ချင်းမိုင်မြို့ ဝပ်ဆိုင်းမွန်း မြန်မာဘုန်းကြီးကျောင်းက ထမနဲပွဲ

Friday, February 14, 2014

ထိုင်းနိုင်ငံ ချင်းမိုင်မြို့က ဝပ်ဆိုင်းမွန်း မြန်မာဘုန်းတော်ကြီးကျောင်းမှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ညပိုင်း က မြန်မာ့ဓလေ့ ရိုးရာ ထမနဲ ထိုးပွဲ ကျင်းပကြပါတယ်။ 


ဝပ်ဆိုင်းမွန်း မြန်မာ ဘုန်းကြီးကျောင်းက ထမနဲပွဲ၊ ဓာတ်ပုံ- အိမ့်သံစဉ် / ဧရာဝတီ



ထိုင်းနိုင်ငံကို ရောက်နေကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေက သူတို့ရဲ့ ချွေးနည်းစာတွေနဲ့ စုထည့် ဝင်ကြပြီး ဝပ်ဆိုင်းမွန်းသံဃာတော်များရဲ့ ကြီးကြပ်မှုနဲ့ အခုလို ထမနဲပွဲကို ကျင်းပကြတာပါ။ 

ထမနဲ ထိုးဖို့အတွက် မနက်ပိုင်းကတည်းက ကောက်ညှင်းဆန်ကို ရေစိမ်ပြီး ထမနဲထိုးရာမှာ လိုအပ်တဲ့ ထည့်ဝင်စရာတွေကို ညနေပိုင်းမှာ အကုန်လုံး ပြင်ဆင်ထားပြီးဖြစ်နေပါတယ်။ 


ဒီအပြင် ထမနဲ ထိုးဖို့ မီးဖိုအဖြစ် အသုံးပြုဖို့ သံစည်ပိုင်းကို ဖြတ်ပြီး ပြင်ဆင်နေတာလည်း ကျမ မြင်တွေ့ရ လို့ မှတ်တမ်းဓာတ်ပုံ ရိုက်ဖြစ်ခဲ့ပါတယ်။ တာဝန်ကိုယ်စီနဲ့အားတက်သရော ပြင်ဆင်မှုတွေပါ။


ထမနဲမှာ တက်ကိုင်သူတွေက ချွေးတလုံးလုံးနဲ့ အားကုန်စိုက် စေတနာပါပါနဲ့ တဒယ်ပြီး တဒယ် ထိုးနေကြပြီး အတွေ့အကြုံရှိတဲ့ ဒေါ်ဒေါ် ၂ ဦးက ထမနဲအရသာ ကောင်းစေဖို့ အစီအစဉ် တကျ 
မြေပဲ၊ နှမ်း၊ အုန်းသီးဆံ စတာတွေကို တဆင့်ချင်း ထည့်ကြပါတယ်။ 


ထမနဲ ထိုးသူတွေ အားတက်စေ ဖို့ မြန်မာ့ရိုးရာ ဒိုးပတ်ဝိုင်းကလည်း မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ အားပေးနေကြပါ တယ်။ 


ထမနဲ ထိုးကြရာမှာ အမျိုးသားတွေသာမက အမျိုးသမီးတချို့ကလည်း အားဖြည့် ကူညီကြတာတွေ့ရ ပါတယ်။ ဒါကလည်း ကြည်နူးစရာ မြင်ကွင်းတခုပါ။ 

တိုင်းတပါးမှာ ပင်ပင်ပန်းပန်း လုပ်ကိုင်စားသောက်နေထိုင်ကြရင် ရွှေမြန်မာတွေ ပီပီ အလှူအတန်းလည်း လက်မနှေး၊ ကာယကုသိုလ်၊ ဒါနကုသိုလ်တွေနဲ့ စည်းစည်းလုံးလုံး ထမင်းနှဲထိုးနေကြတဲ့ မြင်ကွင်းဟာ ပီတိဖြစ်စရာပါ။ 


ထမနဲ ဒယ်တွေ တဒယ်ပြီး တဒယ် ထိုးပြီး နောက်ဆုံးမှာတော့ အမျိုးသမီး တသိုက်က ထမနဲတွေကို သန့်ရှင်းတဲ့ ပလပ်စတစ် အိပ်တွေမှာ ထည့်ပြီး အလှူဝေငှဖို့ ပြင်ကြပါတယ်။ 

 အဲဒီ ထမနဲထုပ်လေးတွေဟာ ဒီကနေ့ မနက် တပို့တွဲ လပြည့်နေ့မနက်မှာ ဝပ်ဆိုင်းမွန်း မြန်မာ ဘုန်းကြီးကျောင်းကို လာကြတဲ့ သူတွေကို ဝေငှ ကြပါတယ်။ 

ထူးထူးခြားခြား ဒီကနေ့ဟာ ချစ်သူများနေ့ဆိုပြီး ခေါ်ဝေါ်ကြချိန်နဲ့ တပြိုင်တည်း ဝပ်ဆိုင်းမွန်းမြန်မာ ဘုန်းတော်ကြီးကျောင်းမှာ မင်္ဂလာဆောင် အခမ်းအနားနဲ့ အလှူတခုလည်း ရှိနေပါတယ်။ 

ဘုရားဖူးဧည့်သည်တွေနဲ့ စည်ကားလှတဲ့ မြန်မာဘုန်းကြီးကျောင်းဝန်းဟာ မြန်မာနိုင်ငံက လာသူတွေအတွက်တော့ အလှူဒါနပြုရာ၊ စုဝေးရာ ၊ စည်းလုံးညီညွတ်မှုကို ပြသတဲ့ နေရာရပ်ဝန်းလေး တခုပါပဲ။ 

ထမနဲ ထိုးခြင်းကလည်း စည်းလုံးခြင်း၊ ညီညာခြင်းတွေရဲ့ သင်္ကေတ ပြယုဂ် တခုလည်း ဖြစ်နေတော့ ဒီနေ့၊ ဒီရက်နဲ့ ရွှေမြန်မာတို့ရဲ့ ဝပ်ဆိုင်းမွန်း မြန်မာကျောင်းလေးက တင့်တယ်နေပါတော့တယ်။ 















အိမ့်သံစဉ် ~





 



 



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved