ကွမ်းခြံကုန်းမြို့ စာပေဟောပြောပွဲ

Monday, February 10, 2014





စာရေးဆရာ ဂျင်မီ

-
ကွမ်းခြံကုန်းမြို့  အမျိုးသားကျောင်းကြီးဖြစ်တဲ့ အထက ၂ မှာ စနေနေ့ညက စာပေဟောပြောပွဲ ပြုလုပ်ခဲ့ပါတယ်။
 
သပြေညိုစာဖတ်ဝိုင်းက စီစဉ်တဲ့ ဒုတိယအကြိမ်မြောက် စာပေဟောပြောပွဲပါ။

ပထမ ဟောပြောသူကတော့ စာရေးဆရာမ မသီတာ (စမ်းချောင်း) ဖြစ်ပါတယ်။ ဆရာမက ပညာရေး၊ စာဖတ်ခြင်းတို့နဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ပြောကြားသွားသူပါ။ သူပြောတဲ့ထဲမှာ ...
ဆရာကြီး မင်းသုဝဏ်ရဲ့ဇာတိမြို့ ကွမ်းခြံကုန်းမှာ စာကြည့်တိုက်ကြီးတစ်ခု ရှိသင့်တယ်၊ အဲဒီစာကြည့်တိုက်ကြီးကလည်း စာအုပ်ဂိုဒေါင် မဖြစ်သင့်ဘူး ဆိုတဲ့ အကြောင်းအရာလည်း ပါဝင်ပါတယ်။

ဒုတိယ ဟောပြောသူက ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ စာရေးဆရာ ဂျင်မီ ဖြစ်ပါတယ်။
သူ့ဟောပြောချက်တွေထဲမှာ လာဘ်ပေးလာဘ်ယူမှု များပြားနေတယ်၊ အကြောက်တရားကင်းပြီး လွတ်လပ်စွာ တွေးတောပြောဆိုရေး အရေးပါတယ်၊ မြန်မာနိုင်ငံပညာရေးစနစ်က အမှားအယွင်း အင်မတန် များပြားနေတယ် စတဲ့ အကြောင်းအရာတွေကို ဟောပြောသွားပါတယ်။

စာရေးဆရာဂျင်မီ ဟောပြောနေတုန်းမှာပဲ ကော့မှူးမြို့ကိုပြန်ဖို့အချိန် နီးကပ်လာတာကြောင့် စောင့်နေတဲ့ မော်တော်ကားရှိရာကို သွားခဲ့ရပါတယ်။ တတိယဟောပြောမှာကတော့ စာရေးဆရာ ညီမင်းညိုဖြစ်တယ်လို့ ကြေညာထားပါတယ်။



ဆိုတဲ့သလိုပဲ ဒါက သပြေညိုစာဖတ်ဝိုင်းက စီစဉ်တဲ့ ဒုတိယအကြိမ်မြောက် စာပေဟောပြောပွဲပါ။
မြို့ခံစာပေသမားတဦးဖြစ်တဲ့ ဦးစံရွှေက ဒီအကြောင်း  ရှင်းပြရာမှာ ကွယ်လွန်သူ စာရေးဆရာကြီး မင်းသုဝဏ်ရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေ၊ ဆရာကြီးရေးသားပြုစုခဲ့တဲ့ စာပေများရဲ့ အကျိုးကျေးဇူးတွေအကြောင်း ဂုဏ်ပြုပြောကြားသွားပါတယ်။

ဟောပြောပွဲစီစဉ်တဲ့ သပြေညိုစာဖတ်ဝိုင်းက တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဆရာ မောင်သန်းလွင် (မြန်မာစာ)ကလည်း ... စာပေဟောပြောပွဲတွေကြောင့် ဒီဒေသက လူငယ်တွေက ... အလိမ္မာ စာမှာရှိတယ် ဆိုတဲ့အတိုင်း စာသင်မှ စာဖတ်မှ တိုင်းပြည်နဲ့လူမျိုးအကျိုးစီးပွားကို ထိရောက်စွာ ဆောင်ရွက်နိုင်မယ်၊
ပညာမတတ်ရင် ဖွံ့ဖြိုးမှုတွေမှာ နောက်ကျမယ်ဆိုတာ သဘောပေါက်လာကြတယ်လို့ ရှင်းပြပါတယ်။

ဟောပြောပွဲလာတဲ့ပရိသတ်တချို့နဲ့ စကားပြောဖြစ်ခဲ့ပါတယ်။
သူတို့ထဲကတစ်ယောက်ဖြစ်တဲ့ ၈ တန်းကျောင်းသူတစ်ဦးကတော့ ... ဒီပွဲမှာ  ပညာရေးနဲ့ပတ်သက်တဲ့ဗဟုသုတတွေ အများကြီးရတယ်၊ စာစီစာကုံးရေးရင်လည်း ထည့်ရေးလို့ ရတယ်၊ လာမယ့်နှစ်တွေမှာလည်း ဒီလိုပွဲမျိုး ဆက်လက် ကျင်းပစေချင်ပါတယ်လို့ ပြောပြပါတယ်။

မေ့သမီး၊ 56 (Kaw Hmu)


-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved