ပုသိမ်မူကြိုအတွက် ကိုရီးယားမြန်မာလူငယ်များရဲ့နံရံပန်းချီ

Tuesday, January 21, 2014

~



မူကြိုကျောင်းတခုအတွက် နံရံပန်းချီဆွဲအလှဆင်မယ်ဆိုရင်  သိန်းနဲ့ချီ ကုန်ကျပါလိမ့်မယ်။
 ပေ ၂ဝ ပတ်လည် နံရံတခုအတွက်ပဲ ကုန်ကျစရိတ်က ငါးသောင်း အနည်းဆုံးပါပဲ တဲ့။ 
 - 
 

 
 -


(ဓာတ်ပုံများ - ဆလိုင်းသန့်စင် / ဧရာဝတီ)
ပုသိမ်မြို့ အစိုးရ လူမှုဝန်ထမ်းဌာနမူကြိုကျောင်းကတော့ ကလေးကြိုက် ကာတွန်းပုံတွေ၊ ပန်းချီပုံတွေ အခမဲ့ ရေးဆွဲလှူဒါန်းတဲ့ အစီအစဉ်နဲ့ ကြုံကြိုက်ခဲ့ပါတယ်။

မြန်မာနဲ့ ကိုရီးယားနိုင်ငံက YMCA ခရစ်ယာန်လူငယ်တွေ စုပေါင်းပြီးတော့ ဒီလ ၁၂ ရက်နေ့က စတင်ပြီး နံရံဆေးသုတ်ခြင်းနဲ့ ပန်းချီဆွဲခြင်းတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ဒီအကြောင်း ပုသိမ် YMCAအသင်း အတွင်းရေးမှူး ကိုကျော်မျိုးလှိုင်က ဧရာဝတီကို ပြောပြထားပါတယ်။

“မြန်မာ YMCA ရဲ့ ချိတ်ဆက်ပေးမှုနဲ့ ကိုရီးယားနိုင်ငံဂွမ်ဂျူး YMCA က
အထက်တန်းကျောင်းသား လူငယ်တွေက သူတို့မုန့်ဖိုးတွေကိုစုပြီး ဒီနိုင်ငံကို လာတဲ့အခါမှာ အလည်သက်သက် မဟုတ်ဘဲ
လူမှုရေး လုပ်ငန်းလေးတွေလည်း လုပ်ချင်တဲ့အခါမှာ ဒီလိုဆေးသုတ်ခြင်းနဲ့ နံရံပန်းချီဆွဲခြင်းကို လုပ်မယ် ဆိုပြီးတော့ ကျနော်တို့နဲ့ ပူးပေါင်း လုပ်ဆောင်ဖြစ်သွားတာပါ”

“ကလေးတွေကဒီပန်းချီ၊ကာတွန်းလေးတွေကို ကြည့်ပြီးတော့မှ သင်ယူချင်စိတ်၊ စာသင်ချင်စိတ်၊ ကျောင်းတက်ချင်တဲ့စိတ်တွေ ပေါ်လာစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဆွဲကြတာပါ”

ကိုရီးယားလူငယ်တွေဟာ ၃ ရက်ကြာ ပန်းချီဆွဲခဲ့ပြီး ရေးဆွဲဖို့ ကျန်နေတဲ့ ပန်းချီပုံတွေကို ပုသိမ်က YMCA လူငယ်တွေကဒီလ ၁၇ ရက်နေ့အထိ လက်စသတ် ရေးဆွဲခဲ့ကြပါတယ် တဲ့။

တခြားနိုင်ငံကလူငယ်တွေ မြန်မာနိုင်ငံကို  လာရောက်ပြီး လုပ်အားဒါနပြုကြတာဟာ မြန်မာလူငယ်တွေအတွက် အတုယူစရာဖြစ်ကြောင်း သူက ဆက်ပြောပါတယ်။

“မြန်မာလူငယ်တွေအနေနဲ့ တခြားနေရာတွေမှာ အချိန်ကုန်ခံ၊ ပိုက်ဆံကုန်ခံနေတာထက်စာရင် အဲဒီဟာကို အတတ်နိုင်ဆုံးလျှော့ ပိုက်ဆံစုပြီး ဒီလိုအစီအစဉ်လေးတွေမှာပါဝင်ရင် အရမ်းကောင်းမှာပါ။
ဒီလိုမျိုး ပံ့ပိုးကူညီမှု လိုအပ်နေတဲ့ကျောင်းတွေ အများကြီးရှိနေပါတယ်”

ပုသိမ်မူကြိုကျောင်းအုပ်ဆရာမ ဒေါ်မြတ်မြတ်သင်းကလည်း    အခမဲ့မေတ္တာနဲ့ ရေးဆွဲပေးခဲ့တဲ့ မြန်မာနဲ့ ကိုရီးယား YMCA ခရစ်ယာန်လူငယ်တွေကို ကျေးဇူးတင်ကြောင်း  ပြောပါတယ်။

“ကျမတို့ တအား ၀မ်းသာပါတယ်။
သူတို့ ကိုရီးယားတွေကလည်း သူတို့မုန့်ဖိုးလေးတွေနဲ့ စုဆောင်းပြီး လာဆွဲပေးကြတာလေ။
သူတို့ရင်ထဲကလူမှုရေးစိတ်ဓာတ်တွေက တအား ချီးကျူးဖို့ ကောင်းပါတယ်။
ကလေးတွေကတော့ ကာတွန်းပုံလေးတွေ မြင်ပြီးတော့ တအားကြည်နူးကြတယ်။ ပျော်နေကြတယ်”

ပုသိမ်မူကြိုမှာအသက် ၃ နှစ်က ၅ နှစ်အတွင်းကျောင်းသားကလေးငယ် ၂၀၀ ကျော် ရှိပြီး ကလေးတွေကိုလိမ္မာယဉ်ကျေးအောင်၊ အသိဥာဏ်ထက်မြက်အောင်၊
ပေါင်းသင်းဆက်ဆံရေးနဲ့ သင်ယူလေ့လာနိုင်စွမ်းတွေ တိုးတက်လာအောင် လေ့ကျင့်သင်ကြားပေးနေကြောင်း သိရပါတယ်။
 

  ဆလိုင်းသန့်စင်
 











 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved