စိတ်လှုပ်ရှားဖွယ် တက်တူးဖက်ရှင်

Saturday, February 1, 2014

~


 


ပြောင်းလဲနေတဲ့ ခေတ်ရေစီးကြောင်းထဲ ပြောင်းလဲခြင်းတွေနဲ့အတူ တကျော့ ပြန်လည်ပတ်လာတဲ့ ခေတ်စားမှုတွေထဲက ဆေးမင်ကြောင်လို့ခေါ်တဲ့ ခန္ဓာကိုယ်ပေါ် ဆေးမင်ထိုးခြင်း အလေ့အထဟာ ဒီနေ့ခေတ် လူငယ်တွေကြားမှာ တက်တူးဆိုတဲ့ အခေါ်အဝေါ်နဲ့  ပြန်လည်ဆန်းသစ်စွာ ခေတ်စားလာခဲ့တာ ဆယ်စုနှစ်တစုနီးပါး ရှိတော့မယ်လို့ ဆိုရပါမယ်။


ဟိုးရှေးခေတ်တုန်းကတော့ မြန်မာအမျိုးသား တွေဟာ ပေါင်နှစ်ဖက်မှာ ထိုးကွင်းမင်ကြောင် အပြည့်ထိုးခြယ်တတ်ကြပြီး ဒါကိုလည်း ယောကျာ်း ပီသမှုရဲ့ အင်္ဂါရပ်တခုအဖြစ် ဂုဏ်ယူတတ်ခဲ့ကြပါတယ်။
 နောက်ပိုင်းမှာ ထိုးကွင်းမင်ကြောင်ထိုးခြင်း ဓလေ့က တိမ်ကောခဲ့ပေမယ့် လက်မောင်းလက်ဖျံ အစရှိတဲ့ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း တမျိုးမျိုးမှာ တက်တူးရေးထိုးခြင်းကိုတော့ လူငယ်အချို့ကပြုလုပ်ကြပါသေးတယ်။
၂၀ဝ၀ ပြည့်နှစ်များ မတိုင်ခင်ကတော့ တက်တူးထိုးတယ်ဆိုရင် လမ်းသရဲဆန်တယ်၊ လူမိုက်ဆန်တယ်ဆိုပြီး အများကလက်ခံထားကြပေမယ့် ဒီနေ့ခေတ်မှာတော့ တက်တူးထိုးတာ ဖက်ရှင်တခုလို ဖြစ်လာခဲ့ပါပြီ။ အနုပညာအမြင်နဲ့ ခံစားပြီးကြည့်မယ် ဆိုရင်လည်း ဒါဟာ ကိုယ့်ခန္ဓာကိုယ်ပေါ်မှာ ပန်းချီ ရေးဆွဲပုံဖော်ခြင်းတမျိုးပဲ မဟုတ်လား။

လူငယ်တွေကြားမှာ မိန်းကလေးတွေ တက်တူးထိုးတာကို အရင်ကထက် လက်ခံနားလည်လာသလို ဒါဟာ အနုပညာ တခုအဖြစ် ခံစားသိမြင်မှုကလည်း လွန်ခဲ့တဲ့ သုံးလေးနှစ်ကထက်စာရင် ပိုများလာတယ် လို့ ဆိုရပါမယ်။ တက်တူးကို ချစ်သူ သမီးရည်းစား လူငယ်စုံတွဲတွေကြား အမှတ်တရ ထိုးကြတာတွေ၊ သူငယ်ချင်းတွေ အုပ်စုလိုက် တက်တူးထိုးကြတာတွေ၊ ကိုယ်လေးစားအားကျရတဲ့သူရဲ့ နာမည်စာတမ်း၊ မျက်နှာပုံကို ထိုးတာတွေ စသဖြင့် ကိုယ့်ခံယူချက်နဲ့ ကိုယ်၊ ကိုယ်ပိုင်ယုံကြည်ချက်တခုနဲ့ စွဲစွဲလမ်းလမ်း ရူးသွပ်စွာထိုးလာကြတာကိုတွေ့ရပါတယ်။ တက်တူး ကို အရောင်တမျိုး တည်းမဟုတ်ဘဲ ကိုယ်နှစ်သက်ရာ အရောင်နဲ့ ကိုယ်နှစ်သက်တဲ့ ဒီဇိုင်း၊ ပန်းချီ၊ ပုံတူ၊ စာသား၊ နာမည်စာလုံးအစရှိတာတွေကို ရွေးချယ်ပြီး ထိုးလေ့ရှိကြပါတယ်။

တက်တူးတခါ ထိုးပြီးသွားရင် ဆေးစွဲသလိုပဲ ထပ်တလဲလဲ နောက်ထပ်တက်တူးတွေ ထပ်ထိုးချင် စိတ်ဖြစ်တယ်လို့လည်း တက်တူးထိုးထားတဲ့သူအချို့ ကဆိုပါတယ်။ ယောကျာ်းလေး၊ မိန်းကလေးမရွေး သရီးဒီ ရုပ်ကြွတက်တူး၊ ဆေးရောင်စုံနဲ့ထိုးထားတဲ့ တက်တူးဒီဇိုင်းမျိုးစုံကို လူမြင်သာတဲ့ ခန္ဓာကိုယ် နေရာအနှံ့မှာရော အလွယ်တကူ လူမမြင်နိုင်တဲ့ နေရာမှာရော၊ ခန္ဓာကိုယ်နေရာမျိုးမှာပါ ခံယူချက် အမျိုးမျိုးနဲ့ ထိုးလာကြတယ်လို့လည်း သိရပါတယ်။

ဒီနေ့ တက်တူးဟာ ထိုးကွင်းမင်ကြောင်ကနေ တဆင့် ဆင်းသက်ကူးပြောင်းလာတဲ့ ယဉ်ကျေးမှုတခုလို့ဆိုကြသလို အနောက်နိုင်ငံတွေကနေ ရိုက်ခတ် ရွှေ့ပြောင်းလာတဲ့ ဖက်ရှင်တခုလို့လည်း ပြောကြပါ တယ်။ သေချာတာတခုကတော့ ယနေ့ခေတ်မှာ တက်တူးကို အရင်ခေတ်ဆေးမင်ကြောင်တွေလို အပ်တချောင်းတည်းနဲ့ လူအများကို ထိုးပေးတာ မဟုတ်တော့ဘဲ တခါသုံးအပ်နဲ့ ပြောင်းလဲထိုးလာတာကိုတွေ့ရပါတယ်။
 ဒါဟာလည်း မလိုလားအပ်တဲ့ ကူးစက်ရောဂါတွေ အလွယ်တကူ မပြန့်ပွားနိုင်တဲ့အတွက် ကောင်းသောပြောင်းလဲခြင်းတခုပါပဲ။

မြန်မာနိုင်ငံက နာမည်ကြီးအနုပညာရှင် တော် တော်များများကလည်း တက်တူးကို အနုပညာတခု လိုကော ဖက်ရှင်တခုလိုပါ ရူးသွပ်စွာ တပ်တပ်မက် မက် ထိုးလာကြတာကို တွေ့နေရတာဟာနိုင်ငံတကာက နာမည်ကြီး ဂရမ်မီဆုရ အဆိုတော် တက်တူး ခရေဇီတွေဆီကနေ ကူးစက်ရိုက်ခတ်လာတဲ့ အနုပညာ ရူးသွပ်မှုတမျိုးလို့ပဲ ဆိုရမလားပါပဲ။

 “အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမင်ရည် စုတ်ထိုး၊ ဤသုံးမျိုး ချက်မပိုင်လျှင် နောင်ပြင်ရန်ခက်သည့်အမျိုး” ဆိုတဲ့ ဆိုရိုးစကားရှိပေမယ့်ဒီဘက်ခေတ်မှာတော့ နောက်ဆုံးပေါ် လေဆာစက်ပစ္စည်းကိရိယာ တွေနဲ့ တက်တူးကို ဖျက်လို့ရနေပါပြီ။ ဒါပေမယ့် ဈေးများတာက တကြောင်း၊ ထိုးပြီးသားတက်တူးကို ဘယ်တော့မှ ပြန်မဖျက်ဘူးဆိုတဲ့ လူငယ်အချို့ရဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်၊ ယုံကြည်ချက်တွေကြောင့် တက်တူးပုံပြန်ဖျက်တာဟာ အရေအတွက်နည်းနေပါသေးတယ်။
ကိုယ်ထိုးထားတဲ့ပုံဒီဇိုင်းကို မကြိုက် တော့လို့၊ အစရှိတဲ့ အကြောင်းအချို့ကြောင့်သာ ပြန်ဖျက်လေ့ရှိကြပါတယ်။

တက်တူးထိုးတဲ့ ဈေးနှုန်း တွေကတော့ ဆေးအမျိုးအစားနဲ့ ဒီဇိုင်းပုံ၊ အရွယ် အစားလက်မနဲ့ ထိုးမယ့်နေရာအပေါ်မှာ မူတည်ပြီး ဈေးနှုန်း သောင်းဂဏန်းဝန်းကျင်ကနေ သိန်းကျော် အထိ ဈေးအမျိုးမျိုးရှိပါတယ်။

 ဒီနေ့ခေတ်ရဲ့ ရေစီး ကြောင်းထဲမှာ တက်တူးထိုးတာကို အရူးအမူးနှစ် သက်သူတွေလည်း ရှိသလို၊ ထိုးရမှာကြိုက်ပေမယ့် အခြေအနေအမျိုးမျိုးကြောင့် မထိုးဖြစ်တဲ့သူတွေ၊ လူတကိုယ်အကြိုက်တမျိုးဆိုတဲ့အတိုင်း တက်တူး မကြိုက်တဲ့သူတွေလည်း ရှိပြန်ပါတယ်။

ဒါပေမယ့် အရင်ကထက်စာရင်တော့ တက်တူး ကို လူကြီးကော၊ လူငယ်ကော ယောကျာ်း၊မိန်းမ မရွေး အနုပညာတခု၊ ဖက်ရှင်တခုလို နားလည်လက်ခံလာပြီလို့ ဆိုရမှာဖြစ်ပါတယ်။

သီဟတိုး



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved