"အဲဒီကျောင်းကြီးကို ပြပြပြီး ပိုက်ဆံတောင်းနေတဲ့..."

Wednesday, December 11, 2013

~

 

  • "ရွှေနန်းတော်ကျောင်းမှာ ဆေးလိပ်သောက်ကြပြန်ပြီ" -

ဒီတစ်ခါ ရွှေနန်းတော်ကျောင်းမှာ ဆေးလိပ်ကို တဖွားဖွားနဲ့ စိမ်ပြေနပြေ သောက်နေတာကတော့ ကိုရွှေမြန်မာ အမျိုးသားတစ်ဦး ဖြစ်ပါတယ်။
ရွှေနန်းတော်ကျောင်းကို လာလည်တဲ့ မြန်မာတစ်ဦးပါ။ 

 



မန္တလေးတောင်ခြေမှာ သစ်သားနဲ့တည်ဆောက်ထားတဲ့ ရှေးဟောင်း ရွှေနန်းတော်ကျောင်း (ဓာတ်ပုံ - http://reenoemann.blogspot.com ဘလော့ )

သူဆေးလိပ်သောက်နေတာကိုမြင်တွေ့သွားတာကတော့ နိုင်ငံခြားဧည့်သည်တစ်ဦး ဖြစ်ပါတယ်။

ဧည့်သည်က သူ့ရဲ့ အင်္ဂလိပ်ဘာသာ ဧည့်လမ်းညွှန် အမျိုးသမီး(မန္တလေး)ကို ခေါ်ပြောပါတော့တယ်။

 (ဟိုမှာ ကြည့်စမ်းပါ  မင်းတို့မြန်မာတွေ နားမလည်ဘူးလား၊ ဟိုးမှာ ဆေးလိပ်မသောက်ရလို့ စာရေးထားတာတောင် ဆေးလိပ်သောက်နေလိုက်တာ အံ့သြစရာပဲ၊ တကယ်ဆို စာရေးမထားလဲ သိသင့်တယ်၊
ဒီနေရာဟာ မင်းတို့မြန်မာတွေအတွက် တန်ဘိုးမဖြတ်နိုင်တဲ့နေရာလေ၊ မတော်တဆမီးများလောင်သွားရင် ဒါမျိုးပြန်မရနိုင်တော့ဘူးလေ တဲ့)

ဒါနဲ့ဧည့်လမ်းညွှန်က ဆေးလိပ်သောက်သူကို သွားတားပါတယ်။ ဒါပေမဲ့ တုံ့ပြန်မှုကကြောက်ခမန်းလိလိပါ။ ရန်စကားတွေနဲ့ ပြန်ပြောပါတယ်။

အဲဒီအနေအထားကိုမြင်နေရတဲ့ ဧည့်သည်ကထပ်ပြီး

(သက်ဆိုင်ရာတွေကကော မပြောကြဘူးလားတဲ့၊ စောင့်ကြပ်မည့်သူကော မရှိဘူးလားတဲ့၊ တားမြစ်ထားတဲ့ ဥပဒေကော မရှိဘူးလားတဲ့)
လားပေါင်းများစွားသော မေးခွန်းတွေကို ဧည့်လမ်းညွှန်လဲ ဘယ်လိုမှ ဖြေနိုင်စွမ်းမရှိတော့ပါဘူး တဲ့။

ဒါနဲ့ ခဏနေပါဦး ငါ ဟိုစောင့်နေတဲ့သူတွေကို သွားပြောလိုက်ပါဦးမယ် ဆိုပြီး အပေါက်ဝက လက်မှတ်ရောင်းနေတဲ့ ရှေးဟောင်းသုတေသနဌာနကို သွားသတင်းပို့ပါတယ်။
 ဒါပေမဲ့ သူတို့နဲ့ မဆိုင်သလို ဘာအရေးမှ မလုပ်ကြပါဘူးတဲ့။

ဒါနဲ့ အနီးအနားမှာ ရဲမေအချို့တွေ့မြင်လို့ ထပ်ပြီး သတင်းပို့ပြန်ပါတယ်။ ထိုနည်း၎င်းပါပဲတဲ့ သူတို့နဲ့မဆိုင်သလို တစုံတရာ အရေးတယူမှု ဘာတခုမှ မပြုခဲ့ကြောင်း၊
ဧည့်လမ်းညွှန်ခမျာမှာ တာဝန်သိလို့ ပြောသော်လည်း တာဝန်ရှိနေသူများက ရှောင်နေကြသဖြင့် ဘာဆက်လုပ်ရမှန်းမသိဖြစ်ခဲ့ရကြောင်း ဆိုပါတယ်။

သူက သက်ဆိုင်ရာကို သတင်းပို့နေစဉ် ဧည့်သည်က ဆေးလိပ်သောက်သူကို ဓါတ်ပုံလိုက်ရိုက်ပါတယ်။ အဲဒီအခါမှ ဆေးလိပ်သောက်သူက ထွက်ပြေးတာပါ။
ထွက်ပြေးလည်း ဧည့်သည်ကနောက်ကလိုက်ပြီး မရရအောင်လိုက်ရိုက်ပါတယ်။
အဲဒီဓါတ်ပုံကိုတော့ သူ့နိုင်ငံပြန်ရောက်ပြီးနောက် ပြန်ပို့ပေးထားလို့ တဆင့် ထပ်မံတင်ပြပေးလိုက်ပါတယ်။

ပြည်ပဧည့်သည်ကတောင် ကိုယ့်နိုင်ငံရဲ့ အမွေအနှစ်တွေအပေါ် ဒါလောက်တန်ဘိုးထားမြတ်နိုးတာ ကိုယ့်အမျိုးက ဘာကြောင့် တာဝန်မဲ့နေကြလဲဆိုတာ အတော်ရှက်စရာကောင်းလှပါပေတယ်။

ဒါဟာ သက်ဆိုင်ရာတွေမှာတာဝန်ရှိတာပါ။ သက်ဆိုင်ရာတာဝန်ရှိသူဆိုတာ ဧည့်လမ်းညွှန်များလည်းပါဝင်သလို အဲဒီသက်ဆိုင်ရာဒေသ၊ အဲဒီကျောင်းကြီးကို ပြပြပြီး ပိုက်ဆံတောင်းနေတဲ့ ရှေးဟောင်းသုတေသန၊ ကင်မရာအခွန်ကောက်နေတဲ့ ပုဂ္ဂိုလ်များ၊ ထိန်းသိမ်းစောင့်ရှောက်နေသူများကို ဆိုလိုတာပါ။

သက်ဆိုင်ရာမှ သက်ဆိုင်ရာသို့ အဆင့်ဆင့် အကြောင်းကြားပေးနိုင်ပါရန် ဧည့်လမ်းညွှန်က ပေးပို့တင်ပြထားတာဖြစ်ပါကြောင်း။



သောင်းနိုင်ဦး


သတင်းနှင့်ပြန်ကြားရေး

မန္တလေးဇုန်၊ မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း

၉.၁၂.၂၀၁၃



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved