Artist စန္ဒာခိုင်နဲ့ Artist ဇွန်အိဖြူတို့ရဲ့ ပထမ အကြိမ် ပူးတွဲတင်ဆက်တဲ့ ပန်းချီပြပွဲတခုကို လွန်ခဲ့သော ၁၀ နှစ် ကျော်က ကြည့်ခဲ့ရ ပါတယ်။ ယခု ဒုတိယ အကြိမ် ပူးတွဲ တင်ဆက်မှု အဖြစ် အမှတ် ၆၂၊ ပန်းဆိုးတန်းလမ်းရှိ လောကနတ် အနုပညာ ပြခန်းမှာ အောက်တိုဘာ ၂၇ မှ ၃၀ ရက်နေ့ အထိ ပြသခဲ့ပါတယ်။ ဒီပြပွဲဟာ ခေတ်ပြိုင် အနုပညာ ခံစားမှုနှင့် Nude ရေးဆွဲဖန်တီးမှု အနုပညာကို ခံစားရစေတဲ့ ပြပွဲလို့ ဆိုရမှာပါ။

Artist စန္ဒာခိုင်၏ Nude ပုံ ပန်းချီကားများ ဘာဖြစ်လို့လဲ ဆိုတော့ Artist ဇွန်အိဖြူရဲ့ Paper Cutting လုပ် (စက္ကူကို ဖြတ်ထုတ်ပုံဖော်) ဖန်တီးမှုက ခေတ်ပြိုင် အမြင်၊ ခေတ်ပြိုင်ဖန်တီးမှု ရသကို ခံစားရပြီး၊ Artist စန္ဒာခိုင်က အမျိုးသမီး Nude ပုံများရေးဆွဲ တင်ပြထားတာကြောင့်ပါ။
ဇွန်အိဖြူရဲ့ Downtown in the Rain လို့ အမည်ပေးထားတဲ့ Paper Cutting artwork က မိုးရွာရင် လမ်းတွေပေါ် ရေလျှံ တတ်တဲ့ မြို့တော် ရန်ကုန်ပုံရိပ်ကို ဖန်တီးထားတာပါပဲ။ မိုးရွာရင် ရေနုတ်မြောင်း ပိတ်ဆို့ပြီး လမ်းတွေပေါ် ရေလျှံနေတာက မြင်နေကျ မြင်ကွင်းများ၊ ပြီးတော့ ငွေကြေးနဲ့ လူသားရဲ့ ပျော်ရွှင်မှု၊ ၀မ်းနည်းမှု၊ အလိုမကျမှု၊ ကျေနပ်မှု စတာတွေကို Paper Cutting artwork နဲ့ ပုံဖော် တင်ဆက်တဲ့ လက်ရာတွေကို တွေ့မြင်ရပါတယ်။ ဒီလို ဖန်တီးမှုအတွက် ပန်းချီလို အရောင်မျိုးစုံ သုံးစွဲခြင်း မပြုတာကြောင့် အကန့်အသတ် ကြီးမားလှပါတယ်။ သို့ပေမယ့် အနားသတ်ဘောင်ကို ရောင်ပြန် ထင်ဟပ်စေတဲ့ စက္ကူကို သုံးစွဲထားတာကြောင့် အမြင်တမျိုး ဆန်းနေပြန်ပါတယ်။
“Artwork တခု ဖန်တီးဖို့ ပထမဆုံး အတွေးစိတ်ကူး တခုကို စဉ်းစားပါတယ်။ နေ့စဉ် မြင်တွေ့နေရတာတွေက ဖန်တီးဖို့ ဖြစ်လာတာ များပါတယ်။ အဲဒီမှာ Sketch တွေ ရေးပါတယ်။ အရောင်မတူတဲ့ စက္ကူတွေပေါ်မှာ ရေးရတာပါ။ ဘယ်အရောင်ကို သုံးပြီး၊ ဘယ်အရောင်ကို နောက်ခံထားမလဲ ဆိုတာတော့ လုပ်နေရင်းနဲ့ ဆုံးဖြတ်ပါတယ်။ အဲဒီကနေ Sketch တွေထဲက ဖြတ်ထုတ် ပုံဖော်လိုရာကို ဓားနဲ့ cutting လုပ်ပါတယ်။ နောက်ဆုံး ပေါင်းစပ်ပြီး ဖန်တီးယူပါတယ်” လို့ ဇွန်အိဖြူက သူမရဲ့ ဆန်းသစ် ပုံဖော်မှုနဲ့ ပတ်သက်ပြီး ရှင်းပြပါတယ်။
သူမရဲ့ လက်ရာ တခုဖန်တီးဖို့ အနည်းဆုံး ၂ ရက်ကနေ ၁ ပတ် လောက်အထိ ကြာတတ်ပြီး၊ တခါတလေ ၁၀ ရက် လောက် အထိ ကြာသွားတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
အရောင်မတူတဲ့ စက္ကူ အနည်းဆုံး ၃ ရွက်ပေါ်မှာ Sketch တွေ ရေးဆွဲရတာ ဖြစ်လို့ အလွန်လက်ဝင်ပြီး စိတ်ရှည်ရပါတယ်။ သူမရဲ့ လက်ရာ ၁၂ ခု ဖြစ်ပါတယ်။
သူမဟာ M.B.B.S (Yangon) တက္ကသိုလ် ကျောင်းသူ တဦးဖြစ်ပြီး၊ Diploma in Art အောင်မြင်ခဲ့ပါတယ်။ ငယ်စဉ် ကတည်းက Artist စန္ဒာခိုင်ထံမှာ ပန်းချီအနုပညာ ဖန်တီးရေးဆွဲခြင်း သင်ယူခဲ့သူပါ။ သူမဟာ နှစ်ယောက်တွဲ အနုပညာ ပြပွဲ၊ အုပ်စုလိုက် အနုပညာ ပြပွဲတွေမှာ ပါဝင်ပြနိုင်ခဲ့ပြီး၊ ၁၉၉၇ ခုနှစ်မှာ Golden Price in Fukuoka Child Art Competition ရရှိခဲ့သူပါ။ ၂၀၁၂ ဇူလိုင်မှာတော့ Japan Foundation က ပေးအပ်တဲ့ Creator Artist in Residency at Tokyo Wander ရရှိခဲ့ပြီး၊ Tokyo Art University မှာ Art Talk ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

သူမရဲ့ လက်ရာတွေကို သုံးသပ်ရရင် ဆန်းသစ်တီထွင် တင်ပြမှု တရပ်ကို စမ်းသပ်တင်ပြခြင်းပါ။ အဲဒီလို တင်ပြရာမှာ ခေတ်ပြိုင် ခံစားမှုတွေကို ထင်ပြတာလို့ ယူဆရပါတယ်။
“အခုပြပွဲက ကျမတို့ ဆီမှာ Nude ပုံ ပန်းချီကား အများအပြား ပြသခွင့်ရတဲ့ ပထမဆုံး ပန်းချီပြပွဲ ပါပဲ။ ကျမတို့ ဆီမှာ အရင်က Nude ပုံ ပန်းချီကားတွေ ပြသခွင့် မရခဲ့ပါဘူး” လို့ ၂၀၀၉ ခုနှစ်မှာ ထိုင်းနိုင်ငံ ချင်းမိုင်မှာ Nude ပုံ ပန်းချီကားတွေ သွားရောက် ပြသခဲ့တဲ့ ပန်းချီဆရာမ စန္ဒာခိုင်က ပြောပါတယ်။
တကယ်တော့ ပန်းချီဆရာတိုင်း Nude ပုံ လေ့ကျင့်ရေးဆွဲ ဖူးကြပါတယ်။ ပန်းချီပန်းပုကျောင်းနဲ့ ယဉ်ကျေးမှု တက္ကသိုလ်မှာ ပြဋ္ဌာန်းထားတဲ့ သင်ရိုးထဲမှာ အခြေခံ Drawing အဖြစ် သင်ကြားတဲ့အခါ Nude ပုံတွေလည်း ပါဝင်ပါတယ်။ ဒါကြောင့် Nude ပုံ မရေးဆွဲဖူးတဲ့ ပန်းချီဆရာရယ်လို့ မရှိဟု ပြောနိုင်တာပါ။
ပန်းချီဆရာမ စန္ဒာခိုင်က “ပန်းချီဆရာတိုင်း အနည်းဆုံးတော့ Nude ပုံ ပန်းချီကား တကားလောက်တော့ ရေးဖြစ်ခဲ့ဖူးပါတယ်။ သို့ပေမယ့် ပြပွဲမှာ ပြသခွင့်တော့ မရှိဘူးပေါ့။ ဒါပေမယ့် အခု ပြပွဲက စပြီး တခြား ပန်းချီဆရာတွေလည်း Nude ပုံ ပန်းချီကားတွေ ပြသနိုင်ပြီဆိုတာ သိလာကြမှာပါ” လို့ ပြောပါတယ်။
Nude ပုံ ပန်းချီကား ရေးဆွဲ ဖန်တီးမှုနဲ့ ပတ်သက်ပြီး “ကျမတို့ ဆီမှာက Nude ရေးဆွဲ ဖန်တီးတင်ပြမှုနဲ့ ပတ်သက်ပြီး ခံစား နားလည်မှုက နည်းနေပါသေးတယ်။ ပြောရရင် ကျမရဲ့ မိသားစု ၀န်းကျင်မှာတောင် အစောပိုင်းမှာ သဘောမကျခဲ့ပါဘူး။ အခုတော့ အနုပညာ ဖန်တီးတင်ပြမှု သဘောကို နားလည်လာပါပြီ။ အခုပြပွဲကို လာရောက်ကြည့်ရှုသူ တဦးဆိုရင် ကျမရဲ့ Nude ပုံ ပန်းချီကားတွေကို ကြည့်တောင် ကြည့်မသွားဘူး။ ကြည့်ဖို့ ရွံ့တွန့်တွန့် ဖြစ်နေတာ ဖြစ်မှာပါ” လို့ သူမက ပြောပါတယ်။
Nude ပုံပန်းချီကားတွေ ရေးဆွဲဖို့ အကြီးမားဆုံး အခက်အခဲ အကြောင်း သူမ ဆက်ပြောတာက “ကျမတို့ မြန်မာ အမျိုးသမီးတွေက ယဉ်ကျေးမှု သဘာဝကိုက အရှက်အကြောက် ကြီးကြသူတွေပါ။ အိမ်ထောင် ရှိသူပဲ ဖြစ်ဖြစ်၊ အိမ်ထောင် မရှိသေးသူပဲ ဖြစ်ဖြစ် ရှက်ရွံ့တတ်ကြပါတယ်။ အနုပညာ သဘောအရ လူသား ကိုယ်ခန္ဓာတည်ဆောက်မှု၊ အသားစိုင်တွေ၊ အကြောတွေရဲ့ ဖွဲ့စည်းမှု၊ အပျော့ အမာကို Nude ပုံ ပန်းချီနဲ့ ရေးဆွဲတင်ပြတာပါ။
သူမရဲ့ Ndue ပုံပန်းချီကားတွေက စုစုပေါင်း ၅၄ ကားဖြစ်ပြီး၊ Char Coal ခေါ် မီးသွေးနဲ့ ရေးဆွဲတဲ့ လက်ရာတွေပါ။ ကင်မရာ ကိုင်တဲ့ ၀၀တုတ် အမျိုးသမီး တဦးရဲ့ အနေအထား အမျိုးမျိုးကို ရေးဆွဲတင်ပြထားတာပါ။
တကယ်တော့ Nude Figure ဆိုတာ ရှေးခေတ် ဂရိတို့ရဲ့ အနုပညာမှာ အခြေတည်လာတာပါ။ ရီနေဆွန်း ခေါ် အနုပညာ ပြန်လည် ဆန်းသစ်လာတဲ့ ခေတ်မှာတော့ သမိုင်းမှတ်တမ်း ပန်းချီကားများ၊ ဘာသာရေး ဆိုင်ရာ အနုပညာလက်ရာများမှာ Nude ပုံ ပန်းချီနဲ့ ဆက်စပ်နေတဲ့ ရေးဆွဲတင်ပြမှုတွေ ရှိနေခဲ့တာပါ။
“ကျနော်တို့ ဆီမှာ အရင်က အနုပညာ ပြပွဲကို စိစစ်တဲ့သူတွေက အနုပညာအကြောင်း ဘာမှ နားလည်တဲ့သူတွေ မဟုတ်ဘူး။ စစ်ခိုင်းလို့ စစ်ကြတာ။ အနုပညာ ဆိုတာ ဘာလို့ မသိတဲ့သူတွေက အနုပညာ လက်ရာတွေကို ဘယ်လို စစ်ဆေးသလဲ ဆိုတော့၊ ထုံးစံအတိုင်း နိုင်ငံရေးကို ပုံဖော်တာလား၊ စစ်အုပ်ချုပ်ရေးကို စော်ကားတာလား၊ အနီရောင်က ဘာလဲ၊ အစိမ်းရောင်က ဘာလဲ ဆိုပြီး မေးမြန်း စစ်ဆေးတာပါပဲဗျာ” လို့ ပန်းချီပြခန်း တာဝန်ခံ တဦးက ပြောပြပါတယ်။
ပြုပြင်ပြောင်းလဲမှုတွေ ရှိလာနေတဲ့ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ရေးဆွဲ ဖန်တီးတင်ပြမှု အတွက် ဒီပြပွဲက စတင်ပြီး ပွင့်လင်းလာပြီ လို့ ဆိုရမှာ ဖြစ်ပါကြောင်း။ ။
.
0 comments :
Post a Comment