ဧရာဝတီတိုင်း နဲ့ ပထမဆုံးသော ကရင်နှစ်သစ်ကူးပွဲတော်

Wednesday, January 1, 2014

~



ကရင်တိုင်းရင်းသားအများအပြားအခြေချနေထိုင်ရာ ဧရာဝတီတိုင်းဒေသကြီးမှာ ကရင်နှစ်သစ်ကူးပွဲတော်ကို ယခင်နှစ်တွေက   မြို့နယ်တွေမှာပဲ လုပ်ခဲ့ကြပေမယ့် ဒီနှစ်မှာတော့  တိုင်းအဆင့် နှစ်ကူးပွဲတော်ကို ကျင်းပခဲ့ပါတယ်။



 ပြိုင်ပွဲဝင်နေသည့် ကရင်ဒုံးယိမ်းအဖွဲ့ (ဓာတ်ပုံများ - ဆလိုင်း သန့်စင်)
အရင်ကတည်းက  တိုင်းအဆင့်ကျင်းပချင်ခဲ့တာပါ လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးတဦးက ဧရာဝတီသတင်းဌာနကို ပြောပါတယ်။

 “ငွေကြေးအလုံအလောက်မရှိလို့ မလုပ်ဖြစ်တာ။ မြို့နယ်အဆင့် လုပ်တာကတော့ ၇၆ နှစ် ရှိခဲ့ပြီ။ ဒီနှစ်တော့ ငွေကြေးအင်အား နည်းနည်းပိုရလာတဲ့အတွက် လုပ်ဖြစ်ခဲ့တာပေါ့။ တိုင်းအဆင့်က အခုတကြိမ်ဟာ ပထမဆုံးပဲ” လို့
ကရင်တိုင်းရင်းသားရေးရာဝန်ကြီး မန်းသန်းရွှေက ပြောပါတယ်။

 ကရင်နှစ်ကူးပွဲတော်ကို ပုသိမ်မြို့ ကန်သုံးဆင့်ကွင်းထဲမှာ
ဒီကနေ့ ပြုလုပ်ခဲ့တာဖြစ်ပြီး  တိုင်းအစိုးရ ၀န်ကြီးချုပ် ဦးသိန်းအောင်၊ လွှတ်တော်ဥက္ကဋ္ဌ ဦးတင်စိုး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) တိုင်းမှူး ဗိုလ်မှူးချုပ် လူအေးစတဲ့ စစ်ဖက်အရပ်ဖက် အရာရှိတွေ ကရင်တိုင်းရင်းသားဝတ်စုံ အသီးသီးဝတ်ဆင်ပြီး တက်ရောက်ခဲ့ကြပါတယ်။

 ဒါ့အပြင် ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ကရင်အမျိုးသားအစည်းအရုံး (KNU) က ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်၊ အမှတ် (၁၀၂၃) နယ်ခြားစောင့်တပ် (ဟောင်သရော အထူးဒေသ)က ခေါင်းဆောင်တွေ၊ ကရင်ပြည်သူ့ပါတီ (KPP) ဒု ဥက္ကဋ္ဌ ဦးစောစေးဝါး နဲ့ ဧရာဝတီတိုင်းဒေသကြီးက ကရင်တိုင်းရင်းသား လွှတ်တော်အမတ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

 နှစ်ကူးပွဲတော်က ဧရာဝတီတိုင်းဒေသတော်တော်များများက ကရင်တိုင်းရင်းသားတွေ လာရောက်ခဲ့ကြပြီး အခမ်းအနားကို လူပေါင်း ၂ သောင်းနီးပါးလောက် ပါဝင်ဆင်နွှဲကြပါတယ်။

 မနက် ၆ နာရီမှာ မြန်မာနိုင်ငံတော်အလံနဲ့ ကရင်အမျိုးသားအလံကို လွှင့်တင်တဲ့အခမ်းအနား ပြုလုပ်ပြီး ကရင်ဘာသာရေးခေါင်းဆောင်တွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေက အမှာစကား အသီးသီး ပြောကြပါတယ်။

 အဲဒီနောက်မှာ ကရင်ဒုံးယိမ်းမြိုင်ပွဲ ဆုရတဲ့အဖွဲ့တွေကို ကရင်ဝန်ကြီး မန်းသန်းရွှေက ဆုတွေ ချီးမြှင့်ခဲ့ပါတယ်။

 “အခုလို တိုင်းအဆင့်နဲ့ ကျင်းပနိုင်ခဲ့တဲ့အပေါ်မှာ အရမ်းဝမ်းသာတယ်။ ကျနော် ၀န်ကြီးဖြစ်နေဆဲလက်ထက်မှာ အမှတ်တရနဲ့ လုပ်ပေးနိုင်ခဲ့တာပေါ့။ လာမယ့် ၂၀၁၄ မှာ ဒီထက်ပိုကောင်းအောင်လုပ်ဖို့ ကြိုးစားသွားမှာပါ”လို့ ၀န်ကြီး မန်းသန်းရွှေက ဆိုပါတယ်။

 ယခင်နှစ်တွေကဆိုရင် ကရင်နှစ်ကူးပွဲတော်ကို ပုသိမ်က ခရစ်ယာန်ဘုရားကျောင်းဝင်းတွေမှာ ကျင်းပခဲ့ပေမယ့် ဒီနှစ်မှာတော့ ကန်သုံးဆင့်ကွင်းထဲမှာ ဆိုင်ခန်းတွေ၊ ပွဲဈေးတန်းတွေ၊ အခမ်းအနားအပြင် အဆင်တွေနဲ့ စည်စည်ကားကား ကျင်းပတာကို တွေ့ရပါတယ်။

 ဆိုင်ခန်းတွေမှာဆိုရင် ကရင်အမျိုးသားခေါင်းဆောင်တွေရဲ့ ဓာတ်ပုံနဲ့ တိုင်းရင်းသားရိုးရာ အ၀တ်အစား၊ အသုံးအဆောင်တွေ ပြသထားတဲ့ ပြခန်းလည်း ထည့်သွင်းထားတာ တွေ့ရပါတယ်။

 အမှတ် (၁၀၂၃) နယ်ခြားစောင့်တပ် (ဟောင်သရော အထူးဒေသ) က တည်ထောင်ထားတဲ့ ဒေါနဧရာ ကုမ္ပဏီကလည်း ပြခန်း လာရောက်ဖွင့်လှစ်ပြီး ကရင်တေးသီချင်း ဗီစီဒီတွေ၊ ပြက္ခဒိန်တွေ၊ ရိုးရာအ၀တ်အထည်တွေရောင်းချတာ တွေ့ရပါတယ်။

 ဒါ့အပြင် ဒေါနဧရာကုမ္ပဏိကပဲ ကရင်အငြိမ့်၊ ကရင်ရာဇ၀င်ဇာတ်ကား၊ ကရင်စကားပြော မြန်မာစာတမ်းထိုး ဇာတ်ကားတွေကို ပရိုဂျက်တာနဲ့ထိုးပြီး ပွဲခင်းလာတဲ့ပရိတ်သတ်တွေကို အခမဲ့ပြသနေတာလည်း တွေ့ရပါတယ်။

 “ကျနော်တို့ အမျိုးသားနေ့ကို တိုင်းအဆင့်အနေနဲ့ ပထမဆုံးခမ်းခမ်းနားနားနဲ့ လုပ်ဆောင်ခဲ့တဲ့အပေါ်မှာ အရမ်းဝမ်းသာပါတယ်။ ဧရာဝတီတိုင်းမှာ ဒီလိုမျိုးလုပ်တာ အရင်က တခါမှ မရှိခဲ့ဘူးလေ။ နောင်နှစ်တွေမှာလည်း အခုလိုပဲ စည်စည်ကားကား ကျင်းပနိုင်ပါစေ ဆုတောင်းပါတယ်”လို့ ကရင်ပြည်နယ်ကနေ ဧရာဝတီတိုင်းက နှစ်ကူးပွဲတော်ကို လာရောက် ဆင်နွှဲခဲ့တဲ့ ဒေါနဧရာကုမ္ပဏီ စီမံကိန်းဒါရိုက်တာ မန်းတင်မောင်အေးက ပြောပါတယ်။

 ကရင်နှစ်ကူးပွဲက ပုသိမ်မြို့ ကန်သုံးဆင့်မှာတင်မဟုတ်ဘဲ မြောင်းမြဘုန်းကြီးကျောင်းမှာလည်း ကရင်ဒုံးယိမ်းပွဲတွေနဲ့ နှစ်ကူးပွဲကို နှစ်စဉ်ကျင်းပခဲ့တဲ့ အစဉ်အလာအတိုင်း ဒီနှစ်လည်း ကျင်းပခဲ့ပါတယ်။

 ဆလိုင်း သန့်စင်


ပုသိမ်မြို့ ကန်သုံးဆင့်ကွင်းတွင်ပြုလုပ်သည့် ကရင်နှစ်သစ်ကူးပွဲတော်

ဒုံးယိမ်းအဖွဲ့ကို ဆုချနေသည့် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး မန်းသန်းရွှေ 

ပွဲတော် တက်ရောက်လာသည့် ဧရာဝတီတိုင်း ၀န်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌ

ကရင်ပြည်နယ်က တောင်းကလေးဆရာတော်ရဲ့ ပြက္ခဒိန်တွေလည်း ရောင်းချနေတယ်။

နယ်ခြားစောင့်တပ်၏ ဒေါနဧရာကုမ္ပဏီအရောင်းပြခန်း


ပုသိမ်မြို့ မြောင်းမြကျောင်းတိုက်တွင် ပြုလုပ်သည့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved