စိတ်ဝင်စားဖွယ် ရာဇဝတ်မှုကြီးတခု ရဲက ဖော်ထုတ်ဖမ်းဆီးနိုင်ဟုဆို

Saturday, February 15, 2014

မနှစ်ဖေဖော်ဝါရီလလောက်က ဖြူးမြို့နယ်အတွင်း ရန်ကုန်-မန္တလေး ကားလမ်းဘေးမှာ ဦးခေါင်းပြတ်နဲ့ ခန္ဓာကို ကြိုးတွေ တုတ်ထားပြီး ပလပ်စတစ်အိပ်ထဲ ထည့်ထားတဲ့ အမျိုးသမီး အလောင်းတလောင်းတွေ့ ရှိခဲ့တာ မှတ်မိနေကြမှာပါ။ အခုတော့ အဲဒီ့ အမှုကို ရဲတပ်ဖွဲ့က စုံစမ်းဖော် ထုတ်နိုင်ပြီး တရားခံ စွပ်စွဲခံရ သူကို ရဲတပ်ဖွဲ့က ဖမ်းလိုက်ပြီ။ 


အဲဒီသတင်းနဲ့ပတ်သက်ပြီး လို့ မြန်မာ့အလင်း သတင်းစာရဲ့ တရားဝင် ဖေ့စ်ဘုတ်စာမျက်နှာနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲဇာနည်ဖေ့စ်ဘုတ်စာမျက်နှာတွေက ဖော်ပြလာပါတယ်။ 

ရဲတပ်ဖွဲ့က အလောင်းတွေ့ခဲ့တဲ့နေရာပတ်ဝန်းကျင်က သဲလွန်စတွေနဲ့ စုံစမ်းဖော်ထုတ်လိုက် တာဖြစ် ပြီး သေဆုံး သူဟာ ကျောက်တံခါးမြို့နယ် တောကျွဲအင်းမြို့ အောင်ဇေယျရပ်ကွက်နေ မသန်းထွေး ( ၄၁ ) နှစ်ဖြစ်တယ်လို့ ဆိုပါတယ်။ 

ကွယ်လွန်သူ မသန်းထွေးနဲ့ လူမှုရေး ငြိစွန်းခဲ့ရာက သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ရဲက စုံစမ်းဖော်ထုတ်ခံရ သူက တော့ အသက် ၅၉ နှစ်ရှိ ငွေတိုးပေးလုပ်ငန်းလုပ်ဦးတင်စိုးဆိုသူဖြစ်ပါတယ်တဲ့။ 

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲဇာနည် စာမျက်နှာနဲ့ မြန်မာ့အလင်း ဖေ့စ်ဘုတ်စာမျက်နှာတို့ကတော့ အခုလို အမှုဖြစ်စဉ် နဲ့ စုံစမ်းဖော်ထုတ်မှု ဖြစ်စဉ်ကို ဖော်ပြထားပါတယ်။ 

“သေဆုံးသူမှာ ကျောက်တံခါးမြို့နယ် တောကျွဲအင်းမြို့ အောင်ဇေယျရပ်ကွက်နေ မသန်းထွေး ( ၄၁ ) နှစ်ဖြစ် ကြာင်း သိရှိရပြီး ငွေတိုးပေးသည့်လုပ်ငန်း လုပ်ကိုင်သူ ဦးတင်စိုးနှင့် လူမှုရေးအရ ညိစွန်းခဲ့ရာမှ ၎င်းက သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းဖော်ထုတ်သိရှိရသဖြင့် ဦးတင်စိုး ( ၅၉ ) နှစ်အား အမှုဖွင့် ဖမ်းဆီးထား ကြောင်း သိရသည်။ 

စုံစမ်းစစ်ဆေးချက်များအရ ၂၀၁၂ ခုနှစ် မေလခန့်တွင် မသန်းထွေးသည် ဘားအံမြို့မှ ပြန်လာ စဉ် ငွေ ကျပ် သိန်း ၃၀ ခန့်နှင့် ရွှေထည်ပစ္စည်း ပါလာကြောင်း၊ 

ထိုနောက် ခင်မင်ရင်းနှီးသူ တောကျွဲအင်းမြို့နယ် ဦးတင်စိုး နှင့် ဇနီးတို့ နေအိမ်တွင် လိုက်ပါနေထိုင်ပြီး ပါလာသော ငွေများ အတိုးအပွား ရရှိရန် ဦးတင်စိုးထံတွင် အတိုး ပေးခဲ့ကြောင်း၊ 

ထိုနောက်ပိုင်းတွင် ဦးတင်စိုးနှင့် မသန်းထွေးတို့ ညိစွန်းခဲ့ကြောင်း၊ ဇနီးဖြစ်သူ ရန်ကုန်မြို့သို့ သွားရောက်
နေ သဖြင့် ဦးတင်စိုးတစ်ဦးတည်း နေအိမ်တွင် ရှိနေစဉ် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် ည ၉ နာရီခွဲ ခန့်တွင် မသန်းထွေးရောက်ရှိလာပြီး ထိုညက အတူအိပ်စက်ခဲ့ကြောင်း၊ 

နောက်နေ့တွင် မသန်းထွေးက နှစ်လုံးထီရှုံး ထားသဖြင့် ထပ်မံကစားရန် ငွေသုံးသိန်း တောင်းခံရာမှ စကားများ ရန်ဖြစ်ပြီး ဦးတင်စိုးက ဓားဦးချွန်ဖြင့် မသန်းထွေး၏ လည်ပင်းအား ခုတ်ခဲ့ကြောင်း၊ 

ထို့နောက် လည်ပင်းအားလှီးဖြတ်ခဲ့ပြီး အထုတ်များဖြင့် ခွဲထုတ်၍ ည ၇ နာရီခန့်တွင် ဆိုင်ကယ်ဖြင့် တင်ဆောင်ကာ ရန်ကုန်-မန္တလေး လမ်းဘေးတွင် သွားရောက်စွန့်ပစ်ခဲ့ခြင်း ဖြစ်ကြောင်း ဖော် ထုတ်ရရှိခဲ့သည်။ 

မသန်းထွေး၏ ကိုယ်လုံးထည့်ထားသည့် အထုတ်အား ဆိုင်ကယ်ပေါ်မှ တွန်းချစဉ် အရှိန်ဖြင့် ဆိုင်ကယ်လဲ ကျ သွားခဲ့ ကြောင်း၊ ထိုသို့လဲကျစဉ် ကတ္ထီပါ ဖိနပ် ၀ဲဘက် တစ်ဖက်၊ ဆိုင်ကယ်ဝဲဘက် နောက်ကြည့်မှန်၊ ဆိုင်ကယ် ရှေ့ ခြင်းထဲမှ ရေသန့်တစ်ဘူး၊ ဓာတ်မီးတစ်လက်၊ မျှော့ကြိုးတစ်ချောင်းတို့ ကျကျန်ခဲ့သဖြင့် အဆိုပါ သဲလွန်စများ မှ တစ်ဆင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အဆင့်ဆင့်ဖော်ထုတ်မှုကြောင့် ယခုကဲ့သို့ ပြစ်မှု ကျူးလွန်သူအား ဖမ်းဆီးရမိခဲ့ ခြင်းဖြစ်ကြောင်း အစီရင်ခံစာအရ သိရှိရသည်” လို့ ဆိုထားပါတယ်။ 


 အခုလို ရဲတပ်ဖွဲ့ရဲ့ စုံစမ်းဖော်ထုတ်မှုကြောင့် ရာဇဝတ်ဘေး ပြေးမလွတ်လို့ ပြောရမှာဖြစ်ပေမယ့် မဖော် ထုတ်နိုင်သေးတဲ့ အလားတူအမှုမျိုးတွေလည်း ရှိနေဆဲပါ။ 


အိမ့်သံစဉ် ~


 




 




0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved