ချင်းမိုင်က မြန်မာနေ့စားလုပ်သားရပ်ကွက်ကို ရဲဝင်ဖမ်း

Tuesday, December 17, 2013

ထိုင်းနိုင်ငံ ချင်းမိုင်မြို့လယ်က မြန်မာပြည်သား နေ့စားအလုပ်သမားရပ်ကွက်မှာ ဒီကနေ့ အဖမ်းအဆီးရှိ တဲ့အတွက် အယောက် ၂၀၀ ဝန်းကျင် အဖမ်းခံလိုက်ရ သို့မဟုတ် ခေါ်ယူမေးမြန်းခံရလို့ အလုပ်ပျက်အကိုင် ပျက်ဖြစ်သွားတယ် လို့ သိရပါတယ်။ 

 အလုပ်လာခေါ်တဲ့ အလုပ်ရှင်ကားနဲ့ လိုက်သွားကြမယ့် မြန်မာပြည်သား အလုပ်သမားတွေ (ဓာတ်ပုံ - သန်းထိုက်ဦး/ဧရာဝတီ)

ခမ်းထေ့ရမ် Tesco Lotus ကုန်တိုက်နားက လမ်းမကြီးတခုမှာ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေက တနေ့တာ အလုပ်ရဖို့ အတွက် လာရောက်ငှားရမ်းသူကို ခါတိုင်းရက်တွေလိုပဲ စောင့်မျှော်နေရာက အခုလို ၀င်ရောက် စစ်ဆေးခံရတာ ဖြစ်ပါတယ်။ 

အဲဒီ အနီးအနားမှာ နေထိုင်တဲ့ မြန်မာအလုပ်သမားတွေ ပြောပြချက်အရ - အာဏာပိုင်တို့က အလုပ်သမား လက်မှတ်ရှိတဲ့ လူတွေကိုပါ ဖမ်းဆီးပြီး မြေပြင်မှာ ထိုင်ခိုင်းထားတာ တွေ့ရတယ် လို့ ပြောပါတယ်။ 

ဒါပေမယ့် အဖမ်းခံရသူ စာရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။ ဒါပေမယ့် ထိုင်းဘာသာနဲ့ ရေးထား တဲ့ မန်နေဂျာ အွန်လိုင်း သတင်းတပုဒ်မှာတော့ ထိုင်း အာဏာပိုင်တွေက လူအယောက် ၂၀၀ ကို စစ်ဆေး ခဲ့ပြီး တရားဝင် အလုပ်သမားလက်မှတ် မရှိတဲ့သူ ၄ ယောက်ကိုသာ ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။ 

မကြာခင်ရက်ပိုင်းက ဒီနေရာမှာ ခိုက်ရန်ဖြစ်ပွားခြင်း၊ ပစ္စည်းခိုးခြင်း၊ လောင်းကစားပြုလုပ်ခြင်း စတဲ့ ဖြစ် ရပ်တွေရှိတယ်၊ ဒါကြောင့် မြန်မာ ရွှေ့ ပြောင်း အလုပ်သမားတွေကို အခုလို ၀င်ရောက် စစ်ဆေးတာ ဖြစ် တယ် လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ 

အလုပ်သမားအားလုံးနီးပါးမှာ တရားဝင် အလုပ်သမားလက်မှတ် ရှိကြပါတယ်၊ လက်မှတ် မရှိတဲ့ ၄ ယောက် ကိုတော့ ထိုင်း ဥပဒေအတိုင်း ဆောင်ရွက်ပြီး မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်သွားမယ်လို့ သိရပါတယ်။ အာဏာပိုင်တွေ မကြာခဏ စစ်ဆေးလေ့ရှိတဲ့ ဒီနေရာမှာ အလုပ်သမား လက်မှတ်မရှိရင် အဖမ်းမခံရဖို့ ဘယ်လို ရှောင်ရတိမ်းရမယ်ဆိုပြိး ကျင့်သားရနေတဲ့လူလည်း ရှိပါတယ်။ 

ဒီနေရာမှာ လာစောင့်သူတွေဟာ မြန်မာ၊ ရှမ်း၊ ကရင်၊ ရခိုင်၊ လားဟူ စတဲ့ တိုင်းရင်းသားတွေနဲ့ 
တောင်ပေါ်သား ကတ် ရထား သူ (ထိုင်း နိုင်ငံသား အဖြစ် အသိအမှတ် ပြုခံထားရသူ) တချို့ပဲ ဖြစ်ပါ တယ်။ 

ဒီအထဲမှာ အမျိုးသမီးတွေလည်း ပါပါတယ်။ ဒီနေရာမှာ အလုပ်သမားတွေဟာ မနက် ၆ နာရီကနေ စပြီး ညနေ ၃ နာရီ အထိ စောင့်ပါတယ်။ အလုပ်သမားရှာဖွေသူရောက်လာပြီး နေ့စားအလုပ်ရပြီဆိုရင် သူတို့တွေ လုပ်ရတဲ့ အဓိက အလုပ်တွေကတော့ ဆောက်လုပ်ရေး၊ ပန်းပင်စိုက်၊ မြေကြီးတူး၊ အိမ်ခြံ သန့်ရှင်းရေး၊ ပစ္စည်းသယ်၊ သစ်ပင်ခုတ် စသဖြင့် အလုပ် ကြမ်းတွေပါပဲ။ ချင်းမိုင်မှာ တရားဝင် သတ်မှတ် ထား တဲ့ တနေ့ လုပ်အားခဟာ ဘတ် ၃၀၀ (ကျပ်ကိုးထောင်ကျော်) ဆိုပေမယ့် ဒီနေရာလေးမှာ စောင့်ပြီး အလုပ်ရသွားရင် အနည်းဆုံးတော့ တရက်ကို ဘတ် ၄၀၀ (ကျပ် တသောင်းကျော်) ရကြပါတယ်။ 

ချင်းမိုင်မြို့မှာတော့ ဈေး၊ စားသောက်ဆိုင်၊ စက်ရုံ၊ ဆောက်လုပ်ရေး လုပ်ငန်း၊ အိမ်ဖော်၊ လိင်ဖျော် ဖြေရေး စသဖြင့် လုပ်ငန်းမျိုးစုံမှာ ရုန်းကန်လှုပ်ရှား နေရတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေ တော်တော် များများ ရှိကြပါတယ်။ တခြား နေရာထက်စာရင် ဒီနေရာလေးက ငွေလည်း ပိုရပြီး ပုတ်ပြတ် အလုပ်တွေရတဲ့ တချို့လာလုပ်ကြတာဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

ဒီမှာလာပြီး အလုပ် လာလုပ်ရတာ ပျော်တယ်၊ သူဌေး အိမ်မှာ လခစား အလုပ်လုပ် ရတာ နားချင်တိုင်း လည်း မနားရဘူး။ 

ဒီမှာ လာစောင့်ရင် ဒီနေ့ အလုပ်ဆင်းပြီး နောက်နေ့ အလုပ် မဆင်းချင်လည်း ရတယ်လို့ ဆိုပါတယ်။ 

နောက်ထပ် အားသာချက်တခုကတော့ အလုပ်သမားတွေဟာ သူတို့နားချင်တဲ့နေ့ကို ကိုယ်တိုင် ရွေးချယ် ဆုံးဖြတ်ရတာပဲဖြစ်ပါတယ်။ 

ချင်းမိုင်က မြန်မာနေ့စား အလုပ်သမားတွေအကြောင်းကို ဧရာဝတီ သတင်းထောက် သန်းထိုက်ဦးရေးသား တင်ပြထားတဲ့ ကုန်ပစ္စည်းမဲ့ ဈေး ဆိုတဲ့ ဆောင်းပါးမှာလည်း ဖတ်ကြည့်နိုင်ပါတယ်။



သန်းထိုက်ဦး  ~




0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved