ရှမ်းလူငယ်များလွတ်ဖို့ KIA ကို ဆန္ဒပြမယ်

Tuesday, December 17, 2013

 ~


 
ကချင် လွတ်လပ်ရေး အဖွဲ့ (KIA)  ဖမ်းထားသည့် ရှမ်းတိုင်းရင်းသား လူငယ်များ ပြန်လွတ်ရေး ဆန္ဒပြမည့်အစီအစဉ်ကို  ရဲတပ်ဖွဲ့ကမီးစိမ်းမပြသေးသော်လည်း ကချင်ပြည်နယ် ဒေသခံ  လေးသောင်းခန့်က လက်တွေ့ အကောင်အထည်ဖော်ရန် အသင့်ဖြစ်နေသည်။
 

KIA စစ်သည်တဦး (ဓာတ်ပုံ - Steve Tickner / ဧရာဝတီ)
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ KIA နည်းပညာ အထောက် အကူပြုအဖွဲ့ (Technical Team)ရုံး ရှေ့တွင် ဆန္ဒဖော်ထုတ်သွား မည် ဖြစ်ကြောင်း ဆန္ဒဖော်ထုတ်သူများကို ဦးဆောင်မည့် ရှမ်းမျိုးနွယ်စု ရေးရာအဖွဲ့မှ ဦးစိုင်းစန်းဝေက ဧရာဝတီသို့ ပြောသည်။

ဆန္ဒဖော်ထုတ်ရန်အတွက် မြို့နယ် ရဲတပ်ဖွဲ့ရုံးသို့ ယခုလ ၁၅ ရက်နေ့က ခွင့်ပြုချက် တောင်းခံထားပြီး တစုံတရာ အကြောင်းပြန် ကြားလာခြင်း မရှိသေးကြောင်း သူက ဆက်ပြောသည်။

“လူငယ်တွေ လွတ်မြောက်ရေးနဲ့ နောက်ထပ် မဖမ်းဆီးဖို့ သူတို့ဆီက မရပ်မချင်း ဆက်လက် ဆန္ဒဖော်ထုတ်နေမှာပဲ”

ကချင်ပြည်နယ်သည် ရှမ်းတိုင်းရင်းသား အများအပြား နေထိုင်သည့် ဒေသကြီးတခုဖြစ်သည်။

မြစ်ကြီးနားမြို့ရှိ နည်းပညာ အထောက်အကူပြု အဖွဲ့မှ တာဝန်ရှိသူတချို့နှင့် ရှမ်းမျိုးနွယ်စု ရေးရာ အဖွဲ့တို့ မကြာသေးခင်ရက်ပိုင်း က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံ ဆွေးနွေးမှုများနှင့် ပတ်သက်၍ ဘာဖြေရမှန်း မသိအောင် ဖြစ်နေ ကြောင်း ပြန်လည်ပြောကြားခဲ့သည်ဟု ဦးစိုင်းစန်းဝေက ရှင်းပြသည်။

“အရင်က ဒီလိုမျိုး ဖမ်းဆီးနေတာပဲ၊ အခုမှ ဖမ်းဆီးတာတွေ ပိုစိပ်လာတယ်” ဟု ၎င်းက ဆိုသည်။

ဗန်မော်ခရိုင် မံစီမြို့နယ်အတွင်းရှိ မံဖွ နှင့် မန်ဝင်းလေ ကျေးရွာ အပါအ၀င် ရွာပေါင်း ၁၄ ရွာမှ ဒေသ ခံများကို ဒီဇင်ဘာလဆန်း ၄ရက်နေ့ မှ စတင်၍ ၁၆ ရက်နေ့ အထိ KIA တပ်ဖွဲ့ဝင်များ ဖမ်းဆီးခေါ်ဆောင်သွားသူ ၈၀ ကျော်ရှိပြီး ပြန်လည် လွတ်မြောက်လာ ခြင်း မရှိသေးကြောင်း သိရသည်။

KIA တပ်ဖွဲ့ဝင်များက လူငယ်ဒေသခံများကို တောင်ယာထဲတွင် အလုပ်လုပ်ကိုင်နေစဉ် ဖမ်းဆီးခံရခြင်း ဖြစ်သည်။
 ဖမ်းဆီးခံ ရသူများမှာ ရှမ်းတိုင်းရင်းသားများဖြစ်ပြီး အသက် ၁၈ နှစ်အောက် လူငယ်အများဆုံး ပါဝင်ကြောင်းလည်း သိရသည်။

ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး ဒီဇင်ဘာ ၉ ရက်နေ့က နိုင်ငံတော် အစိုးရနှင့် KIA ခေါင်းဆောင်များထံ ပေးပို့ထားသည့် စာတွင် KIA အဖွဲ့သည် ရှမ်းမျိုးနွယ်စုများအား လက်နက်  အားကိုး အနိုင်ကျင့်မှုများ  ရပ်ရန်နှင့် ဖမ်းဆီးခံရသူများကို ပြန်လွတ်ပေးရန် တိုက်တွန်းထားသည်။
လူမျိုးရေး ပဋိပက္ခများ ဖြစ်ပေါ်ကြီးထွားလာပါက အဓိက တရားခံသည် KIA အဖွဲ့သာ ဖြစ်သည်ဟု ၎င်းပေးပို့သည့် စာတွင်  ရေးသားထားသည်။

သန်းထိုက်ဦး

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved