'ဘက'ကျောင်းအလှူ သွားကူမယ့် လှအဉ္စလီတင့်

Sunday, December 29, 2013


~



သရုပ်ဆောင် လှအဉ္စလီတင့်က ပဲခူးမြို့ ရွှေဘုန်းပွင့် မင်္ဂလာပေါ်တော်မူကျောင်းတွင် ဖွင့်လှစ်ထားသည့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (ဘကကျောင်း)သို့  ဇန်န၀ါရီ ၄   လွတ်လပ်ရေးနေ့တွင်  သွားရောက်လှူဒါန်းမည့် ဖောင်ဒေးရှင်းတခု၏ အစီအစဉ်တွင်  ပါဝင်ရန် အသင့်ဖြစ်နေသည်။



အလှူက သူ၏ အစ်မဖြစ်သူ ဒေါ်ဘီမွန်မွန်ကျော်တင့် ပါဝင်သည့် ပဲ့ကိုင်ရှင် ဖောင်ဒေးရှင်း၏ အစီအစဉ်ဖြစ်ကြောင်း သိရသည်။

“ချောက အစ်မရဲ့ ပရဟိတ အလုပ်မှာ ကူလုပ်ပေးတာပါ။ အဓိကကတော့ အစ်မတို့ ဦးဆောင်ပါတယ်” ဟု သရုပ်ဆောင် လှအဉ္စလီတင့် (ခ) ချောချောယုမွန်ကျော်တင့်က ဆိုသည်။ 

 အကူအညီ လိုအပ်နေသော ကလေးများအတွက် ပါဝင်ဆောင်ရွက်ခြင်းဖြစ်ပြီး  လွတ်လပ်ရေးနေ့ အစဉ်အလာအတိုင်း ကလေးများအတွက် ပျော်ပွဲရွှင်ပွဲများလည်း စီစဉ်ထားသည်ဟု ဆိုသည်။

ပဲ့ကိုင်ရှင် ဖောင်ဒေးရှင်းကို ပရဟိတအလုပ်များ စုစုစည်းစည်း လုပ်ကိုင်နိုင်ရေး ရည်ရွယ်ချက်ဖြင့်  လွန်ခဲ့သော ၂ နှစ်ခန့်က ရန်ကုန်မြို့နေ စိတ်တူကိုယ်တူ အမျိုးသမီး ၁၀ ဦးဖြင့် စတင်ခဲ့ခြင်း ဖြစ်ကြောင်း ဖောင်ဒေးရှင်း ဥက္ကဌ ဒေါ်ဘီမွန်မွန်ကျော်တင့်က ဧရာဝတီသို့ ပြောသည်။ 

“နှစ်စဉ်ကတော့ ပြည်ထောင်စုနေ့တိုင်းမှာ မတတ်နိုင်တဲ့ကလေးတွေကို စောင့်ရှောက်ပီး ပညာသင်ပေးတဲ့ စာသင်ကျောင်းတွေဆီ သွားလှူပါတယ်။
ဒီနှစ် ၃ နှစ်မြောက်အလှူမှာတော့ ပြည်ထောင်စုနေ့မှာ မအားတာကြောင့် လွတ်လပ်ရေးနေ့ကို ရွှေ့ပြီး လှူမှာပါ” ဟု ဒေါ်ဘီမွန်မွန်ကျော်တင့်က ဆိုသည်။ 

၃ နှစ်မြောက် အလှူတွင် ပဲခူးမြို့ ရွှေဘုန်းပွင့်ကျောင်းဆရာတော် ဦးစီးဖွင့်လှစ်သည့် ဘကကျောင်းသို့ သွားရောက်ရန် ရွေးချယ်ထားပြီး ဖြစ်ကြောင်း သူမက ပြောသည်။
ကျောင်းသူ ကျောင်းသား သုံးရာကျော် ပညာသင်နေသော ထို ဘက ကျောင်းသို့   စာရေးကိရိယာ၊ မုန့် နှင့် ဆန်အိတ်အပြင် ငွေကြေးလည်း ကူညီသွားဖို့ ရှိကြောင်း သိရသည်။ 

ဘကကျောင်း၊ သီလရှင်သင် ပညာရေးကျောင်းသို့ သွားရောက်လှူဒါန်းရာတွင် ခင်မင်ရင်းနှီးသူများက တဆင့်စကားဖြင့် ပါဝင်ဒါနပြုမှုများ ပြုလုပ်ကြသည်ဟု ဆိုသည်။

တနေ့ ကျပ် ၁၀၀ နှုန်းဖြင့် တနှစ်စာ ၃၆,၀၀၀ နှုန်း လှူဒါန်းနိုင်သကဲ့သို့ ထိုထက် များပြားသော ပမာဏကိုလည်း လှူဒါန်းနိုင်ကြောင်း ဒေါ်ဘီမွန်မွန်ကျော်တင့်က ပြောသည်။

ဖောင်ဒေးရှင်းသို့ ဆက်သွယ် လှူဒါန်းလိုပါက  .... ဖုန်းနံပါတ် ၀၉  ၅၁၆ ၂၂၂၄ နှင့် ၀၉  ၄၂၁၇ ၁၇၂၁၄ 
 

 ငြိမ်းငြိမ်း  ~


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved