~
ကျနော်ဟာ ရိုးရိုးသားသား ရယ်မောစားသောက်သူပါ။
ရယ်မောစားသောက်သူဆိုတာက ဒီလိုပါ။ ပြည့်ပြည့်စုံစုံပြောရရင် ရိုးရိုးသားသားနဲ့ “အရယ်သင်တန်း”ဖွင့်ပြီး၊ အရယ်သင်တန်း ဆရာတစ်ဦးအဖြစ် လုပ်ကိုင်စားသောက်သူပါ။
ရုတ်တရက်ပဲဆိုဆို ရုတ်နှစ်ရက်ပဲပြောပြော၊ ရယ်မောစရာကို ရယ်မောတတ်ဖို့လိုတယ် မဟုတ်လား။
ရယ်မောစရာကို မရယ်တာ သဘာဝမကျဘူး။ သဘာဝမကျရင် ကမောက်ကမ တစ်ခုခုတော့ ဖြစ်နေပြီပဲ။
ပြီးတော့ မရယ်မောရမှာကို ရယ်မောနေတာကလည်း ကောင်းတဲ့ အနေအထား တစ်ခု မဟုတ်ပြန်ဘူးလေ။
ဒီတော့ ရယ်မောစရာလား၊ ရယ်မောစရာ မဟုတ်ဘူးလား ဆိုတာ အသေအချာ ခွဲခြားနိုင်စွမ်းရှိဖို့ လိုလာနေပြီပေါ့။
ဒါနဲ့ အခြေအနေ အချိန်ခါကိုက် ကွန်ပျူတာသင်တန်းတွေ၊ စာရင်းကိုင် သင်တန်းတွေ၊ ဘာသင်တန်းတွေ၊ ညာသင်တန်းတွေ အပြိုင်းအရိုင်းဖွင့်လာကြတဲ့ အထဲမှာ ကျနော်က အရယ်သင်တန်းဖွင့်ပြီး၊ ရယ်မောစားသောက်တယ်လို့ ပြောတာပါ။
တစ်ဦးချင်းရော၊ အုပ်စုလိုက်ရော သီအိုရီပိုင်း လက်တွေ့ပိုင်း သေသေချာချာ လေ့ကျင့် သင်ကြား ပေးတာပါ။
ရယ်သံများအကြောင်း
“ဟင်း….ဟင်း….ဟင်း”
ဒီရယ်သံက မခို့တရို့ရယ်သံ။
တစ်ခုခုကိုကျေနပ်သွားတဲ့အခါမျိုးမှာလည်း ဒီရယ်သံမျိုး ကို သုံးတတ်သလို၊ ရယ်ပွဲဖွဲ့တဲ့ အခါမှာလည်း သုံးတတ်တယ်။
“ဟား….ဟား….ဟား”
ဒီရယ်သံက ၀မ်းမြောက်ကျေနပ်တဲ့ အခါသုံးတယ်။ အပေါ်စီးက ရနေပြီဆိုရင်လည်း ဒီရယ်သံမျိုးကို သုံးတယ်။
“ဟဲ ..ဟဲ ..ဟဲ”
ဒီရယ်သံက မင်း နုသေးပါတယ်ကွာလို့ ဆိုလိုရာရောက်တယ်။
“ဟီး…ဟီး….ဟီး”
ဒီရယ်သံက အူမြူးနေတဲ့ ရယ်သံပါ။
လျှို့ဝှက်ကောက်ကျစ်တဲ့ အရာ။ တစ်ခုခု ရတော့မယ်ဆိုရင် ဒီလိုမျိုးရယ်တတ်ကြတယ်။
ဒီလို ရယ်သံတွေအပြင် “ ဟွန်း ဟွန်း ဟွန်း” တို့၊ “ဟင့် ဟင့် ဟင့်”တို့၊ ခစ်..ခစ်… ခစ် တို့လည်း ရှိသေးတယ်။
ရယ်သံတစ်ခုရဲ့နောက်မှာ ပွင့်လင်းရိုးသားခြင်း ရှိနေနိုင်သလို ယုတ်မာကောက်ကျစ်ခြင်း၊ ညှို့ယူဖမ်းစားခြင်းတွေလည်း ရှိနေနိုင်ပါတယ်။
နောက်ပြီး ရှက်ရယ် ရယ်တယ် ဆိုတာလည်း ရှိတယ်၊ ရယ်ကျဲကျဲဆိုတာလည်း ရှိသေးတယ်။
ရယ်သံတစ်ခုမှာ သူ့ တန်ဖိုးနဲ့သူ၊ သူ့ဆိုလိုရင်းနဲ့သူ ရှိနေပါတယ်။ အဲဒါတွေကို သုံးတဲ့အခါ အမှားအယွင်းမရှိအောင် သီအိုရီပိုင်း လက်တွေ့ပိုင်း သင်ကြားပေးပါတယ်။
ကျနော်တို့ စကားပြောတဲ့အခါမှာပဲ ဖြစ်ဖြစ်၊ သီချင်းဆိုတဲ့အခါမှာပဲ ဖြစ်ဖြစ် ကျေနပ်ခြင်း၊ ကြည်နူးခြင်း၊ ၀မ်းသာခြင်း၊ ၀မ်းနည်းခြင်း တွေကို ဖော်ပြဖို့ Tone Colour ဆိုတာ ရှိတယ်မဟုတ်လား။ Laughing Tone Colour ပေါ့။
ဟာသအကြောင်း
ဟာသဆိုတာ အမြီးအမောက်အတည့်တဲ့အရာနှစ်ခုကို ယှဉ်တွဲကြည့်ရင် ဟာသ မြောက်တယ်။
ဥပမာ... ဦးပုညရဲ့ ရေသည် ပြဇာတ်ထဲမှာဆိုရင်- “စိတ်ပျက်အောင်လှပါတဲ့ အိုဗျ မရေသည်” ဆိုတာမျိုးတွေ၊ “ဆံထုံးတော်ကြီး တမာသီး” ဆိုတာမျိုးတွေပေါ့။
အခုခေတ် လူရွှင်တော်တွေ ပြောပြောနေကျ၊ ဟာသဖောက်နေကျဖြစ်တဲ့ “ မင်းအသံကကွာ မကောင်းဘူး လိုလိုနဲ့.. အတော်ညံ့တာပဲ”၊ "ဒီကောင်က ပိန်သာပိန်တာ၊ အရိုးချည့်ပဲ"ဆိုတာမျိုးတွေပေါ့။
ကျနော့် အရယ်သင်တန်းမှာ အဲဒီလို ဂဃနဏ သင်ကြားပေးတာပါ။ သင်တန်းစဖွင့် တုန်းကတော့ အဆင်ပြေတယ်ပြောရမှာပေါ့။
သင်တန်းဆင်းတွေလည်း သင်တန်းကပေးတဲ့ Certificate လက်မှတ်တွေ ပွေ့ပိုက်ပြီး ရယ်မောဆင်းသွားကြပါတယ်။ ဒါပေမယ့်..
ဒါပေမယ့် အခုနောက်ပိုင်းမှာ အရယ်သင်တန်းပေးရတာ ခက်ခဲလာတယ်။ သင်တန်းလာတက်တဲ့ လူတွေ ဉာဏ်ရည်မမီလို့လား သံသယဖြစ်တာနဲ့ ကျနော့် သင်တန်းရဲ့ အကြံပေးနဲ့ သုတေသနမှူး စာရေးဆရာ ဘိုးထိန်(ပန်းပု)နဲ့ အင်ဒြာငပုတောတို့ကို အကြံဉာဏ် တောင်းယူရတဲ့ အထိဖြစ်လာတယ်။
“ဆရာတို့ရယ် ... ကျုပ်လေ၊ သင်တန်းသားတွေ မရယ်တာကို ကြည့်ကြည့်ပြီး ရယ်ချင်နေမိတယ်ဗျာ။
ဘာကြောင့် မရယ်တတ်ကြတာလဲ၊ ဉာဏ်မမီလို့လား အကြံပေးကြပါဦး” လို့ မေးတော့
စာရေးဆရာဘိုးထိန်(ပန်းပု)က- "ရယ်စရာပြီးရင် ငိုစရာရောက်လာမှာ စိုးလို့နဲ့ တူပါတယ်ဗျာ" လို့ပြောတယ်။ သူ့ကို ကြည့်လိုက်တော့ ငိုတော့မယောင်မျက်နှာကြီးနဲ့။
အဲ ...အင်ဒြာငပုတောကို ကြည့်လိုက်ပြန်တော့လည်း ပြုံးထားတဲ့ သူ့မျက်ဝန်းထဲမှာ မျက်ရည်တွေဝေ့သီနေပါရောလား။
သိပ်မကြာပါဘူး၊ သူတို့လည်း သင်တန်းအကြံပေးနဲ့ သုတေသနမှူးရာထူးကနေ နှုတ်ထွက်သွားကြတယ်။ ဘာဖြစ်လို့လဲ ဆိုတာတော့ ထုံးစံအတိုင်း မသိရတော့ဘူး။
အရယ်သင်တန်းကို ကျနော် တယောက်တည်းပဲ ဦးစီးလုပ်မယ် ဆိုပြီး တွေးနေတုန်း ဗြုန်းဆိုရောက်လာတဲ့ လူအုပ်ကြီးကြောင့် ကျနော် လန့်သွားတယ်။
သင်တန်းခြံဝင်းထဲ အပြည့်ပဲ။ ကြည့်လိုက်တော့ ကျနော့် သင်တန်းက ပေးလိုက်တဲ့ Certificate တွေကိုင်လို့။
ဘာကိစ္စ ဘာအကြောင်းလဲလို့ မေးကြည့်တော့ အနည်းငယ်သွက်လက်တဲ့ လူတစ်ယောက်က-
“ဆရာ့ အရယ်သင်တန်းက ဆင်းလာပေမယ့် ကျုပ်တို့ မရယ်နိုင်ကြဘူး။ ဒါကြောင့် အငိုသင်တန်း ပြန်ဖွင့်ပေးပါ။
ဆရာ့ အရယ်သင်တန်း အောင်လက်မှတ်က ဘယ်နေရာမှာမှ အသုံး မ၀င်ဘူး။ အသုံးမတည့်ဘူး။ အငိုသင်တန်းဆင်း အောင်လက်မှတ် ရရင် ဧရင်ကျူးငိုလို့ရတယ်။
ဆရာ့အရယ်သင်တန်း အောင်လက်မှတ်က ဘာမှအသုံးမ၀င်ဘူး။ အသုံးဝင်တဲ့ အငိုသင်တန်းပဲ ပေးပါတော့ဆရာ။
အငိုသင်တန်းဖွင့်မပေးရင်တော့ ကျွန်တော်တို့ အားလုံး ငိုရပါလိမ့်မယ်”တဲ့။
“နေပါဦး၊ နေကြပါဦး။ ဆရာ စီစဉ်ပေးပါ့မယ်။ အငိုသင်တန်းတော့ မသင်တတ်လို့ အရယ်သင်တန်းကိုပဲ အသုံးဝင် အသုံးကျအောင် လက်တွေ့ကျကျ အသေးစိတ် ထပ်သင်ပေးပါ့ မယ်”လို့ တောင်းပန်ပြီး၊ အားလုံးရယ်ရအောင် "ဟာသထိပ်စု စိန်သာဓုရဲ့ ပုပုကွကွ နုနုလှချော" ဆိုတဲ့ ဟာသပဒေသာ ဒီဗီဒီကို Projectorနဲ့ ထိုးပြလိုက်တယ်။
သူတို့ နည်းနည်းကျေနပ်သွားကြတယ်။ နောက် ... ရယ်ကြတယ်။
အင်း..အောင်မြင်ပြီလို့ ယူဆမယ် လုပ်နေတုန်း၊ ပြကွက်က အလွမ်းခန်း ငိုချင်းချတဲ့ အခန်းလည်းရောက်ရော ... သင်တန်းသားတွေလေ တ၀ါးဝါး တဟားဟားနဲ့ ဖြစ်နေပါရောလား။
ဒါနဲ့ သင်တန်းသားတွေကို ကျနော်က “ဟေ့ ဟေ့ ဒါ လွမ်းခန်းကွဲ့၊ လွမ်းခန်း” လို့ အော်ပြော လိုက်မှ သူတို့ အရယ်ရပ်သွားတယ်။ အဲ…
အဲ.. သိပ်မကြာပါဘူး၊ ဟာသရယ်ခန်း ရောက်ပြန်တော့ သူတို့ မရယ်ကြဘူးဗျ။ ငေါင်စင်းစင်းနဲ့ဖြစ်နေကြတယ်။
ဒါနဲ့ ကျနော်က “ဟေ့ ဒါရယ်ခန်းကွဲ့၊ ရယ်ခန်း”လို့ ပြောတော့မှ သူတို့ရယ်ကြပြန်တယ်ဗျ။
ဒီလိုနဲ့ ကျနော်က ရယ်ခန်းပြောလိုက် သူတို့ ရယ်လိုက်၊ လွမ်းခန်းလို့ပြောလိုက် သူတို့ ငြိမ်သွားလိုက်နဲ့ လူကို ဖတ်ဖတ်ကို မောရော။
နောက်ဆုံး ကျနော်ဝင်မပြောနိုင်လောက်အောင် မောတော့တာပဲ။
အဲ...နောက်တော့ ကျနော်အကြံတစ်ခု ရတယ်။
“အားလုံးမှတ်ထားကြ၊ လက်ခုပ်တီးသံကြားရင် ရယ်၊ လက်ခုပ်သံမကြားရင် ငြိမ်”လို့ ညွှန်ကြားသင်ပြပေးလိုက်တယ်။
အဲဒီနေရာမှာတော့ သင်တန်းသားတွေအားလုံး ဉာဏ်ကောင်းကြတယ်ဗျ။ ချက်ချင်း မှတ်မိသွားတယ်။
ဒါပေမယ့် သင်တန်းပေးတဲ့သူ ကျနော့်မှာတော့ ငိုချင်လာတယ်။ ငိုတောင် ငိုမိတယ်ဗျာ။ တကယ်ပဲ။
ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော့်သင်တန်းသားတွေက ရယ်ဖို့ ငိုဖို့တောင် ကိုယ်တိုင်ခံစား ဆုံးဖြတ်နိုင်စွမ်း ကင်းမဲ့နေတဲ့ သတ္တ၀ါတွေ အဆင့်ကို ရောက်နေကြပါလားလို့ တွေးမိလို့ပါ။
ဒီလိုနဲ့ပေါ့ဗျာ…။ သို့ပေမယ့်လည်းဗျာ…
ကျနော်ကသာ ငိုနေပေမယ့် ကျနော့်သင်တန်းသားတွေက လက်ခုပ်သံကြားရင် ရယ် ရယ် နေတော့တာပဲ ... ဘယ်အချိန်၊ ဘယ်နေရာ၊ ဘယ်အကြောင်းအရာပဲဖြစ်ဖြစ်ပေါ့။
(မှတ်ချက် - ကိုနိုင်စွမ်းက ဧရာဝတီသတင်းဌာနရဲ့ ကော်ပီအယ်ဒီတာတဦး ဖြစ်ပါတယ်။ ဒီ သရော်စာဝတ္တုတိုကို မကြာသေးခင်က စံတော်ချိန်သတင်းစာမှာ ဖော်ပြခဲ့ပြီးပါပြီ။)
.

- နိုင်စွမ်း

0 comments :
Post a Comment