အိန္ဒိယထုတ်ကားများ စာမေးပွဲကျ

Tuesday, February 4, 2014

~


 
Tata Nano အပါအ၀င် အိန္ဒိယထုတ် နာမည်ကြီးကားတွေဟာ ကြံ့ခိုင်မှုအားနည်းတယ်လို့ နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့တခုက သောကြာနေ့မှာ ပြောလိုက်ပါတယ်။



Tata  Nano နဲ့ Xenon တွေကို ရန်ကုန်မြို့ ကုန်စည်ပြပွဲတခုမှာ မကြာသေးခင်က တွေ့ခဲ့ရပါတယ် (Photo: Kyaw Hsu Mon / The Irrawaddy)
ကြံ့ခိုင်မှုအားနည်းတဲ့အတွက် မတော်တဆဖြစ်လာရင် အကြီးအကျယ် ဒဏ်ရာရတာမျိုး၊ အသက် ဆုံးရှုံးနိုင်တာမျိုးအထိ  ကြုံရနိုင်တဲ့သဘောပါပဲ။

သို့ကလို ပြောလိုက်တဲ့အဖွဲ့ကတော့ လန်ဒန်အခြေစိုက်  Global NCAP ဆိုတဲ့ မော်တော်ယာဉ် ဘေးကင်းလုံခြုံရေးနဲ့ ပတ်သက်ပြီး လေ့လာစောင့်ကြည့်တဲ့အဖွဲ့ ဖြစ်ကြောင်း ဧရာဝတီသတင်း
http://www.irrawaddy.org/asia/global-watchdog-says-indian-cars-fail-safety-test.html မှာ ဖော်ပြထားပါတယ် - စည်းကမ်းချက်တွေထုတ်ပြီး ယာဉ်မောင်းသူတွေကို ပညာပေးရမယ်၊ အကာအကွယ်ပေးရမယ်၊ ဒီလို ဖြစ်သင့်ပေမယ့် အိန္ဒိယမှာတော့ အဲသလို ဖြစ်မနေဘူးလို့ Global NCAP က ဆိုပါတယ်။

အိန္ဒိယမှာ လူလတ်တန်းစားအရေအတွက်များလာတဲ့အတွက် ကားသစ်တွေ ပိုဝယ်လာကြတယ်၊ ကားထုတ်လုပ်ရေးပိုများလာတယ်၊ သို့သော်လည်း လုံခြုံစိတ်ချရမှုအပိုင်းကတော့ တိုးတက်မလာဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်ကဆိုရင် သူတို့ဆီမှာ ထုတ်လုပ်တဲ့ ကားအရေအတွက်က သုံးသန်းစွန်းစွန်းရှိတယ်လို့ ဆိုတယ်  - ၂၀၀၈ ခုနှစ် အရေအတွက်နဲ့ ယှဉ်လိုက်ရင် ဒါဟာ နှစ်ဆ တိုးလာခြင်းပါပဲ။

အိန္ဒိယမှာရောင်းခဲ့တဲ့ကားတွေမှာ လေအိတ် မပါတာ၊ ထိုင်ခုံတွေမှာ ခါးပတ် ထည့်မထားတာ တွေ့ရလိမ့်မယ် တဲ့။

ဒီလို စိတ်ချရမှုမရှိတဲ့အခြေအနေ၊ အရမ်းကာရောမောင်းနှင်မှု၊ ကားလမ်းဆိုးဆိုး စတဲ့ စတဲ့ အကြောင်းအရာတွေကြောင့် လမ်းပေါ်ကအသေအပျောက်နှုန်းဟာ အမေရိကန်ထက် ၆ ဆ များနေတယ် လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ပြီးခဲ့တဲ့နှစ် အစီအရင်ခံစာတစောင်မှာ ရေးထားပါတယ်။

ဆိုလိုတာက တကမ္ဘာလုံးက အချက်အလက်တွေ ပြန်ကြည့်တော့ - လမ်းပေါ်မှာ ဆယ်ယောက် သေတယ် ဆိုရင် တယောက်က အိန္ဒိယကဖြစ်နေတာပါပဲ။

မနှစ်က သူတို့ဆီမှာ လူကြိုက်အများဆုံးလို့ ဆိုနိုင်တဲ့ Tata Nano,  Maruti Suzuki Alto 800,  Hyundai i10  တို့ကို စစ်ဆေးကြည့်ရာမှာ လုံခြုံရေး စိတ်မချရဘူးဆိုပြီး အဖြေထွက်လာပါတယ်။

ကားထုတ်လုပ်ရေးဌာနတွေက ဘယ်လို တုန့်ပြန်ကြပါသလဲ -
Tata ကား သုတေသနဌာန အကြီးအကဲ Tim Leverton ကတော့ Tata Nano ဖွဲ့စည်းပုံ ပိုအားကောင်း တိုးတက်လာရေး နည်းနာတွေ ထပ်ရှာနေပြီလို့ ဆိုပါတယ်။

လုံခြုံစိတ်ချရမှု ဆိုတာ ကားချည်းပဲ ကောင်းရုံနဲ့ မရပါ၊ လမ်းကလည်း ကောင်းရမယ်မဟုတ်လား။

သူတို့ဆီမှာ ကားမောင်းရတာလည်း မလွယ်ပါ - လမ်းတွေက ကျင်းတွေချိုင့်တွေ ရှိတယ်၊ မြို့တွေမှာ ယာဉ်ကြောပိတ်တယ်၊ နေပူလွန်းတယ်၊ ကားလမ်းပေါ်မှာ ကားတွေသာမက နွားအုပ်၊ နွားလှည်း၊ စက်ဘီး၊ ဆိုက်ကား စသဖြင့်တို့လည်း ရှိတယ်လို့ ဆိုပါတယ်။

  • မူရင်းသတင်း

Global Watchdog Says Indian Cars Fail Safety Test
http://www.irrawaddy.org/asia/global-watchdog-says-indian-cars-fail-safety-test.html 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved