ညနေ(၄)နာရီ ကျောင်းဆင်းဘဲလ်သံ ကလင်.. ကလင်.. မှာ ကျနော်ဟာ လွယ်အိတ်ကို သိမ်း၊
ကျောင်းကား ဆီသွားရန် ကျောင်းဖွင့်ရက်တိုင်း အမိန့်ပေးနေလေရဲ့ ..
ကျနော်ဟာ အခွင့်ထူးခံ လူသားတဦးလို ကျောင်းကားရဲ့ ရှေ့ခန်းမှာ မိန့်မိန့်ကြီးထိုင်လိုက်လာရင်း ဆင်းရမယ့် မဲဆောက်ဈေးနားကို စောင့်မျှော်ရင်းပေါ့..
ကျနော်ချစ်တဲ့ မဲဆောက်ဈေးထဲမှ နတ်စင်လမ်းလဘက်ရည်ဆိုင်လေးကိုရောက်ရင် ‘ ဆရာလာပြီ ဟေ့ ’ ဆိုတဲ့….အဖျော်ဆရာ သိုက်ထွေးရဲ့ စကားအဆုံး ကျဆိမ့် လဘက်ရည်တခွက်ဟာ ကျနော့်ရှေ့
ရောက်နေပြီ….
ကျနော့်ရဲ့ ကျဆိမ့်လဘက်ရည်ခွက်ထဲမှာ ၄.၁.၂၀၁၄ လွတ်လပ်ရေးနေ့က သမ္မတရဲ့ လွတ် ငြိမ်းချမ်း သာ ခွင့် နဲ့ ပြန်လည်လွတ်မြောက်လာတဲ့နိုင်ငံရေးအကျဉ်းသား ကိုမြင့်သိန်း(ခ) ကိုတူးဂျာရဲ့ မျက်နှာ ပေါ်လာ လိုက် ပျောက်သွားလိုက် မြင်နေသလို ခံစားနေရတယ်….
ကချင်တိုင်းရင်းသား ကိုတူးဂျာက ကျနော်နဲ့ပုသိမ်အကျဉ်းထောင်ထဲမှာ အတူအကျဉ်းကျခံခဲ့ရ တဲ့ သူတွေထဲက နောက်ဆုံးသူပါ။
သူဟာအကျဉ်းထောင်ထဲမှာ (၁၅)နှစ်ကျော်ဖြတ်သန်းခဲ့ရတယ်။ ဘယ်လောက်များ ခက်ခဲလိုက်မလဲ…သူ့ အတွက် စိတ်မကောင်းတဲ့ခံစားချက်ကလွဲရင် ကျနော် ဘာ များလုပ် ပေးနိုင်မှာမို့လဲ…
ကျနော်ကိုယ်တိုင်လဲ အတိတ်ရဲ့ အကျဉ်းသားဖြစ်နေဆဲ……………
မျက်ဝန်းထဲမှာ မြင်ယောင်နေတဲ့ ကိုတူးဂျာရဲ့ ပုံရိပ်ကို မေ့ပြစ်လိုက်တယ်။ ပြီးတော့ ကျဆိမ့် လက်ဖက်ရည်ခွက်ကို ကိုင်လိုက်ပြီး တငုံ သောက်မယ် စိတ်ကူး၇င်း
“ အစွယ်ကို လိုသူ မိဖုရား ၊ အသွားစေခိုင်းသူ မင်းဧကရာဇ် ၊ လေးပစ်သူ ဘု ရား ကျနော် ဆို ” ဆန္ဒဆင်မင်း ဇာတ်တော်ထဲမှ ဦးပုညရဲ့  စာသားကို ရွတ်ပြနေတဲ့ ဦးခင်ညွန့် (ထောက်လှမ်းရေးမှူးချုပ်ဟောင်း) ကို မြင်ယောင်လာပြီး …
“ အောင်ခိုင်.. မင်းက ကျဆိမ့်လက်ဖက်ရည် အလွန်ကြိုက်တယ်ဆိုပဲ.. ဟုတ်လား"
ထောက်လှမ်းရေးအမှတ် (၁၄) တပ်မှူး ဗိုလ်မှူးဝင်းဆွေရဲ့ အမေးကို ကျနော်ဘယ်လိုတုန့်ပြန်ရမလဲ..
“ ငါတို့တွေထဲက ဘယ်သူပဲ အဖမ်းခံရ ခံရ စစ်ကြောရေးမှာ (၃) ရက်တောင့်ခံရမယ်၊ ကျန်တဲ့ ကောင် တွေ ဒီရက်အတွင်း လွတ်အောင်ပြေး ”
“ ကျနော်တို့ရဲ့ အစည်းအဝေးဆုံးဖြတ်ချက် ”
၁၄.၁၂. ၁၉၉၆ ခုနှစ် သောကြာနေ့ ဟာ ကျနော့်ရဲ့  ထောက်လှမ်းရေးအမှတ်(၁၄)ရဲ့ စစ်ကြောရေးမှာ (၃)ရက်ပြည့်နေပြီ…
(၃) ရက် ရေ သောက်ခွင့် မရခဲ့တဲ့ ခြောက်သွေ့ ကွဲအက်လာတဲ့ နှုတ်ခမ်းများက စို့နင့်နေတဲ့ လည် ချောင်း ထဲ က ရဲဘော်များရဲ့ နာမည်တွေကို ထုတ်ပြောလိုက်ဖို့ စောင့်နေလေရဲ့ ..
နောက် (၃ - ၄ ) နာရီလောက်ဆိုရင် ကျနော်တာဝန်ကျေပြီ ၊ စောင့်နေရတာကြာလိုက်တာ….
လက်ထိပ် နောက်ပြန်ခတ် စစ်ကြောရေးအချုပ်ခန်းဝကို ၁၁.၁၂.၁၉၉၆ မနက် ၉ နာရီခွဲလောက် ရောက် ကတည်းက မရိုးနိုင်တဲ့ ခေတ်မီတေးသွားတွေမှာ စိတ်ပါလက်ပါ ကျနော်ကခဲ့ရတော့ နွမ်းလျနေလှပေါ့.
(၁၅)ပေ ပတ်လည်လောက်ရှိတဲ့ စစ်ကြောရေးအခန်းထဲမှာ ဗို့အားပြင်းပြင်း ထိန်ထိန်ညီးနေတဲ့ နီယွန် မီးလုံးများရဲ့ အောက်မှာ (၅) နာရီခန့်ဖွင့်လိုက်ပိတ်လိုက် တေးသွားမှာတော့ ကျနော့်ရဲ့ ရှိသမျှ ခွန်အားများ စုပ်ယူခံခဲ့ရပြီ ၊ အ၀ါရောင်တောက်တောက်ကြီးများသာ မြင်နေရတဲ့ ကျနော်ရဲ့ မျက်ဝန်း တွေဟာ
“ ဒီကောင်မဆိုးဘူး ၊ နောက်တမျိုး စမ်းရအောင် ခနလောက်ပိတ်ထားလိုက် ”
ဂရုဏာရှင် တေးရေးဆရာကြီးကို “ ကျေးဇူးတင်ပါတယ် ” လို့ တိုးတိုးလေးပြောပြသင့်တာပေါ့.
အချိန်လေးအတော်ကြာတော့ ၀မ်းမြောက်ဂုဏ်ယူနေတဲ့ ကျနော့်ရဲ့ ပရိတ်ကြီးမျက်နှာများ ကြည်ကြည် လင်လင်မြင်နေရပြီ
“ မင်းလက်ဘက်ရည် သောက်ချင်လား ”
ခပ်ယဲ့ယဲ့သာပြုံးပြနိုင်တဲ့ ကျနော့်ရဲ့ အပြုံးကို သူမြင်ပါ့ မ လား..
“ လက်ထိပ်ဖြုတ်ပေးလိုက်ကွာ ”
စကားသံအဆုံး ခပ်ကြမ်းကြမ်း လက်ဝါးတဘက် ကျနော့်ရဲ့ လက် မောင်း ကိုင်ပြီး ဆွဲထူလိုက်ချိန်
“ မင်းရဲ့ လက်မောင်းက ငါ့အ၀ှာထက်တောင် သေးနေသေးတယ် ”
“ ဟုတ်ပါတယ် . ကျနော်ငယ်စဉ်က ဆေးထိုးမှားခဲ့လို့ သိမ်နေတဲ့ ကျနော့်ရဲ့ လက်မောင်းဟာ ကံကြမ္မာ ကြောင့်လား ၊ ဖန်ဆင်းခံခဲ့ရတာလား ကျနော်မသိခဲ့ပါ ”
“ ဒါနဲ့တောင်ကွာ.. မင်းငါတို့ဆန့်ကျင်ရတယ် လို့ ” ဆိုတဲ့ ကရုဏာစကားသံကြောင့် ကျနော်ခွန်အား တွေ တိုးခဲ့သေးတယ်…
“ မင်းကို လဘက်ရည်တိုက်ချင်ပေမဲ့ ငါ့မှာ လက်ဘက်ထုတ်ပဲရှိပြီး ရေနွေး မရှိဘူးဖြစ်နေ” ဆိုတဲ့ တေးရေးဆရာရဲ့ စကားကို
“ ကျနော့်မှာ ရေနွေးရှိတယ် ဗိုလ်မှူး ” ဆိုတဲ့အသံ ထွက်ပေါ်လာတယ်။
ဒို့လူလေးများဆိုသလေး ၊ ဝေးလေး ဝေး လေး တစ်ဦးမှပြန်ဖြေသံကြောင့်
“ ဟန်ကျတာပဲ အောင်ခိုင် ၊ မင်းအတွက်လဘက်ရည သူဖျော်ပေးလိုက်မယ် .. ကြည့်လိုက်ပါဦး ”
စစ်ဘောင်းဘီတစ်ထည်ရဲ့ ဇစ် ပွင်လာနေပြီ သူ့ရဲ့ ဖွားဖက်တော်မျက်နှာမြင်နေရပြီ .. လဖက်ရည်ခွက်ထဲ ကျင်ငယ်ရည်များ စမ်းရေစီးသလိုကျနေပြီ။
“ အောင်ခိုင် . မင်းနဲ့ မိုက်ဖော်မိုက်ဖက်တွေအကြောင်း ငါ့ကိုပြောပြ .. ဒါမှမဟုတ်ရင် ငါကိုယ် တိုင် တိုက်ရ မလား ၊ မင်းဟာမင်း သောက်မလား ”
အချိန်တွေကကြာလွန်းလိုက်တာ…
(၃) ရက်ပြည့်ဖို့ နာရီတချို့ ပဲကျန်တော့တယ်… ဖန်ဆင်းရှင်သာဖြစ်လိုက်ချင်ရဲ့ … ရှက်စိတ် ၊ ခံပြင်းစိတ် ၊ ကြောက်စိတ်တွေ…. ဟုတ်ပါတယ်… ပါးပြင်ပေါ်စီးကျလာတဲ့မျက်ရည်တွေ .. ကျနော်မတားတော့ပါဘူး..။ တုန်ရီနေတဲ့လက်တွေ… လည်ချောင်းထဲစီးကျလာတဲ့ ကျင်ငယ်ရည် လဘက်ရည်..
“ ချီးကျူးပါတယ်ကွာ…… ဆိုတဲ့ စကားသံကြားရချိန် .. မျက်လုံးတွေပြာထွက်သွားပြီး .. ပြင်း လိုက်တဲ့ ရိုက်ချက်.. ၊ အချိန်တွေဘယ်လောက်ကြာသွားတာ ကျနော်မသိ… ပြောနေတာက ရဲဘော်တွေရဲ့ အကြောင်း.. ၊ ခွင့်လွှတ်ပါလို့ မပြောတော့ပါဘူး ရဲဘော်တို့…
ကျနော်လဘက်ရည်ခွက်ကို ပြန်ချလိုက်ချိန် နားထဲ လေထဲမှ ပြန့်လွှင့်လာတဲ့
“ နယ်လှည့်ပြီး ပါး ရိုက်လာတဲ့ကောင် အစိုးရကို ဆန့်ကျင်ရင် ဘယ်နိုင်ငံရေးသမားမဆို ထောင်ထဲ ထည့်ပစ်မယ် ”
သရုပ် မှန်ဝါဒီတဦးရဲ့ သရုပ်မှန်စကားသံဟာ….အတိတ်ရဲ့ အကျဉ်းတံခါးတွန်းဖွင့်ပြစ်ဖို့ ခွန်အားမဲ့သွားအောင် ထပ်မံချည်နှောင်ခံလိုက်ရတဲ့ သံကြိုး တချောင်း………
ယုံပါတယ် ၀န်ကြီးမင်း
မသောက်ဖြစ်ခဲ့တဲ့ ကျဆိမ့်လက်ဖက်ရည်တခွက်..။
အောင်ခိုင် ( နိုင်ငံရေးအကျဉ်းသားဟောင်း ) ~
အကို အောင်ခိုင် ခါးသီးလှတဲ့ အတိတ်ရဲ့ အဖြစ်အပျက် တွေကို မေ့ပစ် လိုက်ပါ လို့မပြောရက် တော့ပါ။