မိခင်မေတ္တာ ဆိုတာ

Thursday, January 9, 2014


မိခင်မေတ္တာ ဆိုတာ လူရယ်၊ တိရိစ္ဆာန်ရယ်ဆိုပြီး မခွဲခြားပါဘူး။ အခု မြင်ရမှာကတော့ ယုန်ကလေး ဖြူမရဲ့  ကလေးမွေးခါနီး ပြင်ဆင်နေမှု တချို့ပါ။ 


 မိခင်လောင်း ယုန်မလေး ဖြူမ၊ ဓာတ်ပုံ- အိမ့်သံစဉ်/ ဧရာဝတီ

ဖြူမလေးဟာ သူ့ ချစ်သူ နှာကြားဆိုတဲ့ ယုန်ထီးလေးနဲ့ ပေါင်းသင်းနေလာခဲ့ရာ အခုတော့ သူ့မှာ ကိုယ်ဝန် အရင့်အမာ ဖြစ်လာနေပါတယ်။ 

ဖြူမလေး ကိုယ်ဝန်အရင့်အမာ နဲ့ ကလေးမွေးခါနီးပြီဆိုတာ သူ့အပြုအမှုတွေက ထူးခြားလာလို့သာ သိရတာပါ။ 

ပထမဆုံးသူဟာ ခြံထဲမှာ မြေကျင်းတကျင်းကို တူးတယ်။ အဲဒီမြေကျင်းထဲ ဝင်လိုက်၊ ထွက်လိုက်နဲ့ တဖြည်းဖြည်း မြေကျင်းဟာ အတော်နက်လာတယ်။ 

အဲဒီ မြေကျင်းထဲကို မိခင်လောင်း ဖြူမလေးက ခြံဝန်းထဲက မြက်ပင်လေးတွေကို ကိုက်ချီသွားပြီး အကြိမ်ကြိမ် သွားထည့်တယ်။ 

အခု နောက်ဆုံး မြေကျင်းထဲ မြက်ပင်တွေ လုံလောက်ပြီလို့ သူယူဆချိန် မနေ့ညကတော့ သူဟာ သူ့ခန္ဓာကိုယ် က အမွှေးတွေကို သူက ကိုက်ယူစုဆောင်းပြီး ကျင်းထဲကို သွားထည့်ပြန်တယ်။ 

မွေးလာမယ့် သား၊ သမီးတွေ နွေးနွေးထွေးထွေး ဖြစ်စေဖို့ မိခင်လောင်း တဦးရဲ့ ကိုယ်ခန္ဓာကိုယ်က အနွေးဓာတ် ကို ဂရုမစိုက်ပဲ သူ့ ယုန်မွှေးတွေကို နုတ်ပြီး သားသမီးတွေအတွက် ပြင်ဆင်တာပါ။  

ညပိုင်းမှာ ယုန်မလေး ဖြူမဟာ သား၊ သမီးတွေကို မွေးဖွားပြီး မနက်ပိုင်းမှာတော့ သူ့သား၊ သမီးတွေကို ကျင်းထဲ မှာ ထားပြီး အန္တရာယ်တွေကင်းစေဖို့  အဲဒီ မြေကျင်းကို ပြန်မြေဖို့ထားပါတယ်။ 

 
ဒီလို လှုပ်ရှားမှုတွေကို ကြည့်ခြင်းအားဖြင့် မိခင်မေတ္တာကို အထင်သား တွေ့နိုင်ပါတယ်။ ဒါကြောင့် မိခင်တွေ အပေါ် သားသမီးတွေအနေနဲ့ မေတ္တာ တရားကို နားလည်နိုင်ဖို့ ဒီပို့စ်လေးကို တင်ပြလိုက်တာပါ။






အိမ့်သံစဉ် ~ 






0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved