ချစ်သူ ရှာပုံတော်

Saturday, December 7, 2013

ထိုင်းနိုင်ငံ တီဗွီ လိုင်း အမှတ် ၃ က စီစဉ်တဲ့ ချစ်သူရည်းစား ရှာပုံတော် Take Me Out ဆိုတဲ့ အစီအစဉ် ထုတ်လွှင့်မှုက စိတ်ဝင်စားစရာပါ။ 


လတ်တလော ချစ်သူ မရှိသေးလို့ ချစ်သူရှာလိုတဲ့ အမျိုးသားငယ်တဦးက မိန်းကလေး ၃၀ ထဲက ၁ ဦး ကို ရွေးချယ်တဲ့ အစီအစဉ်တခုပါ။ 

အမျိုးသားငယ်က ချစ်သူရည်စားရှာဖို့အတွက် ဒီအစီအစဉ်ကို လျှောက်ထားရပြီး သူ့ရဲ့ ချစ်သူအဖြစ် ရွေး ချယ်ခံဖို့ အတွက် မိန်းကလေး ၃၀ က လည်း လျှောက်လွှာတင်ရပါတယ်။ ဆိုလိုတာကတော့ မချော ၃၀ နဲ့ ကိုယ်လူချော တဦးပေါ့။ 




အမျိုးသားငယ်ရဲ့ မိတ်ဆွေတချို့ကိုလည်း တီဗွီ အမှတ် ၃ က ချစ်သူရှာလိုတဲ့ အမျိုးသားငယ်ဟာ ဘယ်လို လူစားဖြစ်တယ်၊ ဘာဝါသနာပါတယ် စသဖြင့် မေးမြန်းထားချက်တွေလည်း ပါဝင်ပါတယ်။ 

အမျိုးသမီး ၃၀ အနေနဲ့ မီးခလုပ်တွေကို အသုံးပြုပြီး အမျိုးသားအကြောင်း ကိုယ်တိုင်ပြောနဲ့ သူငယ်ချင်း
တွေက ပြန် ပြောပြနေစဉ်မှာ သူတို့အနေနဲ့ ရွေးချယ်ခွင့်မခံလိုရင် မိမိခုံရှေ့ မီးခလုပ်ကို ပိတ်လိုက်နိုင် ပါတယ်။ 

ဒါဆိုရင် အမျိုးသားငယ်က သူ့ကို ရွေးချယ်လို့မရတော့ပါဘူး။ ဒါကတော့ မိန်းကလေးတွေဘက်က အခွင့်အရေးပါ။ 

ထူးခြားတာကတော့ ရည်းစားအဖြစ်ရွေးချယ်ခံမယ်လို့ ဝင်ရောက်ပါဝင်ကြသူတွေက အမျိုးသားရဲ့ ဖွင့်ဟ
ပြောဆိုချက် သို့မဟုတ် သူ့သူငယ်ချင်းရဲ့ ပြောဆိုချက်တွေထဲမှာ မိန်းကလေး ကိစ္စပွေတယ်၊ ရှုပ်တယ်ဆို တာနဲ့ မီးခလုပ်တွေ မှိတ် သွားကြတာ များပါတယ်။ 

မိန်းကလေးအများစုဟာ ချစ်သူကောင်လေးတွေကို မိန်းမမရှုပ်၊ မပွေလိုကြဘူးဆိုတာ သက်သေပြချက် တခုလို့ ဆိုနိုင်ပါတယ်။ 

ဒါပေမယ့် မီးခလုပ်မပိတ်ပဲ ဆက်လက်အရွေးချယ်ခံဖို့ မိန်းကလေး တချို့လည်း ကျန်ပါတယ်။ ကျန်တဲ့သူ
တွေ ကို အစီအစဉ် တင်ဆက်သူက ဘာကြောင့် ဆက်လက်ရွေးချယ်ခွင့်ပေးနေတာလည်း လို့ မေးတဲ့အခါ 
တော်တော်များများ တူညီတဲ့ ဖြေဆို ချက်ကတော့ သူတို့ လက်ထဲ ရောက်လာတဲ့ ယောက်ျားလေး ကို 
နောက်တယောက်ကို မချစ်သွားအောင် သူတို့ စွမ်းဆောင် ယူရမယ့်တာဝန်ရှိတယ်လို့ ဖြေဆိုကြတာပါ။ 

ဆက်ပြီး အစီအစဉ်အရ ချစ်သူရည်းစားလိုချင်တဲ့ အမျိုးသားငယ်က နောက်ဆုံးကျန်တာတဲ့ အမျိုးသမီးတွေ ထဲ က သူ ရွေးချယ်ဖို့ ၂ ဦးကို ချန်ပြီး မရွေးချယ်လိုသူတွေရဲ့ မီးခလုပ်တွေကို လက်အုပ်ချီ အရိုအသေ
ပေးကာ လိုက်ပိတ်ပါတော့တယ်။ 

နောက်ဆုံး ၂ ဦးကျန်တဲ့အချိန်မှာ မိန်းကလေး ၂ ယောက်အပေါ် အမျိုးသားရဲ့ အမြင်၊ မိန်းကလေး ၂ ယောက်ရဲ့ အမျိုး သားအပေါ် အမြင်တွေကို အစီအစဉ်တင်ဆက်သူက ထပ်မေးပါတော့တယ်။ 

ချစ်သူရည်းစားမိန်းကလေး လိုချင်တဲ့ ယောက်ျားလေးက နောက်ဆုံးမှာတော့ သူ နှစ်သက်တဲ့ မိန်းကလေး ရပ်နေတဲ့ ခုံရှေ့ ကမီးခလုပ်ကို ချန်ပြီး နောက်တယောက်ရဲ့ မီးခလုပ်ကို သွားပိတ်ရပါတယ်။ 

ဒါဆိုရင်တော့ တဦးတည်းကျန်တဲ့ မိန်းကလေးကို အမျိုးသားက လက်တွဲပြီး စင်မြင့်ကနေ အများမြင် သာအောင် လမ်း လျှောက်ပြတာရင်း ချစ်သူရွေးချယ်မှု ကဏ္ဍ ပြီးဆုံးသွားပါတယ်။ 

ထိုင်း တီဗွီလိုင်း အမှတ် ၃ က သူတို့ စုံတွဲ လျှောက်လည်ကြတာလေးတွေ မှတ်တမ်း ရိုက်ကူးတင် ထုတ်လွှင့်ပြပါသေးတယ်။ 

ဒီအပြင် အရင် အစီအစဉ် တွေက စုံတွဲတွေထဲမှာ လက်ထပ်ပေါင်းသင်းသွားကြသူတွေ၊ လက်ထပ် ပေါင်း သင်းခြင်း မရှိသေးသူတွေ၊ လမ်းခွဲသွားသူ တွေအကြောင်းလည်း တင်ဆက်ပါတယ်။ 

မြန်မာနိုင်ငံမှာတော့ ဒီလို အစီအစဉ်မျိုး မတွေ့ရသေးပါဘူး။ ဒါပေမယ့် ကြော်ညာကဏ္ဍတချို့မှာတော့ ချစ်သူရှာဖွေပေးတဲ့ အိမ်ထောင်ဖက်ရှာတဲ့ လုပ်ငန်းတွေတော့ တွေ့လာရပါပြီ။ ဒီအကြောင်း ကျမတို့ ဧရာဝတီ ဘလော့ဂ်မှာလည်း  ဖော်ပြခဲ့ပါ သေးတယ်။ 



အိမ့်သံစဉ်~



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved