ဒေးဒရဲ က စားကျက်မြေအတွက်ဆန္ဒပြပွဲ ဘာ ဖြစ်သွားသလဲ

Saturday, October 5, 2013



ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ် တော်ကနိ-ညောင်လိန်ကုန်းကျေးရွာက ရွာသားတွေဟာ သူတို့ 
ဒေသအတွက်အရေးကြီးတဲ့ ဒီရေတောစားကျက်မြေ ပြန်လည် ပေးအပ်ဖို့ ဒေးဒရဲမြို့ပေါ်မှာ မနေ့က ဆန္ဒပြရန် ပြင်ဆင်ခဲ့ကြပါတယ်။ 

စားကျက်မြေအတွက်ဆန္ဒပြရန် ပြင်ဆင်နေချိန်၊ ဓာတ်ပုံ- ဆလိုင်းသန့်စင်

ဆန္ဒပြမယ့်ရွာသား ၁၅၀ ကျော်ဟာ ဒေးဒရဲမြို့လယ် ဓမ္မာရုံကြီးအနီးက ထွက်ခွာဖို့ပြင်ဆင် ချိန်မှာပဲ ဒေးဒရဲ မြို့ နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင့်လူ ဦးဆောင်တဲ့ ရဲတပ်ဖွဲ့ဝင်အင်အား ၅၀ ကျော်က ဆန္ဒပြမယ့်သူတွေကို အင်အားသုံးပြီး တားဆီးတာတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ 


ဘုရားတန်ဆောင်းဘေးမှာ တန်းစီပြီး ဆိုင်းဘုတ်တွေကိုင် လမ်းလျှောက်ဖို့ပြင်နေတဲ့ လူအုပ်ကြီးရှေ့မှာ ကြိုး ၃ ချောင်းကို စည်း ၃ တန်သဖွယ် တားထားပြီး အဲဒီ စည်းတွေနောက်မှာ နံပါတ်တုတ်တွေ၊ ဒိုင်းတွေ၊ သေနတ်တွေကိုင်ဆောင်ထားတဲ့ ရဲအင်အား ၃၀ လောက်က အသင့်အနေအထားနဲ့ စောင့်နေပါ တယ်။ 




 ရဲတွေနောက်မှာတော့ အသင့်စက်နှိုးထားတဲ့ ဒေးဒရဲမြို့က မီးသတ်ကားကို ပြင်ဆင်ထားပြီး မီးသတ်ပိုက်
ခေါင်း ကိုလည်း ဆန္ဒပြမယ့်သူတွေဘက်ကိုလှည့်ပြီး အသင့်အနေအထားနဲ့ ချိန်ရွယ်ထားပါတယ်။ 


“ကျနော်တို့ ဆန္ဒပြဖို့ပြင်ဆင်နေတဲ့အချိန်မှာ သူတို့က လူအင်အားနဲ့တားတယ်။ လက်နက် အင်အားနဲ့ တားတယ်။ ဥပဒေအရ ဆန္ဒပြခွင့်ကိုငြင်းပယ်တဲ့အခါမှာ ဆန္ဒပြပိုင်ခွင့်မရှိဘူး။ အဲ့လို ဆန္ဒပြခွင့်မရှိသလို ငြိမ်းချမ်းစွာဆန္ဒပြမှုကိုတားမြစ်ပိုင်ခွင့်လည်း မရှိဘူး။ ခွင့်ပြုမိန့်မပေးဘဲ ဆန္ဒပြရင် တရားစွဲလို့ပဲရတယ်။ အခုက သူတို့က အဓိကရုဏ်းမဖြစ်ဘဲနဲ့ အဓိကရုဏ်း နှိမ်နှင်းမယ့် ပုံစံမျိုးနဲ့ ကျနော်တို့ကိုတားတာ”လို့ သူက ပြောပါတယ်။ 

တရားရုံးချိန်း ရှိတဲ့အတွက်ရယ်၊ ညပိုင်းမှာ ရွှေည၀ါဆရာတော် တရားပွဲရှိတဲ့အတွက် လုံခြုံရေးအရ စိတ်မချ ရလို့ တားမြစ်တာဖြစ်ကြောင်း၊ တားထားလျှက်နဲ့ ဆန္ဒပြရင် ဖမ်းဆီးမှာဖြစ်ကြောင်း ဒေးဒရဲမြို့နယ် ရဲမှူး တင့်လူ က ကြိမ်းမောင်းပြီး ခြိမ်းခြောက် ပြောဆိုသွားတယ်လို့ ဆန္ဒပြဖို့ကြိုးစားခဲ့တဲ့ ညောင်လိန်ကုန်း ရွာသား တဦးက ပြောပါတယ်။ 

“ရဲမှူးက လမ်းလျှောက်ဖို့တန်းစီနေတဲ့ ကျနော်တို့ရွာသားလူအုပ်ကြီးရှေ့ကိုလာပြီးတော့ မင်းတို့ တားထား တဲ့ကြားက ဆက်ထွက်လာရင် ဖမ်းမယ်။ အင်အားနဲ့သုံးပြီးတော့ကို ဖမ်းမယ်။ ကြိုက်တာမင်းတို့လုပ်၊ ငါတို့ ဖမ်းတဲ့အချိန်ကျတော့မှ မင်းတို့စကားမများနဲ့။ ငါက ငါ့အင်အားနဲ့ မင်းတို့ကိုဖမ်းဖို့ စုထားတယ်။ ထွက်လာ တာနဲ့ ခေါင်းဆောင် ၂ ယောက်ကို အရင်ဖမ်းမယ်။ ပြီးရင် မင်းတို့ထဲက ခေါင်းဆောင်တွေကို ဆက်ဖမ်းမယ်။ အဲတော့ ရှေ့ဆက်မလုပ်နဲ့ ဆိုပြီး ကြိမ်းမောင်း ခြိမ်းခြောက်ပြောဆိုသွားတာ”လို့ သူက ပြောပါတယ်။ 



ရဲမှူး က အဲ့လိုပြောခဲ့ပေမယ့် ဆန္ဒပြမယ့်လူတွေက လူစုမခွဲဘဲ မတ်တပ်ရပ်၊ ဆိုင်းဘုတ်တွေကိုင်ပြီး ဓမ္မာရုံဘေးမှာ စုဝေးနေကြသလို ရှေ့မျက်နှာခြင်းဆိုင်နေရာမှာ ရဲတွေ၊ မီးသတ်တွေကလည်း ဆန္ဒပြ သူတွေချီတက်လာရင် ဖြိုခွဲဖို့အသင့်အနေအထားနဲ့ စောင့်နေကြတာဟာ အချိန် ၁ နာရီကျော် ကြာမြင့်ပါ တယ်။ 

ဒေးဒရဲမြို့ခံတွေကလည်း တခါမှ မမြင်ဘူးတဲ့ဒီမြင်ကွင်းကို အိမ်တွေ၊ လမ်းတွေပေါ်ကနေ ၀ိုင်းအုံကြည့် ရှုနေကြပြီး မြို့ခံတချို့ကဆိုရင် နေပူထဲမှာ ရပ်နေတဲ့ ရွာသားတွေကို ပန်းသီး၊ ရေသန့်ဗူး၊ ကွမ်းယာစ သဖြင့် ကျွေးမွေးကူညီခဲ့တာ တွေ့ရပါတယ်။ 

နောက်ပိုင်းမှာတော့ ဆန္ဒပြပွဲဦးဆောင်သူတွေနဲ့ ဒေးဒရဲမြို့နယ်အာဏာပိုင်တွေနဲ့ တွေ့ဆုံပြီး ညှိုနှိုင်းခဲ့ရာမှာ သဘောတူညီမှုတချို့ရခဲ့ပြီးတော့ ဆန္ဒပြသူတွေကလည်း လူစုခွဲခဲ့သလို အဓိကရုဏ်းနှိမ်နှင်းမယ့်ပုံစံနဲ့ အသင့်ပြင်ထားတဲ့ရဲတပ်ဖွဲ့ဝင်တွေလည်း နောက်ပြန် ဆုတ်သွားခဲ့ပါတယ်။ 

ဆန္ဒပြဖို့ကြိုးစားရခြင်းအကြောင်းရင်းကတော့ ဒေးဒရဲမြို့နယ် ကျုံဒါတ်အုပ်စု ညောင်လိန်ကုန်း ကျေးရွာ က ဒေသခံတွေဟာ အင်္ဂလိပ်အစိုးရလက်ထက်ကတည်းက သူတို့ဒေသမှာ သတ်မှတ်ဖော်ဆောင်ထားတဲ့ ဒီရေကာတောစားကျက်မြေကို ပြန်လိုချင်တဲ့အတွက် ဖြစ်ပါတယ်။ 



ဧက ၂၀၈၄ ဧကရှိတဲ့ ဒီရေကာတောစားကျက်မြေဟာ ဒေသခံတွေအတွက် ပင်လယ်၊ မုန်တိုင်းနဲ့ ပတ်သတ် တဲ့ သဘာဝဘေးအန္တရာယ်ကနေ ကာကွယ်ပေးသလို ဒေသရဲ့ စိုက်ပျိုးရေးမှာ မရှိမဖြစ်သုံးနေရတဲ့ ကျွဲ၊ နွား
တွေ အသက်ရှင်ရပ်တည်ရေးအတွက်လည်း များစွာ အထောက်အကူပေးခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီစားကျက်မြေတွေကို ၁၉၉၆ ခုနှစ်မှာ ကျေးရွာငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြတ်စိုး က ရောင်းစားခဲ့တဲ့အတွက် ဒီရေကာတောလည်းပျက်စီးခဲ့ပြီး စားကျက်မြေတွေလည်း တဖြည်းဖြည်းနဲ့ လယ်ယာမြေတွေ ဖြစ်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 


“ကျမတို့ဒေသက ပင်လယ်ကမ်းစပ်ဖြစ်တော့ မုန်တိုင်းလာရင် ဒီရေတက်ရင် ဘယ်မှ ပြေးစရာမရှိပါဘူး။ နာဂစ်တုန်းက ဒီရေကာတောတွေမရှိခဲ့လို့ ကျမတို့ဒေသက လူတွေသေ၊ စီးပွားတွေလည်း ပျက်ခဲ့ကြပါ တယ်။ ဒါကြောင့် ဒေသအတွက် အရေးကြီးတဲ့ ဒီရေကာတောနဲ့ ကျွဲနွားတွေအတွက် စားကျက်မြေ အဖြစ် ပြန်လည်သတ်မှတ်ပေးဖို့ အုပ်ချုပ်ရေး တာဝန်ရှိသူတွေကို အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမယ့် ခုထက် ထိ လုပ်ဆောင်ပေးခြင်း မရှိပါဘူး”လို့ ညောင်လိန်ကုန်းကျေးရွာက ဒေါ်ခင်ဌေး က ပြောပါ တယ်။ 


ဒေးဒရဲမြို့နယ် ကြေးတိုင်နဲ့မြေစာရင်းဦးစီးဌာနမှာလည်း ယခုနှစ်အထိ ကျုံဒါတ်စားကျက်မြေကို စားကျက်မြေ အဖြစ်ပဲ ဖော်ပြထားပေမယ့် မြေပြင်မှာတော့ လယ်တွေအဖြစ်ပဲ တနှစ်ပြီးတနှစ် စိုက်ပျိုးနေ တယ်လို့ ဒေသခံများကဆိုပါတယ်။ 

လက်ရှိမှာတော့ စားကျက်မြေမရှိလို ကျုံဒါတ်ကျေးရွာအုပ်စုက ကျွဲနွားတွေ ရှင်သန်ရပ်တည်ရေး အခက် 
တွေ့နေပြီး ပိုင်ရှင်တွေက ကျွဲစာနွားစာ ရိတ်ကျွေးနေရကြောင်း သိရပါတယ်။ 



ဆလိုင်း သန့်စင် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved