ရှမ်းရိုးမကိုချစ်တဲ့စိတ်နဲ့ ရေးဆွဲတဲ့ ဇော်မင်းထူးရဲ့ တကိုယ်တော် ပန်းချီပြပွဲ

Tuesday, November 26, 2013



~
 


 

ပန်းချီဆရာ ဇော်မင်းထူးနှင့် သူ၏ ပန်းချီကား (ဓာတ်ပုံ နိုင်စွမ်း/ဧရာဝတီ)   .
 .
   
“ရှမ်းတောင်တန်းတွေ အပေါ် ရောက်လာတဲ့ ဘယ်လို ဧည့်သည်ကို မဆို လာပါ ထိုင်ပါ ထမင်း စားပြီးပြီလား ဆိုပြီး မေးတတ်တဲ့ တောင်ပေါ်တိုင်းရင်းသားတွေ၊ အနည်းဆုံး သိသိ မသိသိ ထမင်းကျွေးဖို့ အဆင်သင့် ရှိနေတတ်တဲ့ ရှမ်း၊ ဓနု၊ တောင်ရိုး၊ ပအိုဝ့်၊ အင်းသား စတဲ့ တိုင်းရင်းသားတွေ ရဲ့ စေတနာကို ကျနော် အရမ်းချစ်ပါတယ်။ လေးလည်း လေးစားတယ်။ ဟန်ဆောင် ဖော်ရွေမှု ကင်းတဲ့ သူတို့ရဲ့ အရိုးခံစိတ် တွေကို ကျနော် သိမြင်လာရပြီး မြတ်နိုးစိတ်နဲ့ ချစ်ခင်မိ တယ်။ ဒါဟာ ကျနော့်ရဲ့ Hsan Loi Tai (ရှမ်းတောင်တန်း) ပန်းချီပြပွဲ ပြသဖို့ အတွက် လုံလောက်တဲ့ အကြောင်းရင်း ပါပဲ” လို့ ပန်းချီဆရာ ဇော်မင်းထူးက သူ့ရဲ့ ပထမဆုံး တကိုယ်တော် ပန်းချီပြပွဲနဲ့ ပတ်သက်ပြီး ရှင်းပြပါ တယ်။

ပန်းချီဆရာ ဇော်မင်းထူးရဲ့ TAI (ဗမာလို “ရှမ်း”) ဆိုတဲ့ အမည်နဲ့ ရန်ကုန်မြို့ ဗိုလ်ဆွန်ပက်လမ်း အလယ်ဘလောက် မှာ ရှိတဲ့ Art Plus အနုပညာ ပြခန်းမှာ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ ၂၆ က ၂၈ ရက်နေ့အထိ ကျင်းပတာ ဖြစ်ပါတယ်။

ပြပွဲ မှာ ပြသထားတဲ့ ပန်းချီကားတွေ အားလုံးဟာ ကြည်လင် ရှင်းသန့်တဲ့ ရှမ်းတောင်တန်းတွေရဲ့ အလှအပကို ချစ်ခင်စိတ် မြတ်နိုးစိတ်နဲ့ ရေးဆွဲတင်ပြ ထားတယ် ဆိုတာ သူ့ရဲ့ Knife Work ရေးချက် တွေမှာ တွေ့နိုင်ပါတယ်။

သူ့ရဲ့ ပန်းချီကား တွေထဲမှာ ပန်းချီဆရာတိုင်း အမြဲတမ်းအလေးထား ဂရုစိုက်တင်ပြ ကြတဲ့ Atmosphere (၀န်းကျင် အငွေ့ အသက်) ကို လည်း အထင်အရှား ပါဝင်နေတာ တွေ့ရပါတယ်။ ဆီဆေး ပန်းချီကား ၂၅၊ ရေဆေး ပန်းချီကား ၁၀ ကား စုစုပေါင်း ပန်းချီကား ၃၅ ပြသထားတာ တွေ့ရပါတယ်။ ဒီပြပွဲ ဖြစ်မြောက်ဖို့ ၂ နှစ်ကျော် ကြိုတင် ပြင်ဆင်ခဲ့ရပြီး Architect - ကိုညွန့်ဝင်းက အားပေး ကူညီတာကြောင့် ပြပွဲ ပြုလုပ်နိုင်ခဲ့တာ ဖြစ်ကြောင်းလည်း သိရပါတယ်။

ပန်းချီဆရာ ဇော်မင်းထူးဟာ သူ့ကိုယ်သူ Shan Lay Artist လို့ (သူ့ရဲ့ facebook စာမျက်နှာမှာ) ခံယူတဲ့ အထိ ရှမ်းတိုင်းရင်းသားတွေ အပေါ် ချစ်ခင်သူပါ။ ရွှေညောင်မှာ နေထိုင်လာခဲ့တာ နှစ်ပေါင်း ၂၀ ကျော်ခဲ့ပြီလို့လည်း သိရပါတယ်။ သူ့ရဲ့ ဇာတိက ပြည်မြို့နယ် ရွှေတောင် ဇာတိဖွားဖြစ်ပြီး ဗမာ တိုင်းရင်းသား တဦးပါ။ သူ့ကို ၁၉၇၈ ခုနှစ်မှာ မွေးဖွားတာ ဖြစ်ပြီး၊ ရှမ်းပြည်နယ် ရွှေညောင်မြို့မှာ နေထိုင်ပါတယ်။    .
 

.  
 ပန်းချီဆရာ ဇော်မင်းထူး၏ စိန်ပန်းပြာ ပန်းချီကား (ဓာတ်ပုံ နိုင်စွမ်း/ဧရာဝတီ)

 သူဟာ ငယ်စဉ် ကတည်းက ပန်းချီကို နှစ်ခြိုက်စွဲလမ်း ခဲ့သူဖြစ်ပြီး၊ သူ ၇ တန်း တက်ရောက်စဉ် ၁၉၉၂ ခုနှစ်မှာ ပဲခူးတိုင်း အလယ် တန်းဆင့် ပန်းချီပြိုင်ပွဲမှာ ပထမဆု ရခဲ့ဖူးတယ်လို့ ဆိုပါတယ်။

 “ဟုတ်ကဲ့ အဲဒီတုန်းက ဘယ်လို ရေးဆွဲခဲ့တာလဲ ဆိုတော့ ပြိုင်ပွဲ ခေါင်းစဉ်က “မြန်မာ့ရိုးရာ” ဆိုတဲ့ အမည်နဲ့ ပြိုင်ရတာပါ။ ကျနော်က အဖိုးတဦးရယ်၊ အဖိုးရဲ့ သမီးတဦးရယ်၊ သမီးရဲ့သမီး (အဖိုးရဲ့ မြေး) လေးတွေ ဥပုသ်စောင့် သွားကြတဲ့ ပုံ ရေးဆွဲဖို့ စိတ်မှာ ရှိခဲ့တယ်။ အဲဒီ အိုင်ဒီယာကို ကျနော့်ရဲ့ လက်ဦးပန်းချီဆရာလို့ ဆိုရမယ့် ဆရာ ဦးသန်းဇော်ကို ကျနော့်ရဲ့ ပုံကြမ်း (Sketch) တွေနဲ့ အတူ ပြောပြတော့ သူက ဘာတွေ ပါသင့်တယ်၊ ဘယ်လို ပေါင်းဆင့်သင့်တယ် ဆိုတာ သွန်သင် ပြသပေးတယ်။ ဒါနဲ့ အဲဒီနှစ်မှာ ပဲခူးတိုင်း တတိုင်းလုံး အလယ်တန်းဆင့် ပန်းချီပြိုင်ပွဲမှာ ပထမရတာပါ” လို့ သူက ရှင်းပြပါတယ်။ ဒါဟာ သူ့ရဲ့ ငယ်စဉ်ကတည်းက ပန်းချီအနုပညာအပေါ် အလေးအနက်စွာ ယုံကြည်မှုလို့ ဆိုရမှာပါ။ 

အဲဒီကနောက် သူဟာ ၁၉၉၃ နဲ့ ၁၉၉၄ ခုနှစ် အထက်တန်းဆင့် ပန်းချီပြိုင်ပွဲတွေ မှာလည်း ပန်းချီပထမဆုတွေ ရရှိခဲ့ပါသေးတယ်။ သို့ပေမယ့် သင်္ချာ အထူးပြုနဲ့ တက္ကသိုလ် ဆက်လက်တက်ရောက်နေစဉ် မှာ တရပ်တည်းသူ မယဉ်မင်းစိုးနဲ့ အိမ်ထောင်ကျရာက စပြီး စီးပွားရေး လုပ်ငန်းနယ်ပယ်ထဲ ရောက်သွားပြီး ပန်းချီနဲ့ အဆက်ပြတ်သွားပါတယ်။

၂၀၀၆ ခုနှစ်မှာ ရွှေညောင်မြို့ရဲ့ အထင်ကရ ပန်းချီဆရာ (ဦး) အောင်လတ် နဲ့ တွေ့ဆုံပြီးနောက် ပန်းချီ ရေးဆွဲဖို့ အကြောင်းဖန်လာပါတယ်။ ပြီးတော့ ညောင်ရွှေမြို့က ပန်းချီဆရာ မြင့်ဆွေနဲ့ တွေ့ဆုံအပြီးမှာတော့ ပန်းချီကို ပြန်လည် ရေးဆွဲဖို့ တွန်းအားတွေ ပြန်လည် ဖြစ်လာပါတယ်။ ဒါနဲ့ ၂၀၀၈ ခုနှစ်မှာ AMZ ရေဆေး ပန်းချီပြပွဲက စပြီး၊၂၀၀၉ ခုနှစ် ချယ်ရီလွင်ပြင် စသည်ဖြင့် နှစ်စဉ် အုပ်စုပန်းချီပြပွဲများမှာ ပါဝင်ပြသလာ ခဲ့ပါတယ်။

သူ ဆက်လက် လေ့လာသင်ယူခဲ့ တဲ့ ပန်းချီဆရာတွေကတော့ ဦးအောင်လတ်၊ ဦးတင်အောင်နဲ့ ဦးဝင်းဖေမြင့်တို့ ဖြစ်ကြောင်း သိရပါတယ်။

ဒီ ပြပွဲမှာ ပြသထားတဲ့ Shanscape ပန်းချီကားတွေ နဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်ခဲပါတယ်။ ရေဆေးကားတွေ နဲ့ ပတ်သက်ပြီး သူက အခုလို ရှင်းပြပါတယ်။

“အခုလို နိုဝင်ဘာလမှာ ဆိုရင် ကျနော်တို့ Outdoor ထွက်ရေး ရေးနေကျပါ။ ကျနော့်ဆရာ ဦးအောင်လတ် အပါအ၀င် အစ်ကိုကြီးကိုမြင့်ဆွေတို့နဲ့ အတူပေါ့။ မိုး မကျမချင်း ကျနော်တို့ ပန်းချီအောက်ဒိုး ရေးဖြစ်ပါတယ်။ ထူးခြားတာက ဒီလို လရာသီမှာ တောင်ခိုးမြူမှုန်တွေ ရစ်သိုင်းမနေဘဲ ရှမ်းတောင်တန်းတွေရဲ့ ပကတိ လှပမှုတွေကို ပိုမိုမြင်တွေ့နိုင်တဲ့ အချိန်ပါပဲ။ မြေပြင်က အရောင်အမျိုးမျိုး ရှိနေသလို၊ စိုက်ပျိုးပင်တွေ၊ သဘာဝ အပင်တွေကလည်း အရမ်းကို အရောင်စုံပါ တယ်။ အဲဒီ မောရှမ်းမြေရဲ့ အလှအပကို ကျနော်တို့ ပန်းချီနဲ့ ရေးဆွဲနိုင်ခဲ့ပါတယ်။ အဲဒီလို ရေးဆွဲခဲ့တဲ့ ရေဆေး ပန်းချီကားပေါင်း များစွာထဲက ၁၀ ကားပဲ ပြသနိုင်တာပါ”

တကယ်တော့ ပန်းချီပြပွဲ တခု အောင်အောင်မြင်မြင် လုပ်နိုင်ဖို့ မလွယ်ကူပါ။ အထူးသဖြင့် နယ်ကနေ လာရောက် ပြသတဲ့ ပန်းချီဆရာတွေ အတွက် သွားလာရေး၊ နေထိုင် တည်းခိုရေးနဲ့ အထွေထွေ စရိတ်တွေက အကုန်အကျ အရမ်း များပြားလှ ပါတယ်။ ဒီလို အခက်အခဲ အမျိုးမျိုးကို ကျော်ဖြတ်ပြီး အခုလို ပြပွဲ ပြသနိုင်ဖို့က အရမ်းကို ခက်ခဲကြပ်တည်း လှပါတယ်။ သို့ပေမယ့် ပန်းချီဆရာဇော်မင်းထူး ကတော့ သူ ယုံကြည်ရာ အနုပညာနဲ့ သူ ချစ်ခင်ရတဲ့ ရှမ်းတောင်တန်း အလှအပ ရှုခင်းပန်းချီကားတွေကို အခက်အခဲပေါင်းများစွာကြားက တင်ဆက်ထားပါပြီ။

သို့ပေမယ့် မောရှမ်းတောင်တန်း ပန်းချီကားတွေ ကြားထဲမှာ “My Lime Pot” (ကျနော့်ရဲ့ ထုံးအိုး) လို့ အမည်ပေး ထားတဲ့ ကွမ်းယာဆိုင် ထုံးအိုးကို ရေးဆွဲထားတဲ့ ပန်းချီကားက ဘာကြောင့် ပြပွဲမှာ ပါဝင်လာပါလိမ့်။

“ရွှေညောင်မြို့မှာ ရှမ်းလေး ကွမ်းယာ အမည်နဲ့ ကွမ်းယာရောင်းပြီး ကျနော်နဲ့ သား ၂ ယောက်၊ သမီးလေး ၁ ယောက် ပါဝင်တဲ့ မိသားစု စားဝတ်နေရေး အဆင်ပြေအောင် လုပ်ကိုင်ပါတယ်။ အဲဒီ ပန်းချီကားက ကျနော့် ဘ၀မှာ အရေးကြီး တဲ့ အစိတ်အပိုင်းပါ။ ဒါကြောင့် ကျနော့် ပြပွဲမှာ တင်ပြတာပါ။ အရင်ပြပွဲ တချို့မှာလည်း တင်ပြပါတယ်” လို့ ရိုးသား ရိုးရှင်းစွာ ပြောပြပါတယ်။

အသား မဖြူမညို၊ တုတ်တုတ်ခိုင်ခိုင် ရှိတဲ့ ပန်းချီဆရာ ဇော်မင်းထူးက သူ အနုပညာအပေါ် ဘယ်လို ယုံကြည်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး “ကျနော် ယုံကြည်တာက ပန်ချီကား တချပ်မှာ (Emotion) စိတ်ခံစားမှု၊ နွယ်ဆက်အတွေး (Concept) နဲ့ (Beauty) အလှအပတွေ ပါဝင် ဖွဲ့စည်း တင်ပြရမယ် ဆိုတာပဲ” လို့ ပြောပါတယ်။ သူပြောတာတွေ ပန်းချီကားတွေမှာ ပါဝင်မှု ရှိ / မရှိ ဆိုတာက ကြည့်ရှုသူတွေ အကဲဖြတ်နိုင်မှာ ဖြစ်ပါတယ်။ 
 


ပန်းချီဆရာ ဇော်မင်းထူး၏ တောပန်းနဲ့ တောင်စဉ် ပန်းချီကား (ဓာတ်ပုံ နိုင်စွမ်း/ဧရာဝတီ) 
 

 ပန်းချီဆရာ ဇော်မင်းထူးရဲ့ Shanscape ပန်းချီပြပွဲကို သုံးသပ်ရရင် မောရှမ်းမြေရဲ့ အလှအပကို ချစ်ခင် မြတ်နိုးစိတ်နဲ့ ရေးဆွဲ တင်ပြတာ ဖြစ်ပြီး၊ လူမှုဘ၀ မျှော်လင့်ချက်တွေကို ထင်ဟပ်ပြဖို့ထက် ချစ်ခင်မြတ်နိုး အလေးထားမှုကို အလေးထား ရေးဆွဲတင်ပြထားတာ တွေ့ရပါတယ်။
ဒါဟာ ဗမာတိုင်းရင်းသား တယောက်ရဲ့ ရှမ်းရိုးမ တောင်တန်းကြီး တွေနဲ့ တိုင်းရင်းသားတွေ အပေါ် ချစ်မြတ်နိုးမှု ဖြစ်တယ်လို့ ဆိုရမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။    ။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved