"မြန်မာပြည်၏အမြင့်ဆုံးတောင်မှာ ဂမ်လန်ရာဇီတောင်ဖြစ်ပါသည်"

Wednesday, November 20, 2013

~


  မြန်မာပြည်မှာ ဘယ်တောင်က အမြင့်ဆုံးလဲ။
ခါကဘိုရာဇီတောင်က အမြင့်ဆုံးပဲ လို့ အဖြေထွက်ကြပါလိမ့်မယ်။  
 

 ၂၀၁၁ မှာ တွေ့ရတဲ့ ကချင်ပြည်နယ် ပန်ဝါတောင်ကြားတနေရာ (ဓာတ်ပုံ ဧရာဝတီ)

အမေရိကန်တောင်တက်အဖွဲ့တခုကတော့ အဲဒီ သတ်မှတ်ချက်ကို မှားတယ်လို့ ဆိုနေပါတယ်။

ဂမ်လန်ရာဇီတောင်က အမြင့်ဆုံး လို့ သူတို့က ပြောပါတယ်။
သူတို့အဖွဲ့က မကြာသေးခင်က အဲဒီတောင်ထိပ်အထိသွားပြီး GPS စနစ်သုံး ကရိယာတွေနဲ့ တိုင်းတာကြည့်လို့ သိခဲ့တာပါ တဲ့။

၁၉၂၅ အင်္ဂလိပ်ခေတ် တိုင်းထွာချက်အရ ဆိုရင်...
ဂမ်လန်ရာဇီတောင်က 19,140 ပေ ရှိတယ်။
ခါကာဘိုရာဇီတောင်က 19,295 ပေ ရှိတယ်။

ပြီးခဲ့တဲ့လပိုင်း  တောင်တက်အဖွဲ့က တိုင်းတော့
ဂမ်လန်ရာဇီတောင်က 19,258 ပေ ရှိနေတယ်၊
ခါကာဘိုရာဇီတောင်က  19,029 ထက် မပိုပါဘူး တဲ့။

ဂမ်လန်ရာဇီက ပိုမြင့်တယ် ဆိုတာကို မြန်မာပြည်မှာ လက်ခံကြရေးက လွယ်ပါ့မလား။
ဘယ်တောင်က အမြင့်ဆုံးဖြစ်တယ် ဆိုတာကို ကျောင်းစာအုပ်ထဲ ရေးသား သင်ယူခဲ့ကြတာ ရာစုနှစ် တခု နီးပြီလေ။

 အချက်အလက်တွေ  အတည်ပြုမယ် ပြန်ပြင်မယ် ဆိုရင်တော့  ကျောင်းတွေမှာ "မြန်မာပြည်၏အမြင့်ဆုံးတောင်မှာ ဂမ်လန်ရာဇီတောင်ဖြစ်ပါသည်" လို့ စာအံကြတော့မှာပါ။

တောင်တက်အဖွဲ့က သူတို့ရဲ့ ရှာဖွေတွေ့ရှိချက် အထောက်အထားတွေကို မကြာခင် အသေးစိတ် ထုတ်ပြန်ပါမယ်။

ဧရာဝတီပင်မစာမျက်နှာမှာ အခုလေးတင် တက်လာတဲ့ US Climbers Suggest Records Are Wrong on Burma’s Highest Peak  သတင်းကို ကြည့်ပြီး ပြန်လည် ဖောက်သည်ချခြင်းပါ။
မူရင်းဖတ်မယ်ဆိုရင် http://www.irrawaddy.org/burma/us-climbers-suggest-records-wrong-burmas-highest-peak.html မှာ ဖတ်ပါ။

စိတ်ဝင်စားစရာကောင်းတဲ့ ဒီသတင်းကို ဧရာဝတီဘလော့မှာလည်း တင်သင့်တယ်ယူဆလို့ ညွှန်းလိုက်ခြင်းပါ။

အထက်မှာ ဖော်ပြထားတဲ့ အတိုင်းအထွာများအရ ဆိုရင် ခါကာဘိုရာဇီက ပေသုံးရာလောက် နိမ့်ဆင်းသွားပါတယ်။

တကယ်ပဲ ခါကာဘိုရာဇီက နိမ့်ဆင်းသွားတာလား။
ဒါမှမဟုတ် ၁၉၂၅ ခုနှစ် တိုင်းထွာစဉ်က အမှားအယွင်းတချို့ ဖြစ်ခဲ့တာလား။

သေချာတာကတော့ ဒီတောင်တွေအကြောင်းက ထပ်ပြီး နာမည်ကြီးဖို့ပဲ ရှိပါတယ်။
မကြာသေးခင်က တွေ့ရှိချက်တွေအရ ဆိုရင် ဂမ်လန်ရာဇီက မြန်မာပြည်မှာသာမက အရှေ့တောင်အာရှမှာ အမြင့်ဆုံး ဖြစ်နေပါပြီ။

အမြင့်ဆုံး အရှည်ဆုံး ဆိုတဲ့ အတိုင်းအထွာများကို စိတ်မ၀င်စားရင်လည်း ဒီတောင် ၂ ခုမှာ ထူးခြားချက် ရှိနေပါတယ်။
အဲဒါကတော့ သူတို့ဟာ ဆီးနှင်းတွေဖုံးနေတဲ့ တောင်တွေ ဖြစ်နေတဲ့အချက်ပါပဲ။
ဒီအချက်ကိုတော့ နိုင်ငံတကာ ခရီးသည် အများအပြားက စိတ်ဝင်စားပါလိမ့်မယ်။

ထိုင်းနိုင်ငံကာလုပ်ငန်းရှင်ကြီးတချို့က  ချင်းမိုင် (ဇင်းမယ်)မြို့ နဲ့ ကချင်ပြည်နယ်ကို လေကြောင်းခရီး ဖောက်စေချင်ခဲ့တာပါ။
ရည်မှန်းချက်ကတော့ ခရီးသည်တွေကို ဆီနှင်းဖုံးတဲ့တောင်တွေရှိရာခေါ်သွားဖို့ပါ တဲ့။ အဲဒီအစီအစဉ်က အကောင်အထည် မပေါ်ခဲ့ပါဘူး။

တချိန်ချိန်မှာတော့ မြန်မာပြည်ရေခဲတောင်ခရီးသွားဝန်ဆောင်မှုတွေ ပေါ်လာမယ်လို့ ယူဆပါတယ်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved