အောင်မြင်မှုသို့ ခြေလှမ်း ၁၀၁ လှမ်း

Saturday, November 16, 2013

~




“ဟေ့ ကောင်.. ဘာလဲကွ၊ လိုရှင်းတိုတိ အောင်မြင်ရေး ဆိုတာ..”

“အောင်မြင်ရေး အတွက် တိုတို တုတ်တုတ် ရှင်းရှင်း လင်းလင်း တိတိကျကျ ရေးသား တင်ပြထားတာကို ပြောတာပါ”



“သြော်..၊ ဒါဆိုရင် အတော်ပြည့်စုံမယ် ထင်တယ်။ အဲဒီအကြောင်း ပြောပြပါလား”

“အေး ပြောပြမယ်။ မင်း အနေနဲ့ တကယ်အောင်မြင်ချင်တယ် ဆိုရင် ပြောပြတာကို နားထောင်ရုံသက်သက် မလုပ်နဲ့။ လိုက်နာ ကျင့်ကြံတာလည်း လုပ်ရမယ်”

“တကယ် အောင်မြင်မှာ ဆိုရင်တော့ လုပ်မှာပေါ့ကွ။ မင်း သေသေချာချာ ရှင်းပြပေးလေ”

“လူတိုင်းဟာ တိုးတက်ချင်ကြတယ်၊ အောင်မြင်ချင်ကြတယ်။ ဒါပေမယ့် အောင်မြင်ဖို့ အလုပ်လုပ်ဖို့ကိုကျတော့ နောက်နှေးနေပြန်ရောပဲ”

“ဟေ့ ကောင် သိပ်ပြီး လျှာရှည်မနေနဲ့..။ ငါက ခပ်မြန်မြန်နဲ့ အောင်မြင်ချင်တာ။ မြန်မြန်ရှင်းပြကွာ”

“အောင်မြင်မှုဆိုတာ ငွေကြေးနဲ့ အမြဲသက်ဆိုင်ချင်မှ သက်ဆိုင်မှာပါပဲ။ ဘယ်လို အောင်မြင်မှုပဲ ဖြစ်ဖြစ် အခြေခံကျတဲ့ လိုက်နာကျင့်ကြံဖွယ် နည်းလမ်း ၁၀၁ နည်းကို တင်ပြထားတယ်”

“ဘယ်မှာ တင်ပြထားတာလဲ”

“Smart စာပေ ဖြန့်ချိရေးက ထုတ်တဲ့ စာရေးဆရာ ကျော်ကျော်လှိုင်ရဲ့ အောင်မြင်မှုသို့ ခြေလှမ်း ၁၀၁ လှမ်း ဆိုတဲ့ စာအုပ်လေးမှာပါ။ အတိုဆုံး အရှင်းဆုံးနဲ့
တိတိကျကျ ရေးသား ဖော်ပြပေးထားတယ်”

“ဟုတ်လား..၊ ဘယ်လိုတွေ ရေးထားလဲ လုပ်ပါဦး”

“အောင်မြင်မှုသို့ ပထမ ခြေလှမ်းက ကိုယ့်ရဲ့ပင်ကိုယ်စွမ်းရည်ကို သိပါ..တဲ့။ ဆိုလိုတာက ကိုယ်ဖြစ်ချင်တာက အဆိုတော် ဖြစ်ချင်တယ်။ ဒါပေမယ့် သီချင်းလည်း မဆိုတတ်၊ ဂစ်တာလည်း မတီးတတ်၊ စည်းဝါး နရီ နားမလည် ဆိုရင် အဆိုတော် ဖြစ်ဖို့ ခဲယဉ်းပါတယ်။ ကိုယ်က ပုံဆွဲတော်တယ်၊ သင်္ချာလည်း တော်တယ် ဆိုရင်တော့ ကိုယ်ရွေးချယ် ရမှာက အောင်မြင်တဲ့ ဗိသုကာအင်ဂျင်နီယာ အဖြစ်ကို ရွေးချယ်ရမှာ ဖြစ်တယ်”

“အိုး.. ကောင်းလိုက်တာကွာ.. ။ ဒီ တချက်တည်းနဲ့ ဘ၀အောင်မြင်ဖို့ ကိုယ်ရည်မှန်းကြိုးစားတဲ့ အခါ ကိုယ့်ကိုယ်ကို သိမြင်ရမယ် ပေါ့နော်။ ဟုတ်တယ်၊ ကောင်းတယ်”

“နေဦး.. စာရေးဆရာက သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်းစတိုင်း ရဲ့ စကားတခုကိုလည်း ပိုပြည့်စုံအောင် ထည့်ပေး ထားသေးတယ်။ အိုင်းစတိုင်း ပြောတာက ကျနော့်မှာ ထူးခြားတဲ့ ပင်ကိုယ်စွမ်းရည် မရှိပါဘူး။ အရာရာကို စူးစမ်းချင်တဲ့ စိတ်ပဲ အပြည့်ရှိတာပါ  တဲ့”

“ခြေလှမ်း အမှတ် ၂ ကို ပြောပါဦး”

“ပြီးခဲ့တာတွေကို ပြန်စဉ်းစား မနေပါနဲ့ တဲ့။ ဆိုလိုတာက အတိတ်ရဲ့ အမှား၊ အတိတ်ရဲ့ ခါးသီးမှုတွေကို ပြန်စဉ်းစားရင်းနဲ့ အချိန်မကုန်စေချင်တဲ့ သဘောပါ။ အမှားဆိုတာ ခံစားနေဖို့ မဟုတ်ဘဲ နောင် ထပ်မမှားအောင် ပြင်ဆင်ယူဖို့ပဲ တဲ့။ အမှတ် ၃ က စိတ်ကူးအိပ်မက် ရှိရမယ် တဲ့။ ကိုယ်လိုချင် ရချင်တဲ့ အောင်မြင်မှု အနေအထားကို စိတ်ကူးပုံရိပ် ဖော်ဖို့ပဲ”

“အဲဒီမှာရော Quote တွေ ပါသေးလား”

“အောင်မြင်မှု ခြေလှမ်း ၂ ခု ပြီးတိုင်း ကမ္ဘာကျော်တွေရဲ့ မှတ်သားဖွယ် ဆိုရိုးစကားတွေ ထည့်ပေးထားတယ်။ Walt Disney က ကျနော်တို့မှာ မဖြစ်မနေ လုပ်မယ် ဆိုတဲ့ ဇွဲသာရှိရင် ကျနော်တို့ရဲ့ စိတ်ကူးအိပ်မက်ကို အကောင်အထည် ဖော်နိုင်တယ်  ဆိုတဲ့ စကားမျိုးတွေပေါ့”

“အေး ကွာ..။ အောင်မြင်မှု အတွက် တန်ဖိုးရှိတဲ့ စကားတွေ စုဖွဲ့ထားတာပါလား။ အေး ကွာ ကျေးဇူးပါပဲ”

“အဲဒီ စာအုပ်က မင်းရဲ့ အောင်မြင်လိုစိတ်နဲ့ အောင်မြင်မှုအတွက် ကိုယ်တိုင်လေ့ကျင့်ယူရမှာကို ကောင်းကောင်း အထောက်အကူ ပေးပါလိမ့်မယ် သူငယ်ချင်း”



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved