အိမ်ရှေ့အထိ ပစ္စည်းပို့ပေးမယ့် အမေဇုန်ရဲ့ လောကဓာတ်ယာဉ်ပျံ

Thursday, December 5, 2013

~


  

နည်းပညာခေတ်မှာ အွန်လိုင်းကနေ ဈေးရောင်းတာ ကြာပါပြီ။
ပစ္စည်းကို ၀ယ်ယူသူထံအရောက် စာတိုက်ကနေ ပို့ပါတယ်။    
 



ဟော....အခုတော့ ရောင်းလိုက်တဲ့ပစ္စည်းကို အာကာသယာဉ်လိုလို၊ ဘာလိုလို မောင်းသူမဲ့ယာဉ်ငယ်တခုသုံးပြီး ပို့ဆောင်တဲ့နည်းကို အမေဇုန်အွန်လိုင်းဈေးဆိုင်ကြီးက တနင်္ဂနွေနေ့မှာ မိတ်ဆက်လိုက်ပါပြီ။

 Amazon Prime Air လို့ အမည်သညာရှိတဲ့ လောကဓာတ်ယာဉ်ပျံနဲ့ ပစ္စည်းပို့ခြင်းဟာ  “လေးနှစ် သို့တည်းမဟုတ် ငါးနှစ်”အတွင်း ဖြစ်လာပါတော့မယ် လို့ အမေဇုန်အွန်လိုင်းဈေးဆိုင်ကြီးရဲ့  စီအီးအို  Jeff Bezos က ဆိုပါတယ်။

နည်းပညာဆန်းရုပ်ရှင်ဇာတ်လမ်းတွေထဲကလို ကမ္ဘာကြီး ပြောင်းလဲတော့မယ်ထင်ပါရဲ့။

အဲဒီ လောကဓာတ်ယာဉ်ပျံက ပစ္စည်းအလေးချိန် ငါးပေါင် အထိ သယ်နိုင်မယ်၊ ခရီးအကွာအဝေးကတော့ ဆယ်မိုင်အထိ သွားနိုင်မယ် တဲ့။

လောကဓာတ်ယာဉ်ပျံအကြောင်း မဆက်ခင် အွန်လိုင်းမှာ ဈေးအရောင်းအ၀ယ်ဖြစ်ကြပုံကို လေရှည်ပါရစေ။ ဧရာဝတီဘလော့ပရိသတ် သည်းခံကြပါ။ သိပြီးသူများ၊ အချိန်ဆင်းရဲလွန်းသူများ ကျော်ဖတ်သင့်ပါ၏။


  • အွန်လိုင်းမှာ ဈေးအရောင်းအ၀ယ်ဖြစ်ကြပုံ

အွန်လိုင်း မပေါ်ခင်ကတော့ စာတိုက်ကို ကြားခံထားပြီး ရောင်းကြ ၀ယ်ကြတယ်။ အွန်လိုင်းခေတ်မှာတော့ အရောင်းအ၀ယ်က ပိုပြီး မြန်ဆန်လာတယ်။
အရောင်းဆိုင်က သူ့မှာရှိတဲ့ပစ္စည်းကို အွန်လိုင်းမှာ ဓာတ်ပုံနဲ့တကွ ဖော်ပြတယ်။ ၀ယ်လိုသူက အဲဒီပုံတွေ ဈေးနှုန်းတွေ ကြည့်ပြီး နှစ်သက်ရာ ၀ယ်လိုက်ရုံသာ။
ငွေချေဖို့အတွက် ၀ယ်သူမှာ သတ်မှတ်စည်းကမ်းနဲ့ကိုက်ညီတဲ့ ဘဏ်ကတ်တို့ အကြွေးဝယ်ကတ်တို့ ရှိရမယ်။ ကတ်နံပါတ် ကတ်ပိုင်ရှင်အမည် ပို့ရမယ့် လိပ်စာ စသဖြင့်တို့ကို အွန်လိုင်းမှာ တလုံးချင်း ရိုက်ထည့်ရုံပဲ။
ဆိုင်ရှင်က ကိုယ့်ကတ်ထဲကငွေကို သူ့နည်းသူ့ဟန်နဲ့ ရယူမယ်၊ မှာတဲ့ပစ္စည်းကို ထုပ်ပိုးပြီး လိပ်စာအတိုင်း ပို့လိုက်ရုံသာ။

(မြန်မာပြည်မှာလည်း ဘဏ်ကတ်တို့ အကြွေးဝယ်ကတ်တို့ အသုံးများလာရင် အွန်လိုင်းကနေ ရောင်းဝယ်ကြပါလိမ့်မယ်။ ခုတော့ လမ်းဟောင်းကြီးအတိုင်း ဆက်လျှောက်ကြတာပေါ့။)

လုပ်ငန်းကြီးရင် ကြီးသလို ဆိုင်ရှင်မှာ အလုပ်သမားတွေ ခန့်ထားမယ်။ တကိုယ်တော်သမားတို့ရဲ့ လုပ်ငန်းသေးသေးလည်း ရှိတာပါ။

ကိုယ်ဆက်သွယ်မယ့် အွန်လိုင်းဈေးဆိုင်ကို တခြားသူတွေက ယုံကြည်မှုဘယ်လောက်ရှိသလဲ ဆိုတာမျိုးကိုလည်း အွန်လိုင်းကနေပဲ စုံစမ်းနိုင်ပါတယ်။
- စိတ်ချရတယ်၊ မြန်ဆန်သွက်လက်တယ် သို့သော် ဆက်ဆံရေး သိပ်အကောင်းကြီးမဟုတ်
- ဝန်ဆောင်မှု အသင့်အတင့်ပဲ ရှိတယ်
- ပစ္စည်းစုံတယ် သို့သော် ကြော်ငြာထားသလိုမဟုတ်ဘဲ သောက်တလွဲ လုပ်တတ်တယ်
စသဖြင့် စသဖြင့် မှတ်ချက်တွေ၊ ဝေဖန်ချက်တွေ၊ သတင်းတွေ အွန်လိုင်းမှာ ရှာဖတ်နိုင် ရနိုင်ပါတယ်။
သတင်းဆိုတာကလည်း သောက်တလွဲဖြစ်တတ်တာကိုတော့ သတိချပ်ရမယ်။ ဒါက ယုံကြည်ရမှုအကြောင်း။
ဆိုင်အများစုကတော့ ယုံကြည်ရပါတယ်လို့ လိုတိုရှင်း ပြောရပါလိမ့်မယ်။

  • ဈေး သက်သာသလား

ဈေး မများဘူးလို့ ဆိုရမယ်။ ဘယ်ဆိုင်က ဈေးအပေါဆုံးလဲ ဆိုတာလည်း စုံစမ်းရ လွယ်တယ်။
ပြင်ပစတိုးဆိုင်ကြီးများထက် ဈေးပေါတာကလည်း မဆန်းပါဘူး။
အွန်လိုင်းသမားက ဆိုင်ခန်းခနဲ့ တခြားစရိတ်တွေ မကုန်ဘူး ဆိုတော့ အမြတ် သိပ်တင်စရာ မလိုဘူးပေါ့။ ဒါက ဈေးပေါရခြင်းအကြောင်း။

ဆိုင်ခန်းခ မကုန်ပေမယ့် လုပ်ငန်းကြီးရင် ကြီးသလို ဂိုဒေါင် ကြီးကြီးလိုမယ်။ အမေဇုံလိုအထင်ကရတွေဆို ဧရာမဂိုဒေါင်တွေ ရာနဲ့ချီ ရှိလိမ့်မယ်။ တထောင်ကျော်တောင် ရှိမလားပဲ။
နိုဝင်ဘာ ၂၉ ဘန်ကောက်ပို့စ်သတင်းစာ စီးပွားရေးစာမျက်နှာ B9 မှာ ရေးထားချက်အရ ဆိုရင် အမေဇုံမှာ ၀န်ထမ်း စုစုပေါင်း ၇ဝ,ဝဝဝ ရှိသတဲ့။ စက်ရုပ်အရေအတွက်က ၁,၄ဝဝ နီးပါး။
စက်ရုပ်ကတော့ ပစ္စည်းထုပ်ပိုးတာမျိုး လုပ်ပါလိမ့်မယ်။

အနောက်တိုင်းနိုင်ငံများထဲမှာ အမေရိကန်က အွန်လိုင်းဈေးကွက် အဖြစ်ထွန်းဆုံးလို့ ဆိုနိုင်မယ် ထင်တယ်။
သူက နိုင်ငံလည်း ကျယ်၊ လူလည်း များတာကြောင့် အဲသလို ထင်ရတာပါ။
အမေဇုံ ဝန်ထမ်းတွေက အမှာစာအတိုင်း ပစ္စည်းတွေ စာတိုက်က ပို့ကြပါတယ်။  
 


လောကဓာတ်ယာဉ်ပျံလေးက ပစ္စည်းချပြီးတာနဲ့ ထွက်သွားမယ်။ မှာယူသူက သွားကောက်ယူရုံပဲ လို့ ရုပ်သံမှာ အမေဇုန်က ခပ်ကြွားကြွား ပြထားလေရဲ့။

  •  .
  • လောကဓာတ်ယာဉ်ပျံနဲ့ ပို့တော့မယ်

ဘယ်မြို့ကပဲမှာသည်ဖြစ်စေ   နိုင်ငံအနှံ့ ဂိုဒေါင်တွေရှိတဲ့ထဲက အဲဒီမြို့ရွာရပ်ကွက်နဲ့ အနီးဆုံးဂိုဒေါင်ကနေ ပို့ပါလိမ့်မယ်။
စာတိုက်က ပို့တာ ကြာတယ်၊ တညအိပ် နှစ်ညအိပ် ကြာနိုင်တယ်။ ၀န်ဆောင်ခ ပိုယူပြီး နေ့ချင်းရောက် ပို့တာလည်း ရှိတယ်။ ညမအိပ်တောင်မှ နာရီပေါင်းများစွာ ကြာနိုင်တယ်။

 ဟော အခု လောကဓာတ်ယာဉ်ပျံနဲ့ ပို့တော့မယ် လို့ ကြွားလုံးထုတ်ထားတယ်.... တကယ် ဖြစ်လာနိုင်တာပဲ။
ပစ္စည်းတိုင်းကိုတော့ အဲသလို မပို့နိုင်ဘူး။ ငါးပေါင်အထိပဲ သယ်နိုင်တယ် ဆိုသကိုး။
ပုံမှန်ပို့ခနှုန်းပဲပေးမယ်ဆိုရင်လည်း  အဲသလို မပို့နိုင်ဘူး။ အဲဒီယာဉ်ပျံကို ထိန်းချုပ်တဲ့ကုန်ကျစရိတ်က အတော်များမယ်လေ။

 အထူးမြန်တဲ့စနစ်နဲ့ ဆိုရင်တော့ ပို့ခကိုလည်း အထူး ယူပါလိမ့်မယ်။

  • .
  • ဘာတွေ ဖြစ်လာမလဲ
နည်းပညာရူးသွပ်သူများထဲမှာမှ ထူးထူးဆန်းဆန်းကို စမ်းသပ်လိုသူတွေ၊ မှာတဲ့ပစ္စည်းကို နာရီပိုင်းအတွင်း အမှန်တကယ်လိုအပ်သူတွေက အဲဒီ အမေဇုံယာဉ်ပျံနဲ့ ပို့ဆောင်နည်းကို ရွေးကြလိမ့်မယ်။ ကုန်သလောက် ပေးကြလိမ့်မယ်။

ခြံနဲ့ဘာနဲ့ အိမ်ကြီးရခိုင်နဲ့နေသူများ အဆင်ပြေမယ်။ မိုးရွာ နှင်းကျလွန်းရင်တော့ ခက်မယ်။
ကွန်ဒိုမှာနေ၊ အဆောင်မှာနေ တိုက်ခန်းငယ်တွေမှာ နေသူတွေကို ဒီယန္တယားယာဉ်ပျံက ဘယ်လို ဆက်သွယ်မလဲ။

အဲဒီယာဉ် လမ်းမှာ တိုက်ခိုက်ခံရ၊  သို့မဟုတ် မတော်တဆဖြစ်ပြီး ပျက်ကျရင် ပစ္စည်းပျောက်မယ်။ ပြဿနာတွေ တက်မယ်။

လူတွေ အိမ်တွေကို ထိခိုက်မိရင် တရားစွဲခံရမယ်။ အနောက်တိုင်းသားတို့က ထစ်ခနဲရှိ တရားစွဲတာပဲ။
 


 

အမေဇုံရဲ့ စိတ်ကူးယဉ်ဆန်ဆန် ပစ္စည်းပို့နည်းသတင်းကို နိုင်ငံတကာမှာ ဖော်ပြနေကြတာ .. .  စာဖတ်သူတယောက်ကတော့ ... အနာဂတ်မှာ ရေခဲသေတ္တာတွေကိုများ လေထဲကနေ ပို့လာလေမလား လို့ အတွေးပွားနေမိတယ် တဲ့။

 ပေါက်ကွဲစေတတ်တဲ့၊ ဓာတုပစ္စည်းလိုမျိုး အန္တရာယ်ရှိတဲ့ ပစ္စည်းတွေကိုရော ဒီနည်းနဲ့ ပို့မှာလားလို့ တချို့က မေးနေတယ်။

 ဖြစ်နိုင်ချေတွေကတော့ အများကြီးပါပဲ။

အဲဒီစက်ယာဉ်ပျံစီမံကိန်း အကောင်အထည်ပေါ်သည် မပေါ်သည်၊ အစိုးရမင်းတို့ ခွင့်ပြုသည် မပြုသည်ဆိုတာကိုတော့ အမေဇုံ ပြောထားတဲ့ လာမယ့်လေးငါးနှစ်အတွင်း သိရပါမယ်။

အပြိုင်အဆိုင်များလွန်းတဲ့ အွန်လိုင်းဈေးဆိုင်လုပ်ငန်းမှာ အမေဇုံက တပါးသူတွေထက် နှာတဖျား သာသွားပြီလို့ ဆိုနိုင်ပါတယ်။
 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved