ရှစ်လေးလုံးအရေးတော်ပုံကြီးနဲ့အတူ ပေါ်ပေါက်လာတဲ့  မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်း သားများဒီမိုကရက် တစ်တပ်ဦး (မကဒတ) ကို ဖွဲစည်းတည်ထောင်လာခဲ့တာ ဒီရက်ပိုင်းမှာပဲ ၂၅ နှစ်တင်းတင်းပြည့်လို့ ငွေရတုတိုင်ခဲ့ပါပြီ။
နိုဝင်ဘာ (၁) ရက်နေ့က မကဒတ ၂၅ နှစ်ပြည့် အခမ်းအနားကို ကချင်ပြည်နယ်၊ လိုင်ဇာမြို့မှာ ကျင်းပခဲ့ပါတယ် (ဓာတ်ပုံများ - ဂျေပိုင်/ဧရာဝတီ)
တိုင်းရင်းသားလူမျိုးပေါင်းစုံပြည်သူတရပ်လုံး စစ်အာဏာရှင်စနစ်အောက်မှလွတ်မြောက်ရေး၊ ဒီမိုကရေနဲ့ လူ့ အခွင့်အရေးရရှိရေး၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး နဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးဆိုတဲ့ ဦးတည်ချက် ၄ ရပ်ကို ကိုင်စွဲပြီး ၂၅ နှစ်တိုင်တိုင် တိုက်ပွဲဝင်ခဲ့တဲ့ ခရီးမှာ အသက်ပေးသွားရတဲ့ ရဲဘော် ၆၇ဝ ဦး ရှိပြီး၊ ထိခိုက်ဒဏ်ရာ ရသူ ၄၁၇ ဦးရှိတယ်လို့ မကဒတ ရဲ့ထုတ်ပြန်ချက် တရပ်အရ သိရပါတယ်။
အခုလို ဒီမိုကရေစီရေးတိုက်ပွဲအတွက် အသက်တွေ၊ ခန္ဓာကိုယ်တွေ ရင်းနှီးပေးဆပ်ခဲ့ရပေမယ့် မိဘ၊ ဆွေမျိုးသားချင်းတွေအနေနဲ့ သူတို့ရဲ့သား၊ သမီး၊ ညီအကို၊ မောင်နှမတွေရဲ့ကံကြမ္မာကို သိခွင့်ရသူလည်း ရှိသလို၊ မသိကြသူတွေလည်းရှိပါတယ်။ ပြီးခဲ့တဲ့ ရှစ်လေးလုံးငွေရတု ကာလရောက်မှ တချို့ ဆွေမျိုးသားချင်း တွေလည်း မိမိတို့ရဲ့ညီအကို၊ မောင်နှမတွေ ကျဆုံးသွားတာ၊ ကွယ်လွန်သွားတာ သိကြရတယ်လို့ စိတ်မကောင်းစရာ ကြားရပါတယ်။ ခုချိန်ထိလည်း သေဆုံး၊ ကျဆုံးသွားသူတွေအကြောင်း သိချင်မှ သိဦးမယ့် မိသားစု၊ ဆွေမျိုးသားချင်းတွေ ရှိကောင်း ရှိနေနိုင်ပါသေးတယ်။
မကဒတ မှာ ဆယ်စုနှစ် တခုကျော်လောက် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့အပေါ် အမှတ်တရတွေနဲ့ ပြောစရာ တွေက ရင်နဲ့အပြည့်ရှိနေပါတယ်။ အဲဒီထဲကမှ ထူးထူးခြားခြား အမှတ်ရမိတာကတော့ “ရဲဘော်၊ ရဲဘက်” စိတ်နဲ့ ညီရင်းအကို၊ မောင်ရင်းနှမလို တဦးကို တဦး ဖေးမ၊ ကူညီခဲ့တဲ့ ချစ်စရာကောင်းတဲ့ အမူအကျင့်၊ စိတ်ဓာတ်တွေပါ။
ရှစ်လေးလုံးအရေးတော်ပုံကြီးနောက်ပိုင်း တောခိုလာခဲ့တဲ့ထဲမှာ ကျောင်းသားတွေပါသလို၊ တခြား လူထု၊ လူတန်းစား အလွှာအသီးသီးက လူငယ်တွေ၊ လူကြီးတွေပါ ပါဝင်ပါတယ်။ မကဒတ ဖွဲ့စည်းပြီး စခန်းအသီးသီး၊ တပ်ရင်းအသီးသီးမှာ ရောက်ရှိ၊ တာဝန်ထမ်းဆောင်ခဲ့သူတွေမှာ မိဘ၊ ဆွေမျိုးတွေ စောင့်ရှောက်မှုက ဝေးကွာတဲ့ နေရာ၊ ရဲဘော်အတော်များများနဲ့ အကျွမ်းမဝင်တဲ့ တော၊ တောင်တွေကြား၊ ခက်ခက်ခဲခဲ ရုန်းကန်ရင်း ပြင်းထန်တဲ့ ငှက်ဖျားဒဏ်ရဲ့ဖိစီးမှုအောက်မှာ အားလုံးတညီတညွတ်တည်း သင်တန်းပေးစရာမလို၊ စည်းရုံးစရာမလိုဘဲ ရရှိလာတဲ့ အသိတရားနဲ့ တဦးကို တဦး ဖေးမကူညီ၊ ရိုင်းပင်းကြတာပဲ ဖြစ်ပါတယ်။ တယောက်ဖျားနေရင် ကျန်တဲ့သူတွေက မရှိ၊ ရှိတာနဲ့ ၀ိုင်းဝန်းပြုစု၊ ရှိစုမဲ့စု အဝတ်အစား၊ ယူနီဖောင်းတွေ လျှော်ဖွတ်သန့်စင် စသဖြင့် မိသားစုအရင်းတွေလို စောင့်ရှောက်ကြတာပါ။
ရဲဘော်အချင်းချင်း အခန့်မသင့်လို့ စကားများကြရင်လည်း အလွန်ဆုံး ထိုးကြိတ်ကြတာလွဲလို့ တယောက်နဲ့ တယောက် နင်ပဲငဆ၊ နင့်နင့်သည်းသည်း ပြောဆိုတာ၊ သွေးထွက်သံယိုဖြစ်အောင် အကြမ်းဖက်မှုတွေ မရှိသလောက်ပါဘဲ (ခြွင်းချက် အနေနဲ့ တချို့နေရာတွေမှာ ရှိခဲ့ပေမယ့် ရာခိုင်နှုန်းအရတော့ အတော့်ကို နည်းပါတယ်)။ ရန်ဖြစ်ကြ၊ စကားများကြရင်လည်း အငြိုးအတေးထားတာမျိုး မရှိဘဲ၊ မကြာခင် စိတ်ဆိုးပြေသွားတာနဲ့ ပုံမှန်အတိုင်း ပြန် ဆက်ဆံကြတာများပါတယ်။
နောက်တခုက ကြီးနိုင်၊ ငယ်ညှဉ်းစိတ်ဓာတ်တို့၊ လက်နက်ကိုင်အဖွဲ့အစည်းတွေမှာ တွေ့ရလေ့ရှိတဲ့ အထက်အောက် ဖိနှိပ်တာ၊ ဒါမှမဟုတ် အထက်နဲ့အောက် အခွင့်အရေးကွာခြားတာတို့လည်း မရှိသလောက်ပါဘဲ။ ယူနီဖောင်းတွေဝတ်၊ လက်နက်တွေကိုင်ထားကြပေမယ့် အားလုံးရဲ့စိတ်ထဲမှာ စစ်အာဏာရှင်စနစ်ကို လက်တွဲတိုက်ပွဲဝင်နေတဲ့ ညီရင်းအကိုတွေလို သဘောထားကြလို့ပါဘဲ။ တိုက်ပွဲတွေ ပြင်းထန်နေတဲ့အချိန်ဆို ကိုယ့်ရဲဘော်တွေ ထိခိုက်ဒဏ်ရာရရင်လည်း အဆုံအရှုံးမရှိရလေအောင် ဆွဲကြ၊ သယ်ကြနဲ့၊ ကျဆုံးသွားရင် တောင်မှ ဖြစ်နိုင်ရင် အလောင်းရအောင်၊ ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်နိုင်အောင် ကြိုးပမ်းကြပါတယ်။
ကျနော့်လက်ပေါ်မှာဘဲ မထင်မရှား ကျဆုံးသွားသူတွေ၊ ထိခိုက်ဒဏ်ရာ ရသူတွေနဲ့ ကွယ်လွန်သွားသူတွေလည်း ရှိခဲ့ကြပါတယ်။ သူတို့အတွက်လည်း နောင်တချိန်မှာ မှတ်တမ်းလေးတွေဖြစ်အောင် တတ်နိုင်သလောက် ဖော်ထုတ်ရေးသားနေပါတယ်။ ဒါပေမယ့် သူတို့နဲ့ပတ်သက်တဲ့ အကြောင်းအရာ၊ အဖြစ်အပျက်တွေကို မှတ်မိပေမယ့်၊ နေရာဒေသအတိအကျနဲ့ ဘယ်တုန်းကဖြစ်ပျက်ခဲ့သလဲဆိုတဲ့ ခုနှစ် သက္ကရာဇ်တွေတော့ မမှတ်မိတော့ပါဘူး။ ကျနော်ရေးခဲ့တဲ့ မှတ်တမ်းစာအုပ်တွေလည်း ဒေါင်းဂွင်ကျတာနဲ့အတူ ပါသွားတဲ့အတွက်၊ ကိုယ့်မှတ်ဥာဏ်အားကိုးနဲ့ဘဲ ပြန်ရေးရပါတယ်။ အဲဒီ့အဖြစ်အပျက်မှာ ပါခဲ့တဲ့သူတွေကိုလည်း ပြန်မေး၊ သူတို့နဲ့ ပြန်တိုက်ဆိုင်ညှိနှိုင်းရတာပေါ့။
တော်လှန်ရေးလုပ်တာဖြစ်လို့ အခက်အခဲ၊ ပင်ပန်းတာ၊ ကြမ်းတမ်းတဲ့ အတွေ့အကြုံတွေကို ရင်ဆိုင်ကျော်ဖြတ်ရင်းမှ ပျော့ညံ့တဲ့စိတ်ဓာတ်တွေ ကြံ့ခိုင်လာတာ၊ ဘာမဆို အလျှော့မပေးဘဲ ရအောင်ယူမယ်ဆိုတဲ့ စိတ်ဓာတ်တွေ မွေးမြူလာနိုင်ကြတယ်။ ဒီအတွေ့အကြုံနဲ့ ရင့်ကျက်မှုက ဘာနဲ့မှ အစားထိုးလို့မရအောင် ကျနော့်အတွက် တန်ဖိုးရှိလှပါတယ်။
နောက်တခါ တယောက်နဲ့ တယောက် ကိုယ်သိတဲ့ တတ်တဲ့ အတတ်ပညာတွေ မျှဝေကြတာပါ။ အတန်းပညာအရ ရှိချင်မှ ရှိပေမယ့် တောထဲမှာ ဘယ်လို နေထိုင်ရမလဲ၊ သားရှာ၊ ငါးရှာ၊ ဖားရှာတာ၊ မျှစ်က စလို့ တောထဲက စားလို့ရတဲ့ အသီး၊ အရွက်တွေ ရှာဖွေတာ၊ အသီးအရွက် စိုက်တာ၊ မီးသွေးဖုတ်တာ (အဲဒီ တုန်းကတော့ သဘာဝပတ်ဝန်းကျင် ပြုန်းတီးမှာထက်၊ ကိုယ့်ကိုယ်ကိုယ် မပြုန်းတီးအောင် အသက်ဆက်ဖို့ မီးသွေးလည်း ဖုတ်ခဲ့ရတာပဲ)၊ တောင်ယာစိုက်တာ စသဖြင့် နည်းပေးလမ်းပြ ကြတာမျိုးပေါ့။
တောထဲက စားစရာတွေရှာစားရင်း ဒုက္ခရောက်ခဲ့တာလေးလည်း ကြုံခဲ့ဖူးပါတယ်။ ကျနော်တို့ ဒေါင်းဂွင်မှာ အခြေချနေတုန်း တပ်ရင်းမှုး ကိုတင်စိုးနဲ့ ကွန်စိုး ဆိုတဲ့ ရဲဘော်လေး တယောက် တောထဲမှာ မှိုတွေ တွေ့လာလို့ အားရဝမ်းသာ နှုတ်ခဲ့ကြတယ်။ ရတဲ့မှိုကလည်း တော်တော်များတော့ တပ်ရင်းတရင်းလုံး (အဲဒီအချိန်က အင်အားအပြည့်တော့ မရှိတော့ဘူး) ချက်စားကြတာပေါ့၊ မှိုနဲ့ပတ်သက်ပြီး အဆိပ်၊ အတောက်ဖြစ်တတ်တယ်ဆိုတော့ တချို့လည်း အရင်မစားဘူး။ စားရဲတဲ့သူတွေ အရင်စားပြီး နာရီဝက်လောက်ကြာလို့ ဘာမှ မဖြစ်တော့မှ နောက်လူတွေလည်း လိုက်စားတယ်။ ဒါပေမယ့် နောက်လူတွေ စစားတဲ့အချိန်မှာဘဲ ပထမ စားပြီးသွားတဲ့သူတွေ မှိုတောက်လို့ စပြီး အန်ပါတော့တယ်၊ နောက်လူတွေလည်း စားလက်စနဲ့ပဲ အန်ကြပါတယ်။ ဒါနဲ့ပဲ တပ်ရင်းတရင်းလုံး ၁၅ မိနစ်လောက်အကွာမှာရှိတဲ့ ဗဟိုဆေးခန်းကို တန်းစီ လမ်းလျှောက်ပြီး ဆေးကုဖို့ ချီတက်ကြရပါသေးတယ်။ ကံကောင်းလို့ ဘယ်သူမှ ဘာမှ မဖြစ်ခဲ့တာပေါ့။
ကျနော်ကိုယ်တိုင်လည်း မိဘအိမ်မှာနေတုန်းက စာတော်တဲ့၊ စာကြိုးစားတဲ့ ကျောင်းသားတယောက် မဖြစ်ခဲ့ပေမယ့်၊ တောထဲရောက်မှ လေ့လာလို့ရသမျှ ကိုယ့်နည်းကိုယ့်ဟန်နဲ့ရော၊ စေတနာ့ဝန်ထမ်း သင်ကြားပြသသူတွေရော၊ ကြုံတောင့်ကြုံခဲ တက်ရောက်ရတဲ့ သင်တန်းတွေကြောင့်ပါ (အရင်တုန်းက စွမ်းရည်မြှင့် သင်တန်းတွေ ခုလို အလျှံအပယ် မရှိတဲ့ခေတ်ဆိုတော့) အသိပညာ၊ အတတ်ပညာတွေ စိတ်ရောကိုယ်ပါ နှစ်ပြီး ဆည်းပူးလာနိုင်ခဲ့တယ်။
ဒါတွေက ကောင်းတဲ့ အမူအကျင့်တွေ၊ စိတ်ဓာတ်တွေ မကဒတမှာ ဖြတ်သန်းရင်းနဲ့ တွေ့ခဲ့တာ၊ ရခဲ့တာပါ။ အားနည်းချက်တွေ၊ အုပ်စုစွဲ၊ အတွေးအခေါ်၊ ခံယူချက်မတူလို့ ကွဲကြ၊ ပြဲကြတာတွေလည်း ရှိခဲ့တာ အမှန်ပါပဲ။ အထင်ရှားဆုံးကတော့ ၁၉၉၁ ခုနှစ် တတိယအကြိမ်ညီလာခံမှာ မကဒတ နှစ်ခြမ်းကွဲခဲ့ဖူးတာပေါ့။
ကျနော်တို့ တပ်ရင်းမှာလည်း (၂ဝ၆) ကနေ (၂၁၆) အဖြစ် ပြောင်းလဲဖွဲ့စည်းတဲ့အခါ၊ သဘောထား ကွဲတဲ့ အုပ်စုက (၂ဝ၆) အဖြစ် ရပ်တည်တာ။ (၂၁၆) မှာကျပြန်တော့လည်း ပေါင်းစည်းလို့မရတဲ့ အကွဲအပြဲတွေနဲ့ ကြုံရတာ။ မကဒတ နှစ်ခြမ်းကွဲတဲ့ ရိုက်ခတ်မှုနဲ့အတူ တပ်ရင်းတရင်းထဲက ရဲဘော်တွေ ဟိုဘက်၊ ဒီဘက် ကိုယ်ယုံကြည်ရာနောက်ကို ရောက်သွားကြတာ။ ကြားနေကြတာ အစရှိသဖြင့် အုပ်စုတွေ ကွဲသွားကြတာလည်း ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ ပေါင်းစည်းရေးညီလာခံလုပ်ပြီး မကဒတကို ပြန်လည်ပေါင်းစည်းနိုင်ခဲ့ပါတယ်။
ဒါ့အပြင် ၂ဝဝဝ ခုနှစ် နောက်ပိုင်းကာလတွေမှာ မကဒတ အင်အားတွေ တစ၊ တစ ဆုတ်ယုတ်လာပါတယ်။ အခြေအနေအကြောင်းကြောင်းကြောင့် တတိယနိုင်ငံတွေ ထွက်သွားသူတွေရှိသလို၊ ကိုယ်လုပ်ချင်တဲ့၊ ကိုယ်နဲ့ကိုက်ညီမယ့် လုပ်ငန်းတွေလုပ်နိုင်ဖို့ မကဒတကို လမ်းခွဲသွားသူတွေလည်း ရှိလာပါတယ်။ ကျနော်ကိုယ်တိုင်လည်း ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ကိုယ်နဲ့အကိုက်ညီဆုံး ကိုယ်လုပ်နိုင်မယ့် လုပ်ငန်းတွေ လုပ်နိုင်ဖို့ မကဒတ က ထွက်ခဲ့ပါတယ်။
ကျနော်ကိုယ်တိုင် မကဒတမှာ မရှိတော့ပေမယ့်၊ ယခုအချိန်အထိ မကဒတကို မိခင်အဖွဲ့အစည်းလို သဘောထားလျက်ပါ။ မကဒတမှာ ဇွဲနဘဲနဲ့၊ ယုံကြည်ချက်နဲ့ ဆက်လက်ကျန်ရှိနေတဲ့ ရဲဘော်၊ ရဲဘက်ဟောင်းတွေကိုလည်း လေးစားလျက်ပါ။ သူတို့တွေရှိနေလို့သာ မကဒတအလံ ဆက်ရှိနေတာဖြစ်ပြီး၊ ဦးတည်ချက် (၄) ရပ်ကို ဆက်လက်အကောင်အထည် ဖော်နိုင်ကြတာလို့ မြင်ပါတယ်။
နိုဝင်ဘာလ (၁) ရက်နေ့မှာ ကျရောက်တဲ့ မကဒတ ငွေရတုမှာ၊ ၂၅ နှစ်တာ ဖြတ်သန်းမှုအတွင်း မထင်မရှား ပေးဆပ်သွားသူတွေ၊ ကျဆုံး၊ သေဆုံး၊ ဒဏ်ရာရရှိသူတွေနဲ့ ဆက်လက်တိုက်ပွဲဝင်နေသူ အားလုံးကို လေးစား၊ ဂုဏ်ပြုလိုက်ပါတယ်။
ဟန်ပိုင်
.
Sorry, It is not true.
ရဲဘော်အချင်းချင်း အခန့်မသင့်လို့ စကားများကြရင်လည်း အလွန်ဆုံး ထိုးကြိတ်ကြတာလွဲလို့ တယောက်နဲ့ တယောက် နင်ပဲငဆ၊ နင့်နင့်သည်းသည်း ပြောဆိုတာ၊ သွေးထွက်သံယိုဖြစ်အောင် အကြမ်းဖက်မှုတွေ မရှိသလောက်ပါဘဲ (ခြွင်းချက် အနေနဲ့ တချို့နေရာတွေမှာ ရှိခဲ့ပေမယ့် ရာခိုင်နှုန်းအရတော့ အတော့်ကို နည်းပါတယ်)။ ရန်ဖြစ်ကြ၊ စကားများကြရင်လည်း အငြိုးအတေးထားတာမျိုး မရှိဘဲ၊ မကြာခင် စိတ်ဆိုးပြေသွားတာနဲ့ ပုံမှန်အတိုင်း ပြန် ဆက်ဆံကြတာများပါတယ်။