ထိုင်းမြန်မာနယ်စပ်နဲ့ လူကုန်ကူးမှု

Thursday, October 31, 2013


~




ထိုင်းနဲ့မြန်မာ နှစ်နိုင်ငံ ပူးတွဲပြီး လူကုန်ကူးမှု၊ လူမှောင်ခိုမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ် ပိုမို အဆင်ပြေစေမယ့် ခြေလှမ်းတွေကို ဒီမနက် မြ၀တီ-မဲဆောက် ဒေသမှာ တွေ့ရပါတယ်။


နယ်စပ် မြဝတီမြို့မှာ   မြန်မာ - ထိုင်း လူကုန်ကူးမှု ပူးပေါင်း တိုက်ဖျက်ရေးဆိုင်ရာ နယ်စပ် ဆက်ဆံရေးရုံးကို ဖွင့်လိုက်ပါပြီ။ မြ၀တီတဘက်ကမ်း မဲဆောက်မှာလည်း အလားတူရုံး ဖွင့်ပါတယ်။

နယ်စပ်ဒေသမှာ အလုပ်သမားတွေ အများဆုံး အသုံးပြုတဲ့ မြ၀တီ-မဲဆောက်လမ်းဟာ အရေးကြီးဆုံးဖြစ်တယ်လို့ မြ၀တီရုံးဖွင့်ပွဲမှာ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ ရဲမှူးချုပ် ၀င်းနိုင်ထွန်းက  ပြောပါတယ်။

မြန်မာပြည်သားအများအပြားဟာ ထိုင်းနိုင်ငံအတွင်း ၀င်ရောက်ပြီး အလုပ်လုပ်ကိုင်နေကြပါတယ်။ တရားဝင်စာရွက်စာတမ်းများ ပြုလုပ်ပြီး လုပ်ကိုင်နေသူတွေ ရှိသလို အထောက်အထား စာရွက်စာတမ်း မရှိဘဲ နေထိုင် လုပ်ကိုင်နေသူတွေလည်း ရှိပါတယ်။

အလုပ်အကိုင်အတွက် ထိုင်းနိုင်ငံအတွင်း မြို့ကြီးတွေကို သွားရောက်ကြတဲ့အခါ လူမှောင်ခိုသမားတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ကြပါတယ်။
တချို့ကလည်း ပိတ်လှောင် စေခိုင်းတဲ့ စက်ရုံ၊ ငါးဖမ်းစက်လှေ အစရှိတဲ့ လုပ်ငန်းခွင်များကို ရောက်ရှိသွားပြီး အလိုမတူဘဲ အလုပ်လုပ်ကိုင်နေကြရပါတယ်။

ဒီလို ပိတ်လှောင်ခံနေရမှုကနေ လွတ်မြောက်ရေး၊ နေရပ်ရင်း ပြန်ရောက်ရေးတို့အတွက်  နှစ်နိုင်ငံအာဏာပိုင်တွေ ပူးပေါင်းပြီး ဆောင်ရွက်ကြတာတွေ ရှိပါတယ်။
 ဒီလိုဖြစ်ရပ်တွေဟာ ထိုင်းမြန်မာနယ်စပ်မှာပဲ ဖြစ်နေတာ မဟုတ်ပါဘူး၊ တရုတ်မြန်မာနယ်စပ်မှာလည်း ဖြစ်နေပါတယ်၊ ဒီအကြောင်း ကိုးလအတွင်း တရုတ်သို့ ဇနီးမယား အဖြစ် လူကုန်ကူးမှု ၄၂ ခုဖြစ်ပွား http://burma.irrawaddy.org/news/2013/10/12/49461.html ဆိုတဲ့ သတင်းမှာ ဖတ်နိုင်ပါတယ်။
ဒီမနက် နယ်စပ်ရုံးဖွင့်ခြင်းနဲ့ ဆက်စပ်အကြောင်းအရာတွေအကြောင်း ပြန်ဆက်ရရင် ...

ထိုင်းမြန်မာအာဏာပိုင်တွေ ပူးပေါင်းနှိမ်နင်းနေပေမယ့် အခက်အခဲတွေ ရှိနေဆဲပဲ လို့ ရဲမှူးချုပ်က  ပြောပါတယ်။

"ပြစ်မှုကျူးလွန်တဲ့အဖွဲ့တွေက migrant workers (အလုပ်သမား) တွေကို smuglling (မှောင်ခိုသယ်ယူမှု) လုပ်ပြီးတော့  တရားမ၀င်ပို့ဆောင်နေတာက ကျနော်တို့အတွက် စိန်ခေါ်မှုတရပ်လို့ ယူဆလို့ ရပါတယ်"

တာချီလိတ်-မယ်ဆိုင်၊ မြဝတီ-မဲဆောက်၊ ကော့သောင်း-ရနောင်း အစရှိတဲ့ နယ်စပ် မျက်နှာချင်းဆိုင်မြို့ ၆ ခုမှာ  ဒီလိုရုံးတွေဖွင့်ဖို့ ထိုင်းနဲ့မြန်မာတို့ သဘောတူထားကြတာပါ။
အခုတော့ သဘောတူထားတဲ့အတိုင်း ရုံးတွေ ဖွင့်နိုင်ခဲ့ပါပြီ။
အလုပ် တွဲလုပ်ရတာ ပိုမို အဆင်ပြေသွားကြတော့မယ်လို့ ယူဆရပါတယ်။

မဲဆောက်-မြ၀တီဒေသမှာ နယ်စပ်ရုံးတွေ ဖွင့်လိုက်တဲ့အတွက် မျှော်လင့်ချက်တွေ အများကြီး ရှိလာကြောင်း ရဲမှူးချုပ် ၀င်းနိုင်ထွန်းက ပြောပါတယ်။

"သတင်းတွေ ဖလှယ်ကြမယ်၊ ပူးပေါင်းစုံစမ်းမှုတွေ လုပ်ကြမယ်၊ အတွေ့အကြုံတွေကို ဖလှယ်ကြမယ်၊ လူကုန်ကူးခံကြရသူတွေကို ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ပိုမို ပီပြင်အောင် ဆောင်ရွက်နိုင်မယ်၊
လူကုန်ကူးမှု ခံရနိုင်ဖွယ်ရှိတဲ့သူတွေကို ကူညီနိုင်မယ်၊ ကြိုတင်ကာကွယ်မှု လုပ်ငန်းတွေ ပိုမို ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ပါတယ်"

လူမှောင်ခိုမှု၊ လူကုန်ကူးမှုတွေကို ကာကွယ်ဖို့ ပူးတွဲဆောင်ရွက်ရေး လုပ်ငန်းတွေကို နှစ်နိုင်ငံ စာချုပ်ချုပ်ပြီး လုပ်ခဲ့တာ ဆယ်နှစ်ပြည့်ခဲ့ပြီဖြစ်ကြောင်း ရဲမှူးချုပ်က ဆိုပါတယ်။

ဒီမနက် ရုံးဖွင့်ပွဲ အခမ်းအနားကို လူကုန်ကူးမှု ပူးပေါင်း တိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းများရဲ့ ကိုယ်စားလှယ်တွေလည်း တက်ရောက်ကြပါတယ်။

ဆက်စပ်သတင်း  -
ကိုးလအတွင်း တရုတ်သို့ ဇနီးမယား အဖြစ် လူကုန်ကူးမှု ၄၂ ခုဖြစ်ပွား
http://burma.irrawaddy.org/news/2013/10/12/49461.html

(ဓာတ်ပုံများ - မန်းမျိုးမြင့်)



















.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved