသေးပြီး ပဲခူးတိုင်း နတ္တလင်း၊ ပြည်စတဲ့ဒေသများက အလုပ်သမားတွေနဲ့ဆိုရင် စိုက်ခင်းထဲမှာ လူပေါင်း ၁၀၀ နီးပါးလောက် ရှိနေသေးတယ်လို့ ကော့သောင်းကပြန်လာတဲ့အလုပ်သမားတွေက ပြောပါတယ်။
“တချို့ဆို ၇ နှစ်၊ တချို့ဆို ၅ နှစ်လောက်ရှိပြီ။ ခုချိန်အထိ သူတို့အကြွေးတွေ မကျေသေးဘူး ပြောတယ်။ အကြွေးကျေမှပြန်ရမှာဆိုတော့ သူတို့လည်းဖြစ်သလိုနေ ဖြစ်သလိုစားပြီး ဆက်လုပ်နေကြတယ်။ သာပေါင်းမြို့ကလူတဦးဆိုရင် သူ့သားလေးကို ၈ တန်းကျောင်း ထားလို့ရတယ်ဆိုလို့ လိုက်လာတာ။
ဟိုရောက်တော့ ဘာကျောင်းမှမရှိဘူး။ အဲဒီကလေးလည်း ကျောင်းမတက်ရဘဲ သူ့အဖေနဲ့အတူ ပေါင်းရှင်း
နေ တာတွေ့ခဲ့ရတယ်”လို့ ကိုဇေယျာလင်းက ပြောပါတယ်။
အသက် ၇၀ ကျော်နဲ့ ကော့သောင်းလိုက်သွား တဲ့ ဦးအေးသောင်းက“ဟိုမှာ စားစရာမရှိတော့ ငါးပိပဲ
နေ့တိုင်းနီးပါး စားခဲ့ရတယ်။ နေတဲ့အဆောင်ကမိုးယိုတော့ အခန်းထောင့်တနေရာမှာ လူ ၃ ၊ ၄ ယောက်စု ပြီး နံရံမှီပြီးစောင်ခြုံအိပ်ရတယ်။ စိုက်ခင်းထဲကဆေးခန်းက အခမဲ့လို့သာ နာမည်တပ်ထားတယ်။ ပတ်တီး တခါစည်း ၅၀၀၊ ပါရာစီတမောတလုံးကို ၂၀၀။ ရောက်ကတည်းက အင်း ငါတို့တော့ ထိုင်းဘတ်ငွေနဲ့ မဟုတ်ဘဲ မြန်မာငွေပေါပေါလောလောနဲ့ ရောင်းစားခံလိုက်ရပြီလို့ပဲ နားလည်လိုက်တယ်”လို့ ပြောပါတယ်။
အံ့သြစရာတခုကတော့ မြန်မာနိုင်ငံတောင်ဘက်စွန်း တနင်္သာရီဒေသကနေ မိုင်ပေါင်းများစွာ ကျော်ဖြတ်ပြီး တာဝန်ယူခေါ်လာခဲ့တဲ့ဒုက္ခသည်တွေကို သာသနာရေးဌာနက ဧရာဝတိုင်းက တာဝန်ရှိသူတွေထံ အခမ်းအနား နဲ့ပြန်လည်အပ်နှံဖို့စီစဉ်ခဲ့ပေမယ့် အဲဒီအခမ်းအနားကို ဧရာဝတီတိုင်းက တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်သာမက ထူးကြီးကျေးရွာ အုပ်ချုပ်ရေးမှူးအဆင့်တောင် မတက်ရောက်ခဲ့လို့ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေကိုပဲ ဒုက္ခသည်တွေ အပ်နှံခဲ့ရပါတယ်။
ဒုက္ခသည်အပ်နှံတဲ့အခမ်းအနားပြုလုပ်ဖို့အတွက် နေရာတောင်းခံရာမှာ အဆင်မပြေလို့ မဟာသီဝဘုရား
စောင်းတန်းရှေ့ လမ်းဘေးမှာပဲ အခမ်းအနားကိုဖြစ်သလိုလုပ်ခဲ့တာလည်း တွေ့ရပါတယ်။
“သာသနာရေးဌာနက ထူးကြီးဒေသကလူတွေကို ကော့သောင်းကနေ ကယ်ထုတ်ပေးတဲ့ အတွက် ၀မ်း သာပါ တယ်။ ဒါပေမယ့်အပ်နှံတဲ့အခမ်းအနားလုပ်ဖို့ နေရာတောင်းတာ မြို့တော် ခန်းမ၊ အုပ်ချုပ်ရေးမှူးရုံး
တွေအားနေပေမယ့် အကြောင်းအမျိုးမျိုးပြပြီး နေရာမပေးဘူး။ အဲတော့ ဘုရားစောင်းတန်းရှေ့ လမ်းဘေး မှာပဲ ဖြစ်သလိုလုပ်ခဲ့တာ တအားရုပ်ဆိုးတယ်။ တနင်္သာရီတိုင်းကလိုက်ပို့တဲ့ အရာရှိတွေကိုတောင် အားနာ မိတယ်။ ထူးကြီးဒေသအတွက် ရှက်ဖို့ကောင်းတဲ့နေ့ပဲ”လို့ ဒေသခံတဦးကပြောပါတယ်။
အဲဒီအခမ်းအနားမှာ ဒုက္ခရောက်နေတဲ့ရွှေ့ပြောင်းလုပ်သားတွေကို နေရပ်ပြန်ရောက်အောင် အဓိကကူညီ
ပေးတဲ့ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို ဒေသခံတွေက ဂုဏ်ပြု မှတ်တမ်း
ပေးအပ်ခဲ့ပြီး ထူးကြီးအထိလိုက်ပို့ပေးတဲ့ တနင်္သာရီတိုင်း ဒေသကြီးသာသနာရေးဌာနနဲ့ ပုသိမ်မြို့ အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် ကာကွယ်ရေးကွန်ရက် (HRWDN)ကိုလည်း ဂုဏ်ပြုမှတ်တမ်း တစောင်စီ ပေးအပ်ခဲ့ပါတယ်။
ထူးထူးတိုးကုမ္ပဏီဟာ အလုပ်အကိုင်ရှားပါးတဲ့ဒေသကလူတွေကို အလုပ်လုပ်ဖို့ ဆွဲဆောင် စည်းရုံးခြင်း၊ လူစုဆောင်းခြင်း၊ လွှဲပြောင်းပို့ဆောင်ခြင်း၊ လုပ်အားခ ခေါင်းပုံဖြတ်ခြင်း၊ ကြွေးမြီနဲ့ချည်နှောင် ခိုင်းစေခြင်း များ တွေ့ရှိရတဲ့အတွက် ပုသိမ်မြို့ရှိလူကုန်ကူးမှု တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့ထံ အကြောင်းကြား ထား ခဲ့ရာမှာ လူကုန်တားရဲတပ်ဖွဲ့က အလုပ်သမားတွေကို မေးမြန်းစစ်ဆေးချက်တွေယူသွားခဲ့ပေမယ့် ခုချိန် အထိ အရေးယူ ဆောင်ရွက်တာတွေ မကြားမိသေးဘူးလို့ HRWDN အဖွဲ့က ဦးထွန်းရွှေက ပြောပါတယ်။
အဆင်မပြေမှုတွေ အခက်အခဲတွေကြားကနေဘဲ သာသနာရေးဌာနပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က ကော့သောင်းမှာ ဒုက္ခရောက်နေတဲ့ဧရာဝတီတိုင်းသားတွေကို ကယ်ထုတ်ပေးခဲ့ပါပြီ။
ဒါဟာ အင်္ဂပူမြို့နယ် ထူးကြီးဒေသကလူတွေအတွက် ဦးဆန်းဆင့်ပေးတဲ့ *“သီတင်းကျွတ်လက်ဆောင်”* လို့ပဲ တင်စားပြောဆိုပါရစေဗျာ…
ကော့သောင်းက ပြန်လာတဲ့ အလုပ်သမားတွေနဲ့ သူတို့ မိသားစုဝင်တချို့
ဆလိုင်းသန့်စင် ~
0 comments :
Post a Comment