ဧရာဝတီကို သံယောဇဉ်မပြတ်နိုင်တဲ့ ဝန်ကြီးဦးဆန်းဆင့်

Thursday, October 17, 2013

~




ဝန်ကြီးဦးဆန်းဆင့်က ဗဟိုအစိုးရအဖွဲ့မှာ တာဝန်ယူနေရပေမယ့် ကာလကြာရှည်စွာရင်းနှီးခဲ့တဲ့ ဧရာဝတီတိုင်းဒေသကြီးကို သံယောဇဉ်မပြတ်နိုင်ပါဘူး။


အဲဒီဒေသက အလုပ်သမားအများအပြား မြန်မာပြည်တောင်ပိုင်းမှာ အတိဒုက္ခရောက်နေတုန်း သူ ဘယ်လို ကူညီခဲ့တယ် ဆိုတာကို သတင်းထောက် ဆလိုင်းသန့်စင်က သတင်းပေးပို့ထားပါတယ်။
ဓာတ်ပုံကတော့ သူ တိုင်းဒေသကြီးလွှတ်တော်မှာ တာဝန်ယူစဉ် ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဧရာဝတီတိုင်းက ရွှေ့ပြောင်းလုပ်သားတွေကို သာသနာရေးဝန်ကြီးဌာနက နေရပ်ပြန်ပို့ပေး
အောက်တိုဘာလ ၁၆ 

ဧရာဝတီတိုင်းဒေသကြီးကနေ တနင်္သာရီတိုင်းဒေသကြီးကော့သောင်းမြို့နယ်က ထူးထူးတိုး ရာဘာစိုက်ပျိုးရေးကုမ္ပဏီမှာ သွားအလုပ်လုပ်ပြီး ဒုက္ခရောက်နေကြတဲ့ ရွှေ့ပြောင်းလုပ်သား ၆၄ ယောက်ကို သာသနာရေးဝန်ကြီးဌာနက တာဝန်ယူပြီး သူတို့မိဘများထံ ပြန်ပို့ပေးခဲ့ကြောင်း သတင်းရရှိပါတယ်။

ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် ထူးကြီးကျေးရွာအုပ်စုက ဒေသခံတွေကို လူခေါ်ပွဲစားတွေက ကော့သောင်းကိုလိမ်ညာခေါ်ဆောင်ပြီး အကြွေးနဲ့ ချည်နှောင်ကာ အလုပ်ခိုင်းစေခဲ့တာကြောင့် အလုပ်သမားတွေဒုက္ခရောက်နေပြီး အိမ်ပြန်ဖို့ အခက်တွေ့ နေကြကြောင်း၊
 ဒါကြောင့် သူတို့တွေကို
ကူညီကယ်ဆယ်ပေးဖို့ အတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အပါအ၀င်
နေပြည်တော်နဲ့ ပုသိမ်မြို့က လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့တွေထံ
အကူအညီတောင်းခံခဲ့ကြောင်း၊
သို့သော်လည်း အချိန်နဲ့တပြေးညီ ကူညီဆောင်ရွက်ပေးခြင်းမရှီတဲ့အတွက် သာသနာရေးဝန်ကြီးဌာနကို အကူအညီ တောင်းခံခဲ့ရာမှာ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က ကူညီပေးခဲ့ကြောင်း စသဖြင့် ပုသိမ်မြို့အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် ကာကွယ်ရေးကွန်ရက် (HRWDN) မှ ဦးထွန်းရွှေက ပြောပါတယ်။

“အလုပ်သမားတွေကို တနေ့ ၄,၅၀၀ ရမယ်ဆိုပြီးခေါ်သွားတာ ဟိုရောက်တော့ ၁,၅၀၀၊ ၂,၀၀၀၊ အများဆုံးမှ ၃,၀၀၀ လောက်ပဲရတယ်။ ပြီးတော့အကြွေးနဲ့ချည်နှောင်ပြီး ခိုင်းစေတာတွေ လုပ်တယ်။
 ဒီလ ၁၂ ရက်နေ့ညမှာ ထူးထူးတိုး ကုမ္ပဏီက  ခင်ဗျားတို့ပြန်ချင်ရင် အခုပြန်ကြဆိုပြီး အလုပ်သမားတွေကို မောင်းထုတ်လိုက်တာ လူပေါင်း ၆၄ ယောက်က ရာဘာခြံကထွက်လာပြီး ခြေလျင်လျှောက်ပြန်လာကြတယ်။
၁ ရက်နဲ့ ၁ ည လမ်းလျှောက်ပြီးတဲ့အချိန်မှာ ခရိုင်အုပ်ချုပ်ရေးမှူး အကူအညီနဲ့ ဘုတ်ပြင်းမြို့ကို ရောက်သွားတယ်။
ဒါပေမယ့် ဘုတ်ပြင်းကနေ အင်္ဂပူအထိ ပြန်ခေါ်ဖို့ကို တိုင်းအစိုးရရော၊ လူကုန်ကူးမှု တိုက်ဖျက်ရေးတပ်ဖွဲ့ကိုရော အကူအညီ တောင်းတယ်။
ဘယ်ဌာနဆိုင်ရာကမှ အချိန်နဲ့တပြေးညီ ကူညီမပေးဘူး။ နောက်ဆုံးမှာ ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဋ္ဌ လုပ်ခဲ့တဲ့ အခု သာသနာရေးဝန်ကြီးဖြစ်နေတဲ့ ဦးဆန်းဆင့်ကို အကူအညီတောင်းတော့မှ သူက အချိန်မဆိုင်းဘဲ ချက်ခြင်း ကူညီပေးခဲ့တာပါ”လို့ သူက ပြောပါတယ်။
ဧရာဝတီတိုင်းက ဒေသခံအများအပြား ဦးဆန်းဆင့်ကို လေးစားကြပုံအကြောင်း
ဒီဘလော့မှာ ဖော်ပြပြီးပါပြီ။
http://blog.irrawaddy.org/2013/01/blog-post_8193.html မှာ ဖတ်ရှုနိုင်ပါတယ်။
အလုပ်သမားတွေအကြောင်း ဆက်ရရင် ... ဘုတ်ပြင်းမှာ ခိုလှုံနေတဲ့ ရွှေ့ပြောင်းလုပ်သားဒုက္ခသည် ၆၄ ဦးကို  ဦးဆန်းဆင့်ရဲ့ ညွှန်ကြားချက်အရ တနင်္သာရီတိုင်းဒေသကြီး သာသနာရေးဌာနက တာဝန်ယူပြီး ဘုတ်ပြင်းမြို့ကနေ အင်္ဂပူမြို့နယ်ထူးကြီးကျေးရွာအထိ ပြန်လည်ပို့ဆောင်ပေးမှာဖြစ်ပြီး မနေ့ကမနက်ပိုင်းကနေစတင်ပြီး ကား ၂ စီးနဲ့ ဘုတ်ပြင်းမြို့က ထွက်ခွာလာပြီဖြစ်ကြောင်း နေပြည်တော်ရှိ သာသနာရေးဝန်ကြီးဌာနက အကြီးတန်းအရာရှိတဦးက ပြောပါတယ်။

“ပို့ပေးမှာက ကလေး၊လူကြီး စုစုပေါင်း ၆၄ ဦးဖြစ်ပါတယ်။ သူတို့ မနေ့ကမနက် ၈ နာရီမှာ ကား ၂ စီးနဲ့ ဘုတ်ပြင်းမြို့က စထွက်လာကြပါပြီ။
ဘုတ်ပြင်းကနေ မြိတ်မြို့အထိကို ဘုတ်ပြင်းမြို့နယ်သာသနာရေးဌာနက တာဝန်ယူပို့ပေးမှာပါ။
မြိတ်ကနေ အင်္ဂပူအထိတော့ တနင်္သာရီတိုင်းသာသနာရေးက တာဝန်ယူပို့ပေးမှာဖြစ်ပါတယ်။ မနေ့ညကတော့ မြိတ်မြို့မှာ ညအိပ်ရပ်နားပြီး ဒီမနက် မြိတ်ကနေစထွက်လာကြပါပြီ”လို့ သူက ပြောပါတယ်။

ထူးကြီးမြို့ကလူတွေ ကော့သောင်းကိုရောက်သွားတဲ့ဖြစ်စဉ်ကတော့ ... ထူးကြီးကျေးရွာက ကိုအငယ်လေး (ခေါ်) ဌေးလင်း၊ ကိုလှဟန်နဲ့ ကိုမိုးဇော် ဆိုသူတွေက ကော့သောင်းက ရာဘာခြံမှာ ဆေးဖြန်းရမယ်၊ ရာဘာပင်စိုက်ရမယ်၊
တနေ့ကို လုပ်ခ ၄,၅၀၀ ကျပ်ရမယ်၊  ဆိုပြီး ထူးကြီးကျေးရွာက အလုပ်အကိုင်ရှားပါးတဲ့လူတွေကို ပြောဆိုစည်းရုံးပြီး လူပေါင်း ၁၀၀ ကျော်ကို ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာ ထူးကြီးကနေကော့သောင်းကို အဆင့်ဆင့် လွှဲပြောင်းပို့ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကော့သောင်းရောက်ရှိချိန်မှာတော့ ရာဘာပင်စိုက်တာ ဆေးဖြန်းတာတွေ မလုပ်ရဘဲ ရာဘာပင်ပေါင်းရှင်းတာတွေပဲလုပ်ခိုင်းပြီး လုပ်ခကိုတော့ ၁ နေ့လုံးလုပ်မှ ၁,၀၀၀ ကျပ်ကနေ အများဆုံး ၃,၀၀၀ ကျပ်အထိပဲရတယ်လို့ ထူးထူးတိုးရာဘာခြံမှာ အလုပ်လုပ်ပြီး မနေနိုင်လို့ ပြန်ထွက်ပြေးလာတဲ့ ကိုတင်ထွေးက ပြောပါတယ်။

“လမ်းစရိတ်ကို အခမဲ့ဆိုပြီးပြောတယ်။ ဟိုရောက်တော့ လမ်းစရိတ် ၅ဝ,ဝဝဝ အကြွေးမှတ်တယ်။ ပေါက်တူး၊ ဓား၊ တောစီးဖိနပ်၊ စားဖို့သောက်ဖို့ ဒန်အိုး ဒန်ခွက်တွေလည်း ကိုယ့်ဘာသာဝယ်ရပြီး သူတို့က အကြွေးမှတ်တယ်။
 ပြီးတော့ အဲဒီငွေတွေပေါင်းလိုက်တာ အလုပ်ကမစရသေးဘူး လူ ၁ ယောက်ကို အကြွေး ၁ဝဝ,ဝဝဝ ကျော် တင်နေပြီ။ အဲဒီအကြွေးကို ကျနော်တို့ လုပ်အားခထဲက ၁ နေ့ကို ၅၀၀ ဖြတ်၊ ၁,၀၀၀ ဖြတ်နဲ့ ဖြတ်ယူတယ်”

“တနေ့လုပ်လို့ ငွေ ၂,၀၀၀၊ ၁,၅၀၀ လောက်ပဲရတာကို အကြွေးအတွက်ပိုက်ဆံဖြတ်တော့ စားဖို့က ဘာမှမကျန်တော့ဘူး။ ဆန်ဝယ်ထမင်းချက်ပြီး အနီးနားက ချဉ်ပေါင်ပင်စိုက်တဲ့ အဘိုးကြီးဆီက ချဉ်ပေါင်ရွက်တွေတောင်းပြီး နေ့တိုင်းနီးပါး အဲဒါပဲစားခဲ့ရတယ်။ အပြင်လည်း လုံးဝထွက်ခွင့်မပေးဘူး။
တူမီးသေနတ်တွေကိုင်ထားတဲ့ လုံခြုံရေးတွေ အစောင့်ချထားတယ်။ အလုပ်လုပ်တော့ နေပူမိုးရွာမရှောင် ပင်ပင်ပန်းပန်းလုပ်ရတယ်။
စားတော့ ဖြစ်ကတတ်ဆန်း၊ အိမ်ကိုငွေပြန်ပို့နိုင်မလားဆိုပြီး အလုပ်လာလုပ်တာ ကိုယ်တောင် မသေရုံတမယ်စားနေရပြီး အကြွေးနွံနစ်နေတဲ့ဘ၀ဖြစ်နေတာနဲ့ မထူးဘူးဆိုပြီး ကော့သောင်းကနေ ဧရာဝတီတိုင်းကို ပြန်ပြေးလာခဲ့တယ်။ လမ်းမှာ ၅ ရက်လောက် ထမင်းငတ်ခဲ့တယ်”လို့ ကိုတင်ထွေးက ပြောပါတယ်။

ကိုတင်ထွေးအပါအ၀င် အလုပ်သမား ၁၂ ဦး ထူးထူးတိုးရာဘာခြံကနေ ထွက်ပြေးတဲ့ နောက်ပိုင်းမှာ နေရပ်ပြန်ချင်တဲ့အလုပ်သမားတွေ ကုမ္ပဏီကိုပေးစရာရှိတဲ့အကြွေး အကုန်ပြန်ဆပ်ရင် ပြန်ခွင့်ပေးမယ်လို့ ပြောဆိုလာတဲ့အတွက် ကော့သောင်းက ရာဘာခြံ လုပ်သားတွေဟာ ဧရာဝတီတိုင်း အင်္ဂပူမြို့နယ် ထူးကြီးရွာမှာရှိတဲ့ သူတို့မိသားစုဝင်တွေဆီကို ငွေတွေတောင်းခံကြပါတယ်။

“ကျမရဲ့ယောက်ျားရော၊ သားရော၊ အစ်ကိုရော ကော့သောင်းကိုပါသွားတယ်။
သူတို့နဲ့ ဖုန်းဆက်တော့ နင်တို့အလုပ်အဆင်ပြေလားမေးတော့ အဲဒါတွေ မမေးနဲ့။
ငါတို့ အိမ်ပြန်လာဖို့အတွက် ကုမ္ပဏီကို ပိုက်ဆံပေးရမယ်။ တယောက်ကို တသိန်းခွဲပေးရမယ်။ အဲဒါ မရှိရှိတာ ရောင်းချပြီး ထူးကြီးမှာရှိတဲ့ အငယ်လေး(လူခေါ်ယူစုဆောင်းသူ) ကို ပေးထားလိုက်ပါ။ ငွေမပေးနိုင်ရင် ငါတို့ပြန်လာဖို့မမျှော်လင့်နဲ့။ သပိတ်သာသွပ်လိုက်တော့လို့ ပြောတယ်။
အဲဒါနဲ့ကျမလည်း ရှိတဲ့ခြံဝိုင်းလေးရောင်းပြီး အငယ်လေးကို လေးသိန်းခွဲ ပေးလိုက်ရတယ်”လို့ ထူးကြီးကျေးရွာက ဒေါ်အေးကပြောပါတယ်။

ကော့သောင်းမှာအလုပ်သွားလုပ်သူအိမ်ပြန်ရောက်ဖို့အတွက် မရှိရှိတာ ထုခွဲရောင်းချပြီး ငွေပေးခဲ့တဲ့ မိသားစု ၁၇ စုရှိပြီး အဲဒီငွေတွေကို ထူးကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးမှာ အုပ်ချုပ်ရေးမှူး ဦးမောင်ဖြူရှေ့မှာတင် လူခေါ်စုဆောင်းသူ ကိုအငယ်လေးကို ပေးအပ်ခဲ့တာဖြစ်တယ်လို့ ငွေပေးခဲ့ရသူတွေကပြောပါတယ်။

အောက်တိုဘာလ ၁၂ ရက်နေ့မှာ ထူးကြီးကို ထူးထူးတိုးကုမ္ပဏီတာဝန်ခံ ကိုသက်နိုင်ဦးဆိုသူ ရောက်ရှိလာပြီး လူတွေပြန်ခေါ်ဖို့ပေးထားတဲ့ငွေတွေကို ယူဆောင်သွားခဲ့ပါတယ်။

ထူးခြားချက်တခုကတော့ ကော့သောင်းရောက်သွားသူတွေထဲမှာ ဧရာဝတီတိုင်းအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးသိန်းအောင်ရဲ့ဇာတိရွာဖြစ်တဲ့ အင်္ဂပူမြို့နယ်အလယ်စုကျေးရွာက လူ ၅ ဦး ပါဝင်ကြောင်းသိရပြီး အဲဒီလူတွေအိမ်ပြန်ရောက်ဖို့ လူ ၁ ယောက်ကို တသိန်းခြောက်သောင်းနှုန်းနဲ့ ငွေရှစ်သိန်းပေးထားခဲ့ပေမယ့် ကုမ္ပဏီတာဝန်ခံ ကိုသက်နိုင်ဦးက အဲဒီငွေတွေ ယူမသွားခဲ့ဘူးလို့ သိရပါတယ်။
ကျန်တဲ့ငွေ ဆယ်သိန်းကျော်ကိုတော့ ယူသွားပြီး အောက်တိုဘာလ ၁၂ ရက်နေ့မှာပဲ ထူးကြီးမြို့က ထွက်ခွာသွားခဲ့ပါတယ် တဲ့။

ထူးထူးတိုးကုမ္ပဏီဟာ အလုပ်အကိုင်ရှားပါးတဲ့ဒေသကလူတွေကို အလုပ်လုပ်ဖို့ ဆွဲဆောင် စည်းရုံးခြင်း၊ လူစုဆောင်းခြင်း၊ လွှဲပြောင်းပို့ဆောင်ခြင်း၊
လုပ်အားခ ခေါင်းပုံဖြတ်ခြင်း၊ ကြွေးမြီနဲ့ချည်နှောင် ခိုင်းစေခြင်းများ တွေ့ရှိရတဲ့အတွက် ပုသိမ်မြို့ရှိလူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ရာမှာ ရဲတပ်ဖွဲ့မှ ဒု
တပ်ကြပ် သန်းဇော်မင်းက ထူးကြီးကျေးရွာသို့လာရောက် စစ်ဆေးခဲ့ကြောင်း HRWDN အဖွဲ့က ပြောပါတယ်။

“ပုသိမ်လူကုန်တားအဖွဲ့က ထူးထူးတိုးကုမ္ပဏီက ပြန်ထွက်ပြေးလာတဲ့လူတွေကို တွေ့ဆုံပြီး စစ်ချက်ယူသွားတယ်။ စစ်ချက်တွေကို နေပြည်တော်အထိ တင်ပြထားတယ်လို့ပြောတယ်။ ခုချိန်အထိတော့ ထူးထူးတိုးကုမ္ပဏီကို လူကုန်ကူးမှုနဲ့အရေးယူတာ ဖမ်းဆီးတာတွေတော့ မကြားရသေးဘူး။
ကျနော့်အမြင်တော့ အခုဖြစ်သွားတဲ့ထူးကြီးကိစ္စဟာ လူကုန်ကူးမှု မြောက်တယ်လို့ မြင်တယ်။
ပြည်တွင်းလူကုန်ကူးမှုပေါ့။ ဘာလို့ဆိုတော့ သူတို့အနေနဲ့ အလုပ်လုပ်ဖို့ စည်းရုံးတယ်။ လူစုဆောင်းတယ်။ အဆင့်ဆင့်လွှဲပြောင်းပို့ဆောင်တယ်။
အကြွေးနဲ့ချည်နှောင်ခိုင်းစေတယ်။ ဒီအဆင့်တွေပြည့်စုံရင် လူကုန်ကူးမှုမြောက်တယ်လို့ပဲ ကျနော်နားလည်ထားပါတယ်”လို့ ဦးထွန်းရွှေက ပြောပါတယ်။

ထူးကြီးဒေသကရွှေ့ပြောင်းလုပ်သားဒုက္ခသည်တွေကို ကူညီကယ်ဆယ်ပေးတဲ့အတွက် ဒုက္ခသည်တွေရဲ့မိသားစုတွေက  ၀န်ကြီး ဦးဆန်းဆင့်ကို ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ဖို့ စီစဉ်နေကြောင်းလည်း သိရပါတယ်။


ဆလိုင်းသန့်စင် 



ဦးဆန်းဆင့် ဧရာဝတီတိုင်းမှာ ပေါ်ပြူလာဖြစ် 
http://blog.irrawaddy.org/2013/01/blog-post_8193.html

ဗိုလ်ချုပ်ဟောင်းနှစ်ယောက် လူထုထောက်ခံမှု ရနေ 
http://blog.irrawaddy.org/2013/02/blog-post_8441.html


.

1 comments :

  1. Sam tun said... :

    Rare Good Man in Myanmar.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved