~
နှစ်ပေါင်းများစွာ ပိတ်ထားပြီး ယခင်လက ပြန်ဖွင့်လိုက်တဲ့ မန္တလေးတက္ကသိုလ်မှာ နေရေးထိုင်ရေး အဆင်မပြေဘူးလို့ ကျောင်းသူကျောင်းသားတွေက ပြောပါတယ်။
အဆောင်မှာကျွေးတဲ့ထမင်းဟင်းက မကောင်းဘူး၊ နည်းလည်း နည်းတယ်၊ လုံလောက်တဲ့အာဟာရ ပါပါ့မလားလို့ စိုးရိမ်နေကြတယ်။ ရေချိုးခန်း အိမ်သာ မလုံလောက်ဘူး။ လျှပ်စစ်မီးလည်း အကန့်အသတ်နဲ့ပဲ သုံးနေရတယ်လို့
ရုက္ခဗေဒအထူးပြုကျောင်းသူတဦးဖြစ်တဲ့ မယမင်းက ဆိုပါတယ်။
ကျောင်းသားတဦးကလည်း .... တက္ကသိုလ်ပြန်ဖွင့်မယ် ဆိုတော့ ကောင်းကောင်းနေရမယ်လို့ထင်ထားတာ အခုတော့ တက္ကသိုလ်ကျောင်းကို ပျော်ပျော်ကြီးတက်ဖို့ မျှော်လင့်ထားတာ မှားပြီပေါ့လို့ ဆိုပါတယ်။
ကျောင်းသားရေးရာဌာနကို သွားမေးကြည့်တော့ ... အစိုးရဆီကဘတ်ဂျက်ကျလာခြင်းမရှိလို့ အဆောင်မှာကျွေးတဲ့ ထမင်း ၂ နပ်အတွက် တယောက်ကို တရက် ကျပ်တထောင်လောက် ကောက်နေရတာပါလို့ ရှင်းပြပါတယ်။
“အစိုးရဆီကရော ဝန်ကြီးဌာနဆီကရော ဘာအသုံးစရိတ်မှ မရပါဘူးရှင်။ ကျောင်းသူကျောင်းသားတွေဆီကပဲ ကောက်ရပါတယ်” လို့ သူက ရှင်းပါတယ်။
ဘယ်လိုအခက်အခဲတွေ့နေတယ် ဆိုတာကို ကျောင်းသူကျောင်းသားတွေက မသိဘူး။ ပြဿနာရှာမယ်၊ သတင်းသမားတွေကို လက်တို့မယ်ဆိုတာလောက်ပဲ သိကြတယ်လို့ သူက ဆက်ပြောပါတယ်။
ဒီအကြောင်း ဧရာဝတီ ပင်မ စာမျက်နှာမှာ Student Complain of Poor Conditions at Mandalay University ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းရေးထားပါတယ်။
အပြည့်အစုံကို http://www.irrawaddy.org/burma/student-complain-poor-conditions-mandalay-university.html မှာ ဖတ်နိုင်ပါတယ်။
ကျောင်းသူတယောက် ရင်ဖွင့်တာက...
ရွှေဘိုဆောင်ကို ယောက်ျားလေးဆောင်အဖြစ် ပြောင်းလိုက်တဲ့အတွက် ကျောင်းသူတွေက နေရာဖယ်ပေးရ၊ အင်းယားဆောင်ကို ပြောင်းလိုက်ရတယ်လို့ ဆိုပါတယ်။
ပြုပြင်ဆဲအနေအထားရှိတဲ့ အင်းယားဆောင်က အိမ်သာ ရေချိုးခန်းတွေကလည်း သုံးဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ ဆိုတယ်။ အပေါ်ထပ်မှာဆိုရင် ဖြည်းဖြည်းလျှောက်ဖို့ စာကပ်ထားတယ်၊ အောက်ထပ်မျက်နှာကျက် ပြိုကျနိုင်လို့ပါ တဲ့။
အင်းယားဆောင် ပြုပြင်မှု ပြီးဆုံးချိန်အထိ ကျောင်းသူတွေ ရွှေဘိုဆောင်မှာ နေခွင့်ရရေးအတွက် တက္ကသိုလ်အာဏာပိုင်တွေကို တောင်းဆိုမယ်၊ တောင်းဆိုတဲ့လက်မှတ်တွေကောက်ယူရေး စီစဉ်နေတယ်လို့ ဆိုပါတယ်။
သို့သော်လည်း စာမတင်ဖို့ နည်းပြဆရာ ဆရာမတွေက သတိပေး ဖိအားပေးတာတွေလည်း ရှိပါတယ် တဲ့။
ကျောင်းတက်တဲ့ကာလ စာတိုစာရှည်ရေးတင်ရင် လုပ်ငန်းခွင်ဝင်ရေး အလုပ်ရှာတဲ့အခါ ခက်ခဲလိမ့်မယ်လို့ ဆရာ ဆရာမတွေက ပြောတဲ့အတွက် အများစုက လက်မှတ်ထိုးတောင်းဆိုရေး အစီအစဉ်ကို လက်လျှော့လိုက်ပြီလို့လည်း တယောက်က ပြောပါတယ်။
စာနယ်ဇင်းကို ဒီကိစ္စ မပေါက်ကြားစေနဲ့လို့လည်း သူက ဆိုပါတယ်။
မူရင်းသတင်း - http://www.irrawaddy.org/burma/student-complain-poor-conditions-mandalay-university.html
.

0 comments :
Post a Comment