ဦးသိန်းစိန်ရဲ့ နိုဝင်ဘာ ရေဒီယိုမိန့်ခွန်း

Friday, November 1, 2013


သမ္မတ ဦးသိန်းစိန်ရဲ့ နိုဝင်ဘာလ ရေဒီယိုမိန့်ခွန်း အပြည့်အစုံဖြစ်ပါတယ်။ အခု မိန့်ခွန်းမှာ လိုင်ဇာ မှာ ကျင်းပနေတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ ညီလာခံကို ကြိုဆိုတယ်လို့ စတင်ပြောကြားပါတယ်။ 



၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက်က နေပြည်တော် တွင် မိန့်ခွန်းပြောနေသော သမ္မတ ဦးသိန်းစိန်

လက်ရှိ အပစ်အခတ်ရပ်စဲရေးတွေနဲ့တင် တိုင်းပြည် ငြိမ်းချမ်းရေးရမှာမဟုတ်ပဲ နိုင်ငံရေးဆွေးနွေးပွဲတွေ လိုအပ်ပြီး ယုံကြည်မှု တည်ဆောက်နိုင် မှာဖြစ်တယ်လို့ သမ္မတ ဦးသိန်းစိန်က ဒီကနေ့ နိုဝင်ဘာ ရေဒီယို မိန့်ခွန်းကတဆင့် ပြောကြားလိုက်တာဖြစ်ပါတယ်။ မိန့်ခွန်း အပြည့်အစုံကို ကူးယူ ဖော်ပြလိုက်ပါတယ်။

မိဘပြည်သူများခင်ဗျား- 


ယခုလ ရေဒီယိုကနေ ပြည်သူလူထုထံ ဆက်သွယ် ပြောကြားတဲ့ အစီအစဉ်မှာ လက်ရှိ ဖော်ဆောင်နေတဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု လုပ်ငန်းစဉ် တွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေရဲ့ ဖြစ်ထွန်း တိုးတက် မှုတွေကို ရှင်းလင်း တင်ပြသွားမှာ ဖြစ်ပါတယ်။ 

ပထမဦးစွာ အောက်တိုဘာလ ကုန်ပိုင်းမှာ ကျင်းပ ပြုလုပ်လျက်ရှိသည့် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ အစည်းများရဲ့ ခေါင်းဆောင်များ ပါဝင် တက်ရောက်နေတဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းပွဲကို ကြိုဆိုကြောင်း ပြောကြား လိုပါတယ်။ 

ဒီဆွေးနွေးပွဲဟာ များမကြာမီ ကျင်းပပြုလုပ်ရန် ပြင်ဆင်နေတဲ့ တစ်ပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးပွဲကို ဦးတည်ကျင်းပ နေကြောင်းလည်း သိရှိရပါတယ်။ 

ဆွေးနွေးညှိနှိုင်း မှုတွေဟာ အပြုသဘော ဆောင်ပြီး ပြည်သူလူထု တစ်ရပ်လုံး လိုလားနေတဲ့ ရေရှည် ခိုင်မာတဲ့ ငြိမ်းချမ်းရေးရရှိရန် ဦးတည်ဆွေးနွေး နေတယ်လို့သိရတဲ့ အတွက်လည်း ကျွန်တော့်အနေနဲ့ အထူးပင် ဝမ်းမြောက်မိ ပါတယ်။ 

ရလဒ်ကောင်းများ ရရှိပြီး တစ်ပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ သဘော တူညီချက် လက်မှတ်ရေးထိုးပွဲသို့ လက်နက်ကိုင် တိုင်းရင်း သားအဖွဲ့ အစည်းအားလုံး တက်ရောက်လာရန် ကြိုဆိုလျက်ရှိကြောင်းကိုလည်း ကျွန်တော့်အနေနဲ့ ဒီနေရာကနေ ထပ်လောင်း ပြောကြားလိုပါတယ်။ 

တစ်ပြည်လုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးပွဲ ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်များကို အနည်းငယ် ရှင်းပြလိုပါတယ်။ 

ရည်ရွယ်ချက်များကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တောင်းဆို ချက်များကို ညှိနှိုင်းဖြည့် ဆည်းပေးလိုခြင်း၊ ရေးထိုးပြီးဖြစ် သည့် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ သဘောတူ ညီချက် အဆင့် ဆင့် ကို ထပ်လောင်း အတည်ပြုလိုခြင်းနှင့် လက်မှတ်ရေးထိုးပြီးသည်နှင့် နိုင်ငံရေးဆွေးနွေးပွဲ ဆိုင်ရာ လုပ်ငန်းစဉ် အဆင့်ဆင့်ကို စတင်လိုခြင်းကြောင့် ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်။ 

ကျွန်တော့်အနေနဲ့ ထပ်မံအတည်ပြု ပြောကြားလိုတဲ့ ကိစ္စကတော့ ယခုအကြိမ် ငြိမ်းချမ်းရေး တည်ဆောက်ရန် ကမ်းလှမ်းခဲ့ခြင်းသည် အပစ်အခတ် ရပ်စဲရေး အဆင့်တွင် ရပ်တန့်ထားရန် မဟုတ်ဘဲ ရရှိထားသည့် အပစ်အခတ် ရပ်စဲရေးများကို အခြေခံပြီး နိုင်ငံရေး ဆွေးနွေးပွဲများကို တက်လှမ်း နိုင်ရန် အစဉ်တစိုက် ကြိုးပမ်းလျက်ရှိကြောင်း ပင်ဖြစ်ပါတယ်။ 

လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ် တစ်လျှောက်တွင် ကြိုတင် စည်းကမ်း သတ်မှတ်ချက်များ ချမှတ်ခြင်းမရှိဘဲ တိုင်းရင်းသားများ၏ အဆိုပြု ချက်အားလုံးကို လက်ခံဆွေးနွေး ခဲ့ကြောင်းကိုလည်း ရှင်းလင်းပြောကြား လိုပါတယ်။ ဒီလိုလုပ်ဆောင် နိုင်ခဲ့တဲ့အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ယုံကြည်မှု တည်ဆောက်ရေး လုပ်ငန်းများ အောင်မြင် အောင် လုပ်ဆောင် နိုင်ခဲ့ပါတယ်။ 

ဒီလိုရရှိ အောင်မြင်ထားတဲ့ အပြန် အလှန် ယုံကြည်မှုကို အခြေခံပြီး များမကြာမီ ကာလက ဖြစ်ပွားခဲ့သည့် စိတ်မကောင်းဖွယ်ရာ ဖြစ်ရပ် ဖြစ်သည့် ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များကို ဖြေရှင်းရာတွင် သက်ဆိုင်ရာ တိုင်းရင်းသား အဖွဲ့အစည်းနဲ့ ပူးပေါင်း ဆောင်ရွက် နိုင်ခဲ့တာကိုလည်း အများအသိပင် ဖြစ်ပါသည်။ 

ဒါ့ကြောင့် မိမိတို့ရရှိထားတဲ့ အပြန်အလှန်ယုံ ကြည်မှုကို အခြေခံပြီး လက်ရှိလိုင်ဇာမှာ ကျင်းပနေတဲ့ တိုင်းရင်း သား ခေါင်းဆောင်များ၏ ဆွေးနွေးညှိနှိုင်းမှုမှတစ်ဆင့် ငြိမ်းချမ်းရေး ဖြစ်စဉ် ၏အဓိက ကျသည့် နိုင်ငံရေးဆွေးနွေးပွဲများ စတင်နိုင်ခြင်း အဆင့်ကို အောင်မြင် စွာတက်လှမ်း နိုင်မည်ဟု ကျွန်တော့် အနေနဲ့ မျှော်လင့် ယုံကြည်လျက်ရှိ ကြောင်း ပြောကြားလိုပါတယ်။ 

လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ထွန်းနေတဲ့ နိုင်ငံရေး ဖြစ်စဉ်နှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို နှေးကွေး သည်၊ မြန်ဆန် လွန်းသည် အစရှိသည့် ပြောကြားချက် များသည် ပြောကြားသူတို့၏ ရပ်တည်ချက်၊ ကြည့်မြင် သည့် ရှုထောင့် နှင့်တိုင်း တာသည့် စံချိန်၊ စံညွှန်းများပေါ်တွင် မူတည်မည်ဖြစ်ပါ တယ်။ 

လတ်တလော ဖြစ်ပေါ် လျက်ရှိသည့် အခြေခံ ဥပဒေဆိုင်ရာ နိုင်ငံရေး ဆွေးနွေးမှုများ၊ ပြောဆိုငြင်းခုံမှု များ၏ အနေအထားကို သုံးသပ်ကြည့်ရှုပါက မိမိတို့လူ့အဖွဲ့ အစည်းတွင်ရှိရမည့် ဒီမိုကရေစီရေး ဆိုင်ရာ အလေ့အကျင့်များ စတင်ရှင်သန်လာခြင်း ဖြစ်သည်ကို ငြင်းဆို၍ မရသည့် အချက်အဖြစ် တွေ့ရှိရမှာဖြစ်ပါတယ်။ 

ဤအလေ့ အကျင့်များ ဆက်လက်ရှင်သန် အမြစ်တွယ် ခိုင်မာရေးအတွက် အမျိုးသားရေး တာဝန်တစ်ရပ် အနေနှင့် မိမိတို့အားလုံး ကြိုးပမ်း သွားရမှာဖြစ်ပါတယ်။ 

ကြိုးပမ်း ဆောင်ရွက်ရာတွင်လည်း ဆောင်ရွက် မှုနှေးကွေးသဖြင့် ဒီမိုကရေစီအရေးကို နှောင့်နှေး စေသည့် အစွန်းနှင့် မြန်ဆန်လွန်းသည့်အတွက် အလှမ်းကျယ်၊ အလယ်လပ် သည့် အစွန်း နှစ်ပါးကို ရှောင်ရှားပြီး မိမိတို့လူ့အဖွဲ့အစည်း အနေနှင့် လက်ရှိနိုင်ငံရေး အရှိတရား များကို အခြေခံသည့် လက်တွေ့ ကျသည့် ရလဒ်များရရှိရန် ကြိုးပမ်းဆောင်ရွက် ကြရမှာဖြစ်ပါတယ်။ 


အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စနှင့် ပတ်သက်၍လည်း အစွန်း ရောက်ခြင်းကို ရှောင်ရှားပြီး ပြည်သူလူထု အများစု၏ လိုလားချက်များကို ဖြည့်ဆည်းပေးနိုင်မည့် နိုင်ငံရေးစေတနာ ကောင်းများဖြင့် မိမိဖြစ်လိုသည့် ဆန္ဒထက် မြန်မာနိုင်ငံရဲ့ အတိတ်သမိုင်းကြောင်း၊ လက်ရှိနိုင်ငံရေး အခြေအနေနဲ့ ဖြစ်ပေါ် လာနိုင်သည့် အနာဂတ်ရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို စဉ်းစားတွက်ဆပြီး ဓမ္မဓိဋ္ဌာန်ကျကျ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်း အပ်ပါတယ်။ 

ကျွန်တော်တို့ ကြိုးပမ်း အကောင်အထည် ဖော်နေတဲ့ အမျိုးသား ပြန်လည်စည်းလုံးညီညွတ် ရေး ကို ရှေးရှုပြီး လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီကနေ နိုင်ငံရေးအကျဉ်းသား ၅၆ ဦးကို လွတ်ငြိမ်း ချမ်း သာခွင့်ပေးခဲ့ပါတယ်။ 

နိုင်ငံရေး အကျဉ်းသား တစ်ဦးတစ်ယောက်မှ မကျန်ရှိစေရ အောင်လည်း ဆက်လက်ဆောင်ရွက် သွားမှာဖြစ်ကြောင်း အသိပေးပြောကြား လိုပါတယ်။ 

ကျွန်တော့်အနေနဲ့ အောက်တိုဘာလအတွင်းမှာ ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ပါတယ်။ ကျွန်တော့်ခရီးစဉ် ကာလအတွင်း သံတွဲမြို့မှာ ပဋိပက္ခ များဖြစ်ပွား ခဲ့တာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ 

ဒီဖြစ်ရပ်များကို သုံးသပ်ကြည့် မယ်ဆိုရင် ကျွန်တော်တို့ အားလုံး ကြိုးပမ်း တည်ဆောက်လျက်ရှိတဲ့ ပွင့် လင်း လွတ်လပ်သော လူ့အဖွဲ့အစည်း တစ်ရပ် ဖြစ်ပေါ်လာရေးအတွက် စိန်ခေါ်မှုများ များစွာရှိနေသေးတာ ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ 

ဒီစိန်ခေါ်မှုတွေကို ကျွန်တော် တို့ လူ့အဖွဲ့အစည်း တစ်ရပ်လုံး အနေနှင့် အတူတကွ လက်တွဲရင်ဆိုင်ဖြေရှင်း ကြရဦးမှာဖြစ်ပါတယ်။ 

ပြဿနာများကို ဖြေရှင်းရာမှာ အခြေခံအကျဆုံး ဖြစ်သည့် တရားဥပဒေ စိုးမိုးရေးနှင့် ဒေသတည်ငြိမ်ရေးကို ယခုထက်ပိုမို တိုးမြှင့်လုပ် ဆောင်ရန် ဒေသအာဏာပိုင် များကို ကျွန်တော့်အနေနဲ့ ညွှန်ကြားထားပြီး ဖြစ်သလို လူမှုရေး၊ ဘာသာရေး ခေါင်းဆောင်များနဲ့ ရပ်မိရပ်ဖများ ကိုလည်း ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ရေး နည်းလမ်းနဲ့ ဖြေရှင်းဖို့ တိုက်တွန်းပြောကြား ထားပြီးဖြစ်ပါတယ်။ 

တစ်ဆက်တည်းမှာပဲ ပြည်သူလူထုကို ကျွန်တော့်အနေနဲ့ တင်ပြလိုတာ ကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံ အနေနဲ့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌရာထူးကို ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့မှာ ဘရူနိုင်း
နိုင်ငံမှ လွှဲပြောင်းရယူခဲ့ပြီး ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံအနေနဲ့ အာဆီယံ ဥက္ကဋ္ဌရာထူးကို ၁၇ နှစ်အတွင်းမှာ ပထမဆုံးအကြိမ် တာဝန်ယူ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ 

မြန်မာနိုင်ငံ အနေနဲ့ အာဆီယံဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဆောင်ရွက်နိုင်ခြင်းဟာ အာဆီယံအဖွဲ့ကြီး အနေနဲ့ သာမက နိုင်ငံတကာ အသိုင်းအဝိုင်းကပါ မြန်မာနိုင်ငံ အစိုးရ၊ မြန်မာ ပြည်သူလူထုနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အနာဂတ်အပေါ်မှာပါ ယုံကြည်မှု ရှိတဲ့အကြောင်းကို ပြသခြင်းလည်း ဖြစ်ပါတယ်။ 

ဒီလို အာဆီယံဥက္ကဋ္ဌရာထူးကို လွှဲပြောင်းတာဝန်ယူ ဆောင်ရွက်နိုင်ခြင်း ဟာ နိုင်ငံတကာ အသိုင်းအဝိုင်း အတွက် အရေးကြီး တဲ့ တာဝန်တစ်ခုကို ထမ်းဆောင်ခြင်း ဖြစ်သလို တစ်ဖက်မှာလည်း မြန်မာနိုင်ငံ မှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးဖြစ်စဉ်နဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များရဲ့ တိုးတက်မှုတွေဟာ အာဆီယံဒေသ တွင်းမှာ ဂုဏ်ယူနိုင်တဲ့အဆင့် ရောက်ရှိနေပြီဟု ယုံကြည်ပြီး တာဝန်လွှဲအပ်ခြင်းခံရတာဖြစ်တဲ့ အတွက် 
မြန်မာနိုင်ငံသားများ အားလုံး အတွက် တာဝန်ထမ်းဆောင်ခြင်း ဖြစ်တယ်လို့လည်း ဆိုနိုင်ပါတယ်။ 

အာဆီယံဥက္ကဋ္ဌ တာဝန်ဟာ အာဆီယံအဖွဲ့ကြီးကို ဦးဆောင်မှုပေးရုံ သာမဟုတ်ဘဲ အာဆီယံအဖွဲ့ကြီးနဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံများဖြစ်တဲ့ အမေရိကန် ပြည်ထောင်စု၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ဥရောပ သမဂ္ဂ၊ ရုရှားနိုင်ငံတို့နဲ့ ဆက်သွယ် ပူးပေါင်း ဆောင်ရွက်မှုများကိုလည်း ဦးစီးဦးဆောင် ပြုလုပ်သွားရမှာ ဖြစ်ပါတယ်။ 

၂၀၁၅ မှာ အာဆီယံစီးပွား ရေးအသိုက်အဝန်းကို ဖော်ဆောင်နိုင်ဖို့ လိုအပ်တဲ့ လုပ်ငန်းတွေ၊ တာဝန် တွေ လုပ်ဆောင်ဖို့ ရှိနေတဲ့အတွက် ကျွန်တော်တို့ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူရမယ့် လာမယ့် နှစ်ဟာ ဆိုရင် အလွန်အရေးကြီးတဲ့ နှစ်တစ်နှစ် ဖြစ်ပါတယ်။ 

အာဆီယံ ဥက္ကဋ္ဌတာဝန်ကိုယူထားချိန်မှာ အာဆီယံ ဆိုင်ရာ အဆင့်မြင့် တွေ့ဆုံပွဲတွေနဲ့ အစည်းအဝေးကြီးတွေ ကို လက်ခံကျင်းပပြုလုပ် သွားဖို့ရှိပြီး နိုင်ငံတကာ ဆိုင်ရာ အရေးကြီး ကိစ္စရပ်များကိုလည်း ဦးဆောင် ဆွေးနွေးသွားရမှာ ဖြစ်ပါတယ်။ 

လာမယ့်နှစ်အတွင်းမှာ အာဆီယံအဖွဲ့ကြီးကို ဒေသတွင်း အင်အားစု တစ်ခုအနေဖြင့် အင်အားကောင်းလာအောင် ဆောင်ရွက် သွားရမှာဖြစ်သလို အာဆီယံနဲ့ ကမ္ဘာ့အသိုင်းအဝိုင်း အကြား ဆက်ဆံရေးတွေမှာလည်း ပိုမို တိုးတက်ကောင်းမွန်လာအောင် ဦးဆောင်သွားရမှာဖြစ်ပါတယ်။ 

မြန်မာနိုင်ငံ အနေနဲ့ ကမ္ဘာ့အသိုင်း အဝိုင်းနဲ့ နိုင်ငံတကာ ဆက်ဆံရေး ပုံစံသစ်တစ်ရပ်ကို ပြန်လည် တည်ဆောက်နေခြင်းရဲ့ ပြယုဂ်တစ်ခု လည်း ဖြစ်ပါတယ်။ 

ကျွန်တော် တို့နိုင်ငံရဲ့ လက်ရှိကျင့်သုံးနေတဲ့ နိုင်ငံခြားရေး မူဝါဒအရလည်း မြန်မာနိုင်ငံရဲ့ အကျိုးစီးပွား သက်သက်ကို အကာအကွယ်ပေးရုံသာမကဘဲ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ တာဝန်သိတတ်တဲ့၊ တာဝန် ယူတတ်တဲ့ ကမ္ဘာ့နိုင်ငံတစ်နိုင်ငံ ဖြစ်လာအောင်လည်း ကြိုးပမ်းဆောင်ရွက် နေတာ ဖြစ်ပါတယ်။ 

ဒီလပြောကြားတဲ့ ကျွန်တော့်ရဲ့ တင်ပြပြောဆိုချက်များကို ခြုံငုံကြည့် မယ်ဆိုရင် မိမိတို့ လူ့အဖွဲ့အစည်းဟာ အရေးကြီးသည့် ကာလတစ်ခုကို ဖြတ်သန်းပြီး နိုင်ငံရေးဖြစ်စဉ်နှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို တည်ဆောက်နေရတာ ဖြစ်ပါ တယ်။ 

ဒီလုပ်ငန်းစဉ် အဆင့်ဆင့်မှာလည်း စိန်ခေါ် မှုများပြည့်နှက်နေပြီး ၎င်းစိန်ခေါ်မှုများကို အဆင့်အလိုက် ရင်ဆိုင်ဖြေရှင်း နေရချိန်လည်းဖြစ်ပါတယ်။ 

တစ်ဖက်တွင် ပြဿနာမျိုးစုံ ဖြေရှင်းကျော်လွှား နေရသော်လည်း အခြားတစ်ဖက်တွင် အာမခံ ချက်ရှိသည့် မျှော်လင့်ချက်များကို တွေ့မြင်နေရပြီ ဖြစ်ပါတယ်။ 

ဒါကြောင့် ထိုမျှော်လင့်ချက်တွေကို အခြေခံပြီး ငြိမ်းချမ်းရေး တည်ဆောက်မှုနှင့် နိုင်ငံရေးဖြစ်စဉ်များ ရှင်သန် မှု ကို မိမိတို့အားလုံး ပူးပေါင်းပြီး အောင်မြင်အောင် ဆောင်ရွက်သွားကြရန် တိုက်တွန်း 
ပြောကြားလိုပါတယ်။ 

ကျွန်တော့်အနေနဲ့ ကတော့ ကျွန်တော် တာဝန်ယူထားတဲ့ သက်တမ်းကာလ အတွင်းမှာ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိအောင်၊ ပြည်သူတွေရဲ့လူမှုစီးပွားဘ၀ ပိုမိုတိုးတက် ကောင်းမွန်လာ အောင် နောင် အနာဂတ် မျိုးဆက်သစ် တွေအတွက်ပါ ပိုမိုကောင်းမွန် ပြည့်စုံတဲ့ဘ၀တွေ ပိုင်ဆိုင်လာကြဖို့ အတွက် 
ရေရာသေချာတဲ့ အနာဂတ်တစ်ခုကို ရှေးရှုပြီး တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက် လျက်ရှိ ပါကြောင်း
ပြောကြားရင်း နိဂုံးချုပ်ပါတယ်။ 

မိဘပြည်သူများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ။

1 comments :

  1. Anonymous said... :

    ပြည်သူလူထုအများစု၏ လိုလားချက်များထဲမှ အဓိကအချက် ၂ ချက်ကို သမ္မတကြီးအား တင်ပြလိုပါသည်။
    ၁။ ဗိုလ်ချုပ်ကြီးများသာ အစဉ်အဆက် အာဏာယူထားပြီး လူတစ်စုကသာ အခွင့်ထူးရရှိခံစားနေကြတာကို အမြန် အဆုံးသတ်စေချင်ပါသည်။
    ၂။ ပြည်သူအများစုရဲ့ ဆန္ဒကို အသိအမှတ်ပြုပြီး ပြည်သူ့ဆန္ဒအစစ်အမှန်နဲ့ တက်လာသည့် ပုဂ္ဂိုလ်သာ နိုင်ငံတော် သမ္မတ ဖြစ်သင့်ပါသည်။

    ၎င်းသည် ပြည်သူလူထု အများစု၏ လိုလားချက်အမှန်ဖြစ်ပါသည်။ ၎င်းလိုလားချက်များသည် အစွန်းရောက်မဟုတ်ပါ။ အနာဂတ် ကောင်းကျိုးကိုသာ ဖြစ်စေပါမည်။ အနာဂတ် ဆိုးကျိုးကို ဖြစ်စေမည်ဟု မမြင်မိပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved