တကိုယ်တော်ပြပွဲမှာ ပန်းချီကား ၆၀ ကျော် အဖြုတ်ခံရဖူးသူ

Saturday, October 5, 2013

 ~




အနုပညာ လွတ်လပ်စွာ ဖန်တီးခွင့်နဲ့ လွတ်လပ်စွာ တင်ဆက်ပြသခွင့်များနဲ့ ပတ်သက်ပြီး ခေတ်အဆက်ဆက် အတားမြစ် အပိတ်ပင် ခံရတဲ့ အနုပညာသမားတွေ အများကြီး ရှိပါတယ်။ ကမ္ဘာ့သမိုင်းကိုပဲ ကြည့်ကြည့်၊ မြန်မာ့သမိုင်းကိုပဲ ကြည့်ကြည့် သက်ဦးဆံပိုင် ပဒေသရာဇ် အုပ်ချုပ်မှုနဲ့ အာဏာရှင် အုပ်ချုပ်ရေး အောက်မှာ အနုပညာသမားတွေဟာ အဆိုးဝါးဆုံး နဲ့ ခါးသီးစွာ ခါးစည်း ခံခဲ့ရတယ် လို့ ဆိုနိုင်ပါတယ်။ အဲဒီလို ခံစားခဲ့ရတဲ့ အထဲမှာ ပန်းချီဆရာ အောင်ခိုင်တယောက်လည်း ပါဝင်ပါတယ်။

သူ့ရဲ့ ပန်းချီလောက ဖြတ်သန်းမှု တလျှောက်လုံး အခု အသက် ၆၈ နှစ် အရွယ်ရှိမှ တကိုယ်တော် ပြပွဲ ပြုလုပ်နိုင်ခဲ့တာပါ။ အုပ်စုပြပွဲတွေမှာ ပါဝင်ပြသမှု အချို့ပဲ ရှိခဲ့ပါ တယ်။

လောကနတ် အနုပညာပြခန်းမှာ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၃၀ ကနေ အောက်တိုဘာ ၂ ရက်နေ့အထိ ကျင်းပ ပြုလုပ်တဲ့ ပန်းချီဆရာ အောင်ခိုင်ရဲ့ မော်ဒန်အတ် ပန်းချီပြပွဲဟာ စိတ်ဝင်စားစရာ အချက် ၂ ချက် ရှိပါတယ်။ ပထမ တချက်က သူ့ရဲ့ ရေးဆွဲတင်ပြပုံဟာ မြန်မာ့ရိုးရာ လိုင်း၊ Pattern ကို မော်ဒန် အနုပညာ ရေးဆွဲဖန်တီးမှု နဲ့ ပေါင်းစပ် ဖန်တီး ထားတာမို့ စိတ်ဝင်စားစရာ ကောင်းပါတယ်။ နောက်တချက်က  မဆလ အာဏာရှင်ခေတ်နဲ့ စစ်အာဏာရှင် ခေတ်ကာတွေ တလျှောက်လုံး ပန်းချီပြပွဲ ပြုလုပ် ပြသခွင့် မရဘဲ ၄၅ နှစ်ကြာ တားမြစ် ပိတ်ပင်ခံခဲ့ရတဲ့ ပန်းချီဆရာ တဦး ဖြစ်နေတာတောင် သူရဲ့ ရေးဆွဲ ဖန်တီးမှုကို ရပ်တန့် မနေခဲ့တဲ့ အချက်ကြောင့်ပါပဲ။

၁၉၇၄ ခုနှစ်မှာ ပြုလုပ်တဲ့ Wild Eye အုပ်စု ပန်းချီပြပွဲမှာလည်း သူ့ရဲ့ ပန်းချီကားကို Human Rights လို့ အမည်ပေး ထားတာကို Rights ကိုဖြုတ်ပြီး Human လို့ပဲ အမည်ပေးလိုက်ရတယ်လို့ ပန်းချီဆရာ အောင်ခိုင်က ပြောပြပါတယ်။

“အဲဒီတုန်းက ပန်းချီကားထဲမှာ ငှက်ပုံလေး တပုံ ရေးဆွဲထားတယ် ဆိုရင်ပဲ.. ငြိမ်းချမ်းရေး ချိုးငှက်ကို ရေးတာလား လို့ အမေးခံရ၊
အ၀ိုင်းလေးတွေ ရေးဆွဲတာက သေနတ်ပြောင်းဝကိုရေးတာလား၊ အနီရောင်က တော်လှန်တာကို ကိုယ်စားပြုတယ်၊
အမည်းရောင်က ၀မ်းနည်းတာကို ဆိုလိုတယ် .. စသဖြင့် သူတို့ (စိစစ်ရေး အဖွဲ့) စိတ်ထဲထင်ရာနဲ့ စိစစ်တာပါ။
ပညာရပ် အနေနဲ့ ကျွမ်းကျင်တွေ၊ ဖန်တီးမှုတွေကို စစ်ဆေးတာ မဟုတ်ဘူး” လို့ သူက ပြောပါတယ်။

ပထမဆုံး ပိတ်ပင်ခံခဲ့ရတာက၁၉၈၄ ခုနှစ် မေ ၃ ရက်မှ ၅ ရက်နေ့မှာပါ။ ဗိုလ်ချုပ်အောင်ဆန်းဈေး အရှေ့ဘက်တန်းရှိ ပန်းပညာရှင်များ အစည်းအရုံး (ဗဟို) ပြခန်းမှာ သူ့ရဲ့
ပထမဆုံး တကိုယ်တော် ပန်းချီပြပွဲကို ပြပွဲစိစစ်ရေး အဖွဲ့က ပိတ်ပင်လိုက်ပါတယ်။
ပန်းချီကား ပေါင်း ၁၂၀ ထဲမှ Mother & Child ၁၅ ကား၊ ထိုစဉ်က ကြေးမုံသတင်းစာ နိုင်ငံခြားသတင်း ကဏ္ဍမှာပါတဲ့ ဖော်ပြထားတဲ့ ချေဂွေဗားရား၊ လီနင်၊ ဟိုချီမင်း၊ မော်စီတုန်း၊ ကပ်စထရို ပုံတွေနဲ့ college လုပ်ဖန်တီး ထားတဲ့ အခြား Artwork တွေ ပါဝင်ပါတယ်။ 

အဲဒီမှာ ပြပွဲစိစစ်ရေး အဖွဲ့က “ပန်းချီကားမှ ဟုတ်ရဲ့လား” ဆိုပြီး ပန်းချီကား ၆၀ ကျော်ကို ပယ်လိုက်ပြီး၊ ပန်းချီဆရာကို တွေ့ဆုံမေးမြန်းဖို့ ခေါ်ယူပါတယ်။

“ဘာဖြစ်လို့ တခြားနိုင်ငံက ခေါင်းဆောင်တွေရဲ့ပုံကိုပဲ ပန်းချီကားထဲမှာ ထည့်ရေးတာလဲ” လို့ မေးပါတယ်။
သဘောက ကိုယ့်နိုင်ငံက ခေါင်းဆောင်တွေ မပါဘူးလား လို့ ဆိုလိုတာပါ။
အဲဒီမှာ သူက “ကျနော် ကြည်ညိုလေးစားတဲ့ ကိုယ့်နိုင်ငံ က ခေါင်းဆောင်ရဲ့ပုံကို ရေးဆွဲခွင့် ရလို့လား” လို့ ပြန်မေးလိုက်ပါတယ်။
အဲဒီမှာပဲ ပြပွဲ စိစစ်ရေး အဖွဲ့က ပိုစတာတွေနဲ့ ကင်ပိန်း (campaign) လုပ်တာပဲ လို့ စွပ်စွဲပြီး ပြပွဲပြသခွင့် ပိတ်လိုက်ပါတယ်။

အဲဒီကနောက် ပန်းချီဆရာ အောင်ခိုင်ဟာ အုပ်စုပြပွဲ တချို့မှာသာ ပါဝင်ပြသနိုင်ခဲ့တာက လွဲလို့ တကိုယ်တော် ပန်းချီပြပွဲ မပြသဖြစ် တော့ပါဘူး။
သို့ပေမယ့် သူဟာ ပန်းချီကိုတော့ အဆက်မပြတ် ရေးဆွဲဖြစ်ပါတယ်။ ပန်းချီအပြင် မဂ္ဂဇင်းတွေမှာ သရုပ်ဖော်ပန်းချီလည်း ရေးဆွဲပါတယ်။

“Mother & Child ပန်းချီကားတွေ ကျနော် စီးရီးလိုက် ရေးဆွဲဖြစ်ခဲ့ပါတယ်။ အဲဒါကိုလည်း ချည့်နဲ့ ချို့တဲ့ မိခင်နဲ့ ငတ်မွတ်နေတဲ့ ကလေးကို ဆွဲတာဆိုပြီး အမေးခံရသေးတယ်။
ဘယ်လို အကြောင်းအရာကို မဆွဲရဘူး၊ ဘယ်လို ပုံမျိုး မဆွဲရဘူး ဆိုပြီး တိတိကျကျ သတ်မှတ်ပေးထားတာ မဟုတ်ဘူး။
ရေးဆွဲထားတဲ့ ပန်းချီကားကို သူတို့ ထင်ရာထင်ကြေး ပေတံနဲ့ တိုင်းတာ စိစစ်တာပါ။
 မော်ဒန်ရေးဆွဲတာ ဆိုတော့ သူတို့လိုရာဆွဲတွေးပြီး အပြစ်ပြောလို့ ကောင်းနေသလား မပြောတတ်ပါဘူး” လို့ သူက ပြောပါတယ်။

အပြောင်းအလဲများ ပြုလုပ်လာနေတဲ့ အပေါ် ဘယ်လိုမြင်ပါသလဲ လို့ သူ့ကို မေးမြန်းကြည့်တော့- သူက
 “အခု နောက်ပိုင်းမှာတော့ အတော်အတန် ပြောင်းလဲလာပါပြီ၊ အခွင့်အလမ်းတချို့လည်း ရလာပါပြီ။ ကျနော် အခု ပြပွဲလုပ်လို့ရပြီလေ” လို့ ပြောပါတယ်။

ရိုးရာလိုင်း ပန်းချီရေးဟန်နဲ့ မော်ဒန် ပေါင်းစပ် ဖန်တီးထားတဲ့ ပန်းချီဆရာ အောင်ခိုင်ရဲ့ ပန်းချီကားပေါင်း ၆၀ ကို ကြည့်ရှုရင်း တချိန်က ပိတ်ပင်တားမြစ် ခံရတဲ့ ပန်းချီလောက အကြောင်း ပြန်လည်ပြောဆို ဖြစ်ခဲ့ပါတယ်။    ။













.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved