မီးသတ်အဖွဲ့လေ့ကျင့်မှုအပြီး မအူပင်မှာ မီးလောင်မှုဖြစ်

Sunday, January 26, 2014



ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့မှာ ဇန်န၀ါရီလ ၂၃ ရက်နေ့ ညပိုင်းက မီးလောင်မှုတခု ဖြစ်ပွားခဲ့ရာ မှာ နေအိမ်ဆိုင်ခန်း ၃ လုံး မီးလောင်ကျွမ်းခဲ့ပြီး လူပေါင်း ၄၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပါတယ်။ 

 ဂူဂဲလ် မြေပုံမှာတွေ့ရတဲ့ မအူပင်မြို့

မီးစလောင်တာကတော့ မအူပင်မြို့ ကမ်းနားလမ်းနှင့်ဈေးလမ်းထောင့်ရှိ ဦးထွန်းအောင်ကျော် နေအိမ်ကနေ ည ၇ နာရီ ၁၅ မိနစ်က စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး ည ၉ နာရီကျမှ မီးငြိမ်းသွားခဲ့ပါတယ်။ 

မီးလောင်ကျွမ်းမှုကြောင့် တန်ဖိုးငွေကျပ် ၇၇ သိန်းကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ တိုင်းဒေသကြီး မီးသတ် ဦးစီးဌာနထံက သိရပါတယ်။ 

တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီ ၂၃ ရက်နေ့ မနက်ပိုင်းကမှ မအူပင်မြို့မှာ မြို့နယ်မီးသတ်ဌာနနဲ့ မြို့နယ်စ ည်ပင်ဌာနတို့ပူးပေါင်းပြီး မီးဘေးကြိုတင်ဇာတ်တိုက် လေ့ကျင့်မှုပြုလုပ်ထားခဲ့တာဖြစ်ပါတယ်။ 

အဲတော့ မီးဘေးကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်မှုအပြီး နာရီပိုင်းအတွင်းမှာ မီးထလောင်တော့ ဇာတ်တိုက် ထားတာတွေ အပြင်မှာ တကယ်လုပ်ရတော့တဲ့အခြေအနေတွေ ဖြစ်လာခဲ့ပါတယ်။ 

မီးလောင်မှုကို မအူပင်မြို့နယ်မီးသတ်ဌာနက မီးသတ်ကား ၅ စီး၊ မြို့နယ်စည်ပင်က ၁ စီး၊ ကျိုက်လတ်၊ ဖျာပုံမြို့နယ်တွေက မီးသတ်ကားတွေပါ လာရောက်ငြှိမ်းသတ်ခဲ့ရာမှာ ည ၉ နာရီမှာ မီးငြိမ်းသွားခဲ့ပါတယ်။ 

မီးလောင်မှုနဲ့ပတ်သတ်ပြီး မီးစလောင်တဲ့နေအိမ်ပိုင်ရှင် ဦးထွန်းအောင်ကျော်ကို မအူပင်မြို့မ ရဲစခန်း မှာ ပြစ်မှုနံပါတ် ၂၄/၂၀၁၄၊ ပုဒ်မ ၂၈၅ နဲ့ အမှုဖွင့် အရေးယူထားကြောင်း သိရပါတယ်။ 

ဒီမီးလောင်မှုဟာ ဧရာဝတီတိုင်းထဲမှာ တလအတွင်း တတိယမြောက်မီးလောင်မှုဖြစ်ပါတယ်။ 

ဒီလဆန်းပိုင်းက လပွတ္တာမြို့ ကန်ဘက်ကျေးရွာမှာ အိမ်ခြေ ၂၀၀ ကျော် မီးလောင်ခဲ့သလို ကန်ကြီးထောင့်မြို့နယ် ဒါးကကျေးရွာမှာလည်း အိမ်ခြေ ၄ လုံး မီးလောင်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ 


ဆလိုင်းသန့်စင် ~


 




 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved