လတ်တလော ဗုံးပေါက်ကွဲမှုများကို ၈၈ မျိုးဆက်ပြင်းထန်စွာ ရှုတ်ချ

Wednesday, October 16, 2013

ရန်ကုန်မြို့နှင့် မြို့တချို့တို့တွင် လတ်တလော ဗုံးပေါက်ကွဲမှုများနှင့်ပတ်သက်၍ ၈၈မျိုးဆက် (ငြိမ်းချမ်း
ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)က ပြင်းထန်စွာ ရုတ်ချသည့် ကြေညာချက်တစောင် ယနေ့ ထုတ်ပြန်လိုက် သည်။ 
 ရန်ကုန်မြို့၊ ကုန်သည်ကြီးများ ဟိုတယ်ပေါက်ကွဲမှု ဖြစ်ပြီးနောက် လုံခြုံရေးများ ရောက်လာစဉ်၊ ဓာတ်ပုံ- ဧရာဝတီ

ကြေညာချက် အပြည့်အစုံမှာ  

လတ်တလောဖြစ်ပေါ်နေသော ဗုံးပေါက်ကွဲမှုများနှင့် စပ်လျဉ်း၍ ၈၈မျိုးဆက် (ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ၏ သဘောထားထုတ်ပြန်ချက် 


ယနေ့ကာလသည် မြန်မာနိုင်ငံဒီမိုကရေစီဖော်ဆောင်ရေး၊ တိုင်းရင်းသားတန်းတူညီမျှရေး၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အကျပ်အတည်း ဖြေရှင်းရေး ကြိုးပမ်းအားထုတ်နေကြချိန်ဖြစ်သည်။ 

တိုင်းရင်းသား ဒေသအသီးသီးတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ကြိုးပမ်းနေချိန် လည်း ဖြစ်သည်။ 

ယခုလိုအချိန်မျိုးတွင် တိုင်းပြည်နေရာအနှံ့ ပေါက်ကွဲမှုများဆက်တိုက်ဖြစ်ပေါ်လာခြင်းနှင့်ပတ်သတ်၍ ကျွန်ုပ်တို့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) အနေဖြင့် ပြင်းထန်စွာရှုံ့ချသည်။ 

ထို့အတူ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး တောင်းဆိုတိုက်ပွဲဝင်ရင်း လမ်းမများ ပေါ်တွင်လည်းကောင်း၊ အကျဉ်းထောင် ရဲဘက်စခန်းများတွင်လည်းကောင်း၊ တောတွင်းနယ်စပ်ဒေသ အသီးသီးတွင်လည်းကောင်း ကျဆုံးခဲ့ရ သည့် များစွာသော ရဟန်းရှင်၊ လူ၊ ပြည်သူအပေါင်း၏ လက်ရှိနိုင်ငံရေးဖြစ်စဉ်ကို အကြမ်းဖက် တိုက်ခိုက်ခြင်းပင်ဖြစ်သည်။ 

အထူးသဖြင့် ယခုကဲ့သို့ အပြစ်မဲ့ပြည်သူများ သေဆုံးဒဏ်ရာရရှိမှု၊ နစ်နာဆုံးရှုံးမှု၊ ထိတ်လန့်နေရမှုများသည် စနစ်တကျစီစဉ်ထားသော အကြမ်းဖက်မှုများပင်ဖြစ်သည်။ 

နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေး ကြိုးပမ်းနေမှုများ ပျက်ပြားစေရန်၊ ပြည်သူများ အကြား လုံခြုံမှုကင်းမဲ့စေရန် ဖန်တီးနေခြင်းဖြစ်သည်ဟု ရှု မြင်သည်။ 

၈၈ မျိုးဆက် (ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) အနေဖြင့် တိုင်းရင်းသားပြည်သူတရပ် လုံး နှင့် အတူ ဒီမိုကရေစီရေး၊ တိုင်းရင်းသားတန်းတူရေး၊ လူ့အခွင့်အရေး ဦးတည်ချက်များကို တစိုက်မတ်မတ် ကိုင်စွဲရင်း အကြမ်းဖက်မှု မှန်သမျှကို ဆန့်ကျင်တွန်းလှန်သွားမည်ဖြစ်ကြောင်း လေးနက်စွာ ထုတ်ပြန် 
ကြေငြာလိုက်သည်။ 

၈၈ မျိုးဆက် (ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) 

 အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved