စာကြည့်တိုက်က လူတွေကြားထဲ လျှောက်သွားနေပါတယ်

Sunday, February 23, 2014

~


 


 
လူတွေက စာကြည့်တိုက်ကို မလာရင် ဘာလုပ်မလဲ။
နည်းလမ်းတခုကတော့ စာကြည့်တိုက်က လူတွေရှိတဲ့နေရာကို သွားလိုက်ဖို့ပါပဲ။

ဒီအကြောင်း ကော့မှူးမြို့သား ကျော်ကျော်မင်းမင်းက ရေးသားပေးပို့ထားပါတယ်။


မြန်မာပြည်ရဲ့ ပထမဆုံးသော ရွေ့လျားစာကြည့်တိုက်ကို ပြီးခဲ့တဲ့နှစ် ဇူလိုင် ၂၇ ရက်နေ့က ကော့မှူးမြို့နယ်မှာ စတင် ဖွင့်လှစ်ခဲ့ပါတယ်။
အစိုးရပြန်ကြားရေးဌာန နဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုပဲ ဖြစ်ပါတယ်။

ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်အတွက် ဂျပန်နိုင်ငံ ဟီးနိုးကုမ္ပဏီက ကားကြီးတစီး စတင် လှူဒါန်းတယ်၊ နောက်ပိုင်းမှာ မြန်မာပြည်က PK ဆောက်လုပ်ရေးကုမ္ပဏီကလည်း ကားငယ်တစီး လှူပါတယ်။
 -

 -
(စာကြည့်တိုက်ယာဉ်ငယ်မှာတော့ စာအုပ်စင်ပုံတွေကို လေးဘက်လေးတန် ကပ်ထားပါတယ်)
 -
ရွေ့လျားစာကြည့်တိုက်စိတ်ကူးကို အကောင်အထည် ဖော်ခဲ့သူက ဒေါ်အောင်ဆန်းစုကြည်လို့ ဆိုရပါမယ်။ သူ့မိခင်အတွက် အမှတ်တရ တည်ထောင်ထားတဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ ရွေ့လျားစာကြည့်တိုက်ကားကြီးပေါ်မှာ စာအုပ်ပေါင်း ၁,၅ဝဝ ဝန်းကျင် တွေ့ရပါမယ်။

ကားကြီး ဝင်ထွက်သွားလာဖို့ အခက်အခဲရှိတဲ့ ဒေသတွေကိုတော့ ကားအသေးနဲ့ သွားကြပါတယ်။ အဲဒီကားအသေးလေးမှာလည်း စာအုပ်ပေါင်း ၁,ဝဝဝ ဝန်းကျင် ပါပါတယ်။

ကဲ... စာကြည့်တိုက်က လူတွေရှိရာ လာနေပါပြီ။ ကော့မှူးမြို့ ရပ်ကွက်ကျေးရွာအသီးသီးကို တနင်္လာကနေ သောကြာနေ့အထိ ဒီကားတွေ လှည့်ကြပါတယ်။ ရပ်ရွာထဲ၊ စာသင်ကျောင်းရှေ့၊ ဘုန်းကြီးကျောင်းထဲ ဒီကားတွေ ရောက်ပါတယ်။
 -



စာကြည့်တိုက်ယာဉ်ဘေးက ပုံများ

-
ငှားလိုသူက စာကြည့်တိုက်ကတ် လုပ်ရပါမယ်။ ဓာတ်ပုံ ၂ ပုံ နဲ့ ကိုယ်ရေးအချက်တချို့ ပေးလိုက်ရင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ဝန်ထမ်းတွေက စာကြည့်တိုက်ကတ် လုပ်ပေး၊ အဲဒီကတ်ကို ပလပ်စတစ် လောင်းပေးပါလိမ့်မယ်။
အခုတော့ အဖွဲ့ဝင်ကတ်ပေါင်း ၇,ဝဝဝ နီးပါး ပြုလုပ်ပေးခဲ့ပါပြီ တဲ့။

ကတ်က အခမဲ့၊ စာအုပ်ငှားရမ်းခြင်းကလည်း အခမဲ့ပါပဲ။ တကြိမ်ငှားရင် ၂ အုပ်၊ အဲဒီ ၂ အုပ်ကို ၂ ပတ်ကြာ ကိုင်ထားနိုင်ပါတယ်။
ရွေ့လျားစာကြည့်တိုက် စီစဉ်တဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ ခြေလှမ်းတချို့အကြောင်း ဆက်လက် ရေးသားပါဦးမယ်။

 -  ကျော်ကျော်မင်းမင်း



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved