နိုင်ငံရေးပါတီ ရပ်ကျေး ဥက္ကဋ္ဌ တဦးရဲ့ စိတ်ဝင်စားဖွယ်အမှု

Monday, February 24, 2014


နိုင်ငံရေးပါတီတခုရဲ့ ရပ်/ကျေး အဆင့် ဥက္ကဋ္ဌဖြစ်သူက စက်ရုံအလုပ်သမ တဦးကို လိမ်လည်ခေါ်ဆောင်ပြီး အဓမ္မ သားမယားပြုကျင့်ခဲ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖော်ပြပါတယ်။ 


အမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဖော်ပြထားတာတော့ လှိုင်သာယာမြို့နယ်နေသူ အသက် ၁၇ နှစ် အရွယ် အထည်ချုပ်စက်ရုံ အလုပ်သမ တဦးက မိဘထံပြန်ဖို့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မနက် ၉ နာရီက ကားဂိတ်ကို တဦးတည်းထွက်လာစဉ်မှာ ဆိုင်ကယ်စီး လာတဲ့အမျိုးသားတဦးက မိတ် ဆက် စကားပြောပြီး ဆိုင်ကယ်ကယ်ရီဖိုး ပေး ဖို့ မလိုဘူးပြောလို့ လိုက်သွားခဲ့တယ်လို့ ဆိုပါတယ်။ 

အဲဒီကနေ ထန်းတပင် မြို့နယ် သီတာအေး လမ်းဆုံရောက်တော့ ဆိုင်ကယ်စီးအမျိုးသားက ပိုက်ဆံအိတ် ကျန်ခဲ့တယ် ပြောပြီး ဆိုင်ကယ်ကိုပြန်လှည့်ကာ လှိုင်သာယာ ၅ ရက်ကွက် တည်းခိုခန်း တခုကို ၀င်သွားပြီး ခဏအကြာ ပြစရာ ရှိတယ်လို့ အဲဒီအမျိုးသမီးကို ပြောဆိုခဲ့ပြီး အမျိုးသမီးအခန်းထဲရောက်သွားစဉ်မှာ တံခါးပိတ်ပြီး အလိုမတူပဲ သားမယားပြုကျင့်ခဲ့တယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ဆိုထားပါတယ်။ 

 “ပြီးနောက် မ--- အားဆိုင်ကယ်ဖြင့် တင်ဆောင်ကာ ရန်ကုန်-ပုသိမ်လမ်း အတိုင်းလိုက်ပို့ခဲ့ရာ --- ရွာထိပ် သို့ အရောက်တွင် ရပ်မပေးဘဲ ဆက်လက်မောင်းနှင်ပြေးခဲ့သဖြင့် မ---မှာ ဆိုင်ကယ်ပေါ် မှ ပြုတ်ကျ ခဲ့၍ ဒဏ်ရာ ရရှိခဲ့ ကြောင်း၊ အနီးရှိ ဆိုင်ကယ်ကယ်ရီ သမားများမှ ၀ိုင်းဝန်းဖမ်းဆီးပြီး ထန်းတပင်မြို့နယ်၊ တက်သစ်နယ်မြေ ရဲစခန်းသို့ ပို့အပ်ပေးခဲ့သဖြင့် စစ်ဆေးခဲ့ရာမှ ၎င်းအမျိုးသားမှာ ဇော်ဇော်အောင် (ခ)
ကျော်ထက်နိုင်၊ (၃၀)နှစ်၊ ရပ်ကျေး ဥက္ကဌ၊ ဒီမိုကရက်တစ် ပါတီ(မြန်မာ)၊ (ဘ)ဦးလှထွန်း၊ (၇) ရပ် ကွက်၊ လှိုင်သာယာမြို့နယ်ဖြစ်ကြောင်းသိရှိရပါသည်။ 

ယင်းသို့ပြစ်မှုကျူးလွန်ခဲ့သူ ဇော်ဇော်အောင်(ခ)ကျော်ထက်နိုင်အားအရေးယူပေးပါရန် မ---မှ တိုင်တန်းခဲ့ သဖြင့် လှိုင်သာယာမြို့မရဲစခန်း (ပ)၂၂၇/၂၀၁၄၊ ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူကာ ဖမ်းဆီးစစ်ဆေး လျက်ရှိပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။ 

အဆိုပါပြစ်မှုအားကျူးလွန်ခဲ့သည့် ဇော်ဇော်အောင်(ခ)ကျော်ထက်နိုင်သည် တွံတေးမြို့နယ်၊ ပန်းလှိုင် တံတား ကျူးကျော်တဲများဖယ်ရှားစဉ်က အကွက်ချပုံစံများပြုလုပ်ရောင်းချခြင်း၊ နေထိုင်ရန် အတွက် အိမ်ထောင်စု စာရင်း စာရွက်များအား၎င်းပါ(၄)ဦးတို့မှ အတုပြုလုပ်လက်မှတ်ရေးထိုး ထုတ်ပေး ထား
ကြောင်း အထောက်အထားများကို သိမ်းဆည်းရမိခဲ့၍ ခလောက်ချိုက်နယ်မြေရဲစခန်း (ပ)၂၈/၂၀၁၄၊ ပုဒ်မ ၄၂၀/၄၆၈ဖြင့် အမှုဖွင့်အရေးယူခြင်းခံ ထားရသူဖြစ်သောကြောင့် ဤအမှုဖြင့်လည်း ဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။” လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရဲ့ 
ဖေ့စ်ဘုတ် စာမျက်နှာက ရေးထားပါတယ်။ 





အိမ့်သံစဉ် ~ 







0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved