နာမည်ကြီးပုဂ္ဂိုလ်တချို့နဲ့ လက်တွဲလိုက်တဲ့ မဇ္ဈိမ

Friday, November 1, 2013



~


မကြာသေးခင်က မြန်မာပြည်အတွင်း ပြန်လည် အခြေစိုက်လာသည့် မဇ္ဈိမသတင်းဌာနက အထင်ကရ ပုဂ္ဂိုလ်တချို့နှင့် ပူးပေါင်းပြီး   မီဒီယာလုပ်ငန်းကြီးတခုအဖြစ် ပြောင်းလဲကာ လုပ်ငန်းများတိုးချဲ့တော့မည်ဟု သိရသည်။



 မ
ဇ္ဈိမက မီဒီယာဂရု(ပ်)အဖြစ် ပြောင်းလဲဖွဲ့စည်းကြောင်း မိတ်ဆက်သည့် အခမ်းအနားကို  ကြာသပတေးနေ့က ရန်ကုန်တွင် ပြုလုပ်ခဲ့သည် (ဓာတ်ပုံ - ထက်နိုင်ဇော်/ဧရာဝတီ)
မဇ္ဈိမမီဒီယာဂရုတွင် ပါဝင်မည့် ရှယ်ယာရှင်ကြီး ၃ ဦးမှာ မြန်မာ့စီးပွားရေးလောကတွင် ထင်ရှားသည့် မစ္စတာ ဆာ့ခ်ျပန်း ခေါ် ဦးသိမ်းဝေ၊ မြန်မာတိုင်းမ်ဂျာနယ် တည်ထောင်ရာတွင် ပါဝင်သူ ဦးဆန်နီဆွေ၊ မဇ္ဈိမတည်ထောင်သူ ဦးစိုးမြင့်တို့ဖြစ်သည်။

မစ္စတာ ဆာ့ခ်ျပန်း - ညွှန်ကြားရေးမှူး  (Board of Director)
ဦးဆန်နီဆွေ - အမှုဆောင်အရာရှိချုပ် 
ဦးစိုးမြင့် - အယ်ဒီတာချုပ်

''ဒီလုပ်ငန်းတွေကို ကွာလတီရှိလာအောင် လုပ်မယ်။  နောက်ပြီးတော့ ကျန်တဲ့ လုပ်ငန်းတွေကိုလည်း ချဲ့တယ်။  မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲရေးမှာ မီဒီယာလုပ်ငန်းလုပ်လို့ရတာ မှန်သမျှ အကုန်လုပ်ဖို့ ဆုံးဖြတ်ထားတယ်'' ဟု မဇ္ဈိမတည်ထောင်သူ အယ်ဒီတာချုပ် ဦးစိုးမြင့်က ဧရာဝတီသို့ ပြောသည်။

  • မစ္စတာ ဆာ့ခ်ျပန်း

ဘဏ်လုပ်ငန်းရှင်၊ ရင်းနှီးမြှပ်နှံသူ၊ စီးပွားရေးအင်အားတောင့်တင်းသူ မစ္စတာ ဆာ့ခ်ျပန်းသည် ရိုးမဘဏ်လီမိတက်၊ FMI အုပ်စုတို့တွင် ဥက္ကဋ္ဌတာဝန်ယူထားသည်။ 
 

 မစ္စတာ ဆာ့ခ်ျပန်း  
(ဓာတ်ပုံ - Simon Roughneen/ဧရာဝတီ) 
 

 (မစ္စတာ ဆာ့ခ်ျပန်း အကြောင်းကို  http://www.irrawaddy.org/us/pun-to-give-rivals-a-run-for-their-money.html တွင်လည်း ဖတ်ရှုနိုင်သည်)

  • ဦးဆန်နီဆွေ

တပ်မတော်ထောက်လှမ်းရေးအဖွဲ့ ထိပ်တန်းအရာရှိကြီးများနှင့်အတူ ဖမ်းဆီးခံရပြီးနောက် မကြာသေးခင်က ထောင်မှ ပြန်လွတ်လာသူ ဦးဆန်နီဆွေသည်  ဗိုလ်ချုပ်သိန်းဆွေ၏သား ဖြစ်သည်။

'' ကျနော် အကျဉ်းကျသွားတယ်။  အကျဉ်းကျသွားတဲ့ အခါမှာလည်း ကျနော်မီဒီယာ လုပ်ငန်းကိုပဲ အိမ်မက်မက်ခဲ့တာ။ 
ကျနော်ပြန်ထွက်လာပြီးတော့ မြန်မာတိုင်းမ်ကို ပြန်ဝင်ဖို့ကြိုးစားခဲ့ပါသေးတယ်။  
ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မအောင်မြင်ခဲ့ပါဘူး။  အဲဒီအချိန်မှာပဲ မဇ္ဈိမနဲ့ ကျနော်တို့ ပူးပေါင်းဖို့ အခွင့်အရေး ရလာတဲ့ အခါမှာ ဒီအခွင့်အရေးကို ဘယ်လိုမှ လက်လွတ်လို့မရဘူး ဆိုပြီးတော့ ပေါင်းဖြစ်သွားတာပါ''ဟု ဦးဆန်နီဆွေက ဆိုသည်။

ဦးဆန်နီဆွေအကြောင်းကို ဧရာဝတီသတင်းတပုဒ်ဖြစ်သည့်မန်မာတိုင်းမ် ရှယ်ယာဝင်ဟောင်း ဦးဆန်နီဆွေ ပြန်လည် လွတ်မြောက် http://burma.irrawaddy.org/%E1%81%80_political-prisoners/2013/04/23/38046.html တွင် ဖတ်ရှုနိုင်သည်။

ဦးဆန်နီဆွေက သူ၏ မီဒီယာအိပ်မက်အကြောင်းကိုလည်း ရှင်းလင်း ပြောပြသည် -

'' ကျနော့်အိမ်မက်က ၉၇ ခုနှစ်ခုနှစ်ကတည်းက မန္တလေးနေ့စဉ်သတင်းစာကို Production တာဝန်ယူပြီး လုပ်ပေးလာတာ။  အဲဒီကနေပိုးဝင်သွားတာ။  တနေ့ကျရင်
ကိုယ်ပိုင်သတင်းစာတိုက် ထောင်နိုင်ရမယ်ဆိုတဲ့ ရည်မှန်းချက်အတွက် တစိုက်မတ်မတ် ကြိုးစားလာတာပါ။  ကျနော်ကတော့ ဒစ်ဂျစ်တယ် မီဒီယာကို Push လုပ်ချင်တယ်။  
ဘာလို့ဆိုတော့ နိုင်ငံတကာမှာလည်း Print က ကျဆင်းနေတယ်။  ဒစ်ဂျစ်တယ်ဘက်က အားသာလာတယ်ဆိုတော့ အဲဒီအပိုင်းမှာ ကျနော်က အထူးကြိုးစားပြီးလုပ်သွားမှာပါ။
 Multimedai ဆိုတဲ့အတွက် FM ရေဒီယိုလိုင်းတွေ၊ TV broadcasting တွေကိုလည်း ဇောင်းပေးပြီးတော့ လုပ်သွားမှာပါ'' ဟု ဦးဆန်နီဆွေက ဆိုသည်။

  • ဦးစိုးမြင့်

နိုင်ငံတွင်း  လုပ်ကိုင်ဆောင်ရွက်၍ ရသော မီဒီယာလုပ်ငန်းမှန်သမျှကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မဇ္ဈိမတည်ထောင်သူ ဦးစိုးမြင့်က ဧရာဝတီသို့ ပြောသည်။

''ဧရာဝတီ၊ မဇ္ဈိမတို့ ဒီဗွီဘီတို့လို Proxy နဲ့ ကြည့်ရတဲ့ ဝက်ဆိုဒ်တွေကို ဒီတိုင်းကြည့်လို့ရလာတယ်။  နိုင်ငံခြားမီဒီယာတွေကို ဖြေလျော့မှုတွေ ပေးလာတယ်။
 ဂျာနယ်တွေ လုပ်ခွင့်ပေးလာတဲ့  ၂ဝ၁၁ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ အစည်းအဝေး လုပ်ပြီး မဇ္ဈိမက မြန်မာနိုင်ငံ အပြောင်းအလဲမှာ ငါတို့ဘာလုပ်မလဲလို့ ဆုံးဖြတ်တဲ့အခါမှာ  မြန်မာပြည်ကို ပြန်အခြေစိုက်ပြီးတော့ လုပ်မယ်လို့ ဆုံးဖြတ်ချက်ချလိုက်တယ်''ဟု ဦးစိုးမြင့်က ပြောသည်။  
 

 ဦးစိုးမြင့် (ဓာတ်ပုံ - ထက်နိုင်ဇော်/ဧရာဝတီ)
 

 မဇ္ဈိမမီဒီယာ ကုမ္ပဏီအမည်ဖြင့် သတင်းဝက်ဆိုက်နှစ်ခု၊ နေ့စဉ် သတင်းစာတစ်စောင်၊ အင်္ဂလိပ်ဘာသာဖြင့် စီးပွားရေး မဂ္ဂဇင်း၊ မြန်မာ့အသံတွင် အပတ်စဉ် စီးပွားရေး၊  အားကစား အစီအစဉ်များ ပြုလုပ်လျက်ရှိသည်။
 ဆက်လက်၍ အပတ်စဉ် အမျိုးသမီးရုပ်သံအစီအစဉ် ၊ အင်္ဂလိပ်ဘာသာဖြင့် နေ့စဉ်သတင်းစာ၊ ရုပ်မြင်သံကြား အစီအစဉ်  စသည့် ဖြစ်နိုင်ချေရှိသော မီဒီယာလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နိုင်ရန် စဉ်းစားနေကြောင်း သိရသည်။

'' ဘယ်လောက်ရင်နှီးမြှပ်နှံထားလဲ ဆိုတာတော့ ကုမ္ပဏီအတွင်းရေးမို့လို့ ပြောလို့မရပါဘူး။  မီဒီယာတခုလုပ်ဖို့ လိုအပ်တဲ့ ရင်နှီးမြှပ်နှံမှုအတွက် လိုအပ်တဲ့ငွေ ကျနော်တို့  ထူထောင်ထားပါတယ်'' ဟု  ဦးစိုးမြင့်က ပြောသည်။ 
 
 ထက်နိုင်ဇော် 


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved