ပျင်းပျင်းရိရိ ပြင်းပြင်းပြပြ ဘ၀အောင်မြင်ရေးစာစု - ၆

Monday, February 17, 2014

~


"သတိ ... ပျင်းတတ်သူများလည်း အောင်မြင်ခွင့်ရှိသည်"

- သေချာတယ်၊ စိတ်ချလိုက် တို့လူငယ် -


 



ဘ၀ အောင်မြင်ရေး အတွက် အရေးကြီးတဲ့ ပုံပြင်လေး တပုဒ် ပျင်းပျင်းနဲ့ ပြောပါဦးမယ်။ ပုံပြင် မပြောမီ အလွန်လွတ်လပ်ပေါ့ ပါးစွာ ပြောပြတဲ့ ဘ၀အောင်မြင်ရေး စာစုတွေက တကယ်အကျိုးရှိပါ့မလား ဆိုတာကို လူငယ် တယောက်က ဝေဖန်တဲ့ အကြောင်း ပြောပြပါရစေ။

အဲဒီ လူငယ်က “ခင်ဗျား ပြောတာတွေက လူငယ်တွေကို အပျင်း အားပေးတာပဲဗျ။ ပျင်းတဲ့သူက ခင်ဗျား ပြောသလို လိုက်လုပ်ကြပါ့မလားဗျ။ သူတို့ဟာ ငပျင်း တွေလေ။ ငပျင်းတွေ အတွက် အောင်မြင်ဖို့ဆိုတာ တကယ်ရှိပါ့ မလားဗျ” လို့ ပြောပါတယ်။

တကယ်တော့ ပျင်းတာနဲ့ ဘ၀မှာ မအောင်မြင်ချင်တာ တွေက လုံးဝ မတူပါဘူး။ အရင်အပတ်တွေမှာ ရေးပြခဲ့တဲ့ စာစုတွေက ပျင်းတော့ ပျင်းတယ်၊ ဒါပေမယ့် ဘ၀မှာ အမှန်တကယ် အောင်မြင်ချင်တယ် ဆိုတဲ့ လူတွေ အတွက် ရေးတာဖြစ်တဲ့ အကြောင်း ရှင်းပြလိုက်ပါတယ်။

ဘ၀မှာ အောင်မြင်ချင်သူ လူငယ်တွေ အနေနဲ့ ပျင်းလို့ ဆိုပြီး ပြီးစလွယ် လုပ်ကိုင်တာမျိုးလည်း မရှိရပါဘူး။ ပြီးစလွယ် လုပ်ခြင်းဟာ ခိုင်မာတိကျမှု မရှိတဲ့ အတွက် ရေရှည် တည်တံ့မှုလည်း ရှိမှာ မဟုတ်ပါဘူး။ ခဏတာ အတွက် အဆင်ပြေ သလိုတော့ ရှိပါလိမ့်မယ်။ ဒါကြောင့် ပျင်းတတ်တဲ့ လူငယ်တွေ အနေနဲ့ Do what is right, not what is easy. (မှန်ကန်တာကို လုပ်ပါ၊ ပြီးစလွယ် မလုပ်ပါနဲ့) လို့ ပြောလိုက်ပါ တယ်။

ကဲ ပုံပြင်ကို ပြောပြပါ့မယ်။ တခါက ပညာရှင် တယောက်ရယ်၊ အပြေးသမား တယောက်ရယ်၊ ရူးနှမ်းနှမ်း လူ တယောက်ရယ်တို့ အပြိုင် အဆိုင် ပြေးကြသတဲ့။ (အပြေးပြိုင်ပွဲ မဟုတ်ပါ။) အဲဒီမှာ ရူးနှမ်းနှမ်းလူက ပြေးတဲ့အခါ တခါတလေ အရမ်းပြေးသွား လိုက်၊ တခါ တခါ ရပ်ပစ်လိုက်နဲ့ ပြေးသတဲ့။ ဒါကြောင့် သူဟာ ရှေ့က ရောက်လိုက်၊ နောက်က ရောက်လိုက်နဲ့ ဖြစ်နေပါသတဲ့။ ဟိုးနောက်ဆုံး ရောက်နေရာကနေ ရှေ့ဆုံးကိုလည်း ရောက်အောင်လည်း ပြေးတတ်ပါတယ်။

ပညာရှင်ကတော့ အတွေးစိတ်ကူး တွေနဲ့ ပြေးပါတယ်။ အပြေးသမား ကလည်း ရှေ့ဆုံးကနေ ပုံမှန် ပြေးနေပါသတဲ့။ ဒီလိုနဲ့ ပညာရှင်က ပြေးနေရင်းနဲ့ တနေရာရောက်တော့ သူက “ဒီနေရာဟာ ငါ့ ပန်းတိုင် ဖြစ်တယ်” လို့ ပြောပြီး ရပ်လိုက်တယ်။

အပြေးသမားကတော့ ဆက်ပြေးနေပါတယ်။ ရူးနှမ်းနှမ်းလူ ကလည်း ပြေးလိုက်၊ ရပ်လိုက်နဲ့ ဆက်ပြီး ပြေးလွှားနေပါတော့ သတဲ့။

ပျင်းတတ်တဲ့ လူငယ်တွေ ဒီပုံပြင်ကို ဘယ်လို သဘောထားကြပါ သလဲ။ အပြိုင်ပြေးလာကြသူတွေ ထဲမှာ ကိုယ် ဘယ်လိုလူ ဖြစ်ချင်ပါသလဲ။ အပြိုင်ပြေးနေကြတဲ့လူ ၃ ယောက်ကို သေသေချာချာ လေ့လာကြည့်စေ လိုပါ တယ်။ သူတို့အတွက် အပြေးပြိုင်ပွဲ မဟုတ်တဲ့အတွက် သူတို့ရဲ့ ပန်းတိုင်ကိုလည်း ဘယ်သူကမှ သတ်မှတ်ပေး မထားပါဘူး။

ဘ၀ ရှင်သန်မှု ဖြတ်သန်းမှု တလျှောက်လုံးမှာ ကိုယ်သတ်မှတ်ထားရမယ့် ပန်းတိုင် တခု ရှိနေဖို့ လိုပါတယ်။ ကိုယ်ဟာ အပြေးသမားကောင်း ဖြစ်နေရင်တောင် ကိုယ့်ရဲ့ ဘ၀ပန်းတိုင်ကို မသိရင်၊ သတ်မှတ်မထားရင် ပြေးရင်း ပြေးရင်းနဲ့ ဆက်ပြီး ပြေးနေရဦးမှာပါ။

အဲဒီလိုပဲ ရူးနှမ်းနှမ်း လူ အတွက်လည်း ကိုယ့်ရဲ့ ဘ၀ ပန်းတိုင်ကို မသိတော့၊ သတ်မှတ် မထားတော့ ပြေးလိုက် ရပ်လိုက်နဲ့ မောပန်းနေဦးမှာပါပဲ။ ဒါကြောင့် ကိုယ့်ဘ၀ ရည်မှန်းချက် ပန်းတိုင်ကို အသေအချာ သိမြင်ဖို့ လိုတယ်လို့ ပြောချင်တာပါပဲ။

အရေးအကြီးဆုံး သတိပြုရမှာက အပျင်းတတ်ဖို့ စာစုလေးတွေ ဖြစ်လို့… ပျင်းရုံသက်သက် မဟုတ်ဘဲ ပျင်းပျင်းနဲ့ အတွေးစိတ်ကူးကို ခိုင်မာစေဖို့၊ ကိုယ့်ရည်ရွယ်ချက် ပန်းတိုင်ကို သိမြင်ဖို့ ဖြစ်တယ် ဆိုတာပဲ။ ပြီးတော့ အဲဒီ အတွေးစိတ်ကူးကို လက်တွေ့နဲ့ ဆက်စပ်ပြီး ယူနိုင်ရင်… အောင်မြင်ဖို့ အတွက်  သေချာတယ် စိတ်ချလိုက်… တို့လူငယ် လို့ ပျင်းပျင်းနဲ့ ပြောပြလိုက် တာပါ။


ပျင်းတဲ့


နိုင်စွမ်း



.

1 comments :

  1. Anonymous said... :

    ပျင်းပါတယ်ဆိုမှနိုင်စွမ်းကတစ်မျိုး

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved