လန်းလန်းဆန်းဆန်း ၄၉ လမ်း Lucky Seven

Saturday, February 22, 2014

~



ရန်ကုန် မြို့လယ်ကောင်ရှိ ၄၉ လမ်းအပေါ်ဘလောက်တွင် Lucky Seven  ဟု အမည်ပေးထားသော လက်ဖက်ရည်ဆိုင်တဆိုင်ရှိသည်။ ထိုဆိုင်ကို အနော်ရထာလမ်းမပေါ်မှ ကြည့်လိုက်မည်ဆိုပါက ရုတ်တရက် မမြင်နိုင်။
 

~

 


(ဓာတ်ပုံများ - တေဇလှိုင် / ဧရာဝတီ) -
စိမ်းစိုနေသောအလှစိုက်သစ်ပင်များ၊ ပန်းအိုးများနှင့် ချိတ်ဆွဲထားသော သစ်ခွပန်းပင်များအကြား ပျောက်နေတတ်သည်။ ၄၉ လမ်းထဲကို ဝင်သွားမှသာ အဆိုပါ လက်ဖက်ရည်ဆိုင်၏ အပြင်အဆင်ကို ပိုမို သေချာစွာတွေ့နိုင်သည်။

ဆိုင်၏ ထိုင်ခုံစားပွဲတချို့ကို ထိုပန်းအိုးများအကြား နေရာချထားသည်။ ဆိုင်ထဲရှိ စားပွဲဝိုင်း အားလုံးနီးပါး တွင်လည်း အလှစိုက်သစ်ပင်ငယ်များ စိုက်ထားသည့် ပန်းအိုးကလေးများ တင်ထားသည်ကို တွေ့ရသည်။ ဆိုင်အပြင်အဆင်ကို ဦးစားပေးထားသကဲ့သို့ အစားအသောက်များကလည်း သန့်ရှင်းသပ်ရပ်မှုရှိသည်။ သို့သော် ဈေးနှုန်းများကတော့ ရန်ကုန်မြို့ရှိ လက်ဖက်ရည်ဆိုင်တိုင်းတွင် ရောင်းချလေ့ရှိသော ဈေးနှုန်းများနှင့် ကွာခြားမှုမရှိပါ။

  -
 
သန့်ရှင်းမှုကို အလေးထားသော လက်ဖက်ရည်ဆိုင်များနည်းတူ ထိုဆိုင်တွင်လည်း စားပွဲဝိုင်းတဝိုင်းစီတိုင်း၏ အောက်ခြေတွင် အမှိုက်ပုံးများ ချထားသည်ကို တွေ့ရသည်။

“ဆိုင်မှာလာရောက်စားသုံးကြတဲ့ တချို့စားသုံး သူတွေက ဈေးနှုန်းသင့်တင့်တဲ့ အစားအသောက်တွေ ရရှိတာကို သဘောကျကြသလို တချို့ကလည်းတိတ် ဆိတ်မှုရှိတာနဲ့ ဆိုင်ရဲ့အပြင်အဆင် သပ်ရပ်တာကို ကြိုက်ကြတယ်”ဟု ၄၉ လမ်းတွင်ရှိသည့် Lucky Seven လက်ဖက်ရည်ဆိုင်၏ စားပွဲထိုးတယောက်က ပြောပြသည်။

“မုန့်ဟင်းခါးကို ပန်းကန်ပြားနဲ့ ထည့်ပေးတာ နိုင်ငံခြားသားဧည့်သည်တွေ သိပ်ကြိုက်ကြတယ်။ သူတို့တတွေက တိုးရစ်တွေနဲ့ အဖွဲ့လိုက်လာကြတာ များတယ်။ တခြားသူတွေကတော့ အဆင်ပြေတာ မှာစားကြတာပဲ” ဟု သူက ရှင်းပြသည်။

နိုင်ငံခြားသား ဧည့်သည်များကိုပေးသည့် ဝန် ဆောင်မှု၊ အစားအသောက် တန်ဖိုးကလည်း တခြား သူများနည်းတူသာဖြစ်သည်ဟု ၎င်းကဆိုသည်။

ထိုစားပွဲထိုးက ရှင်းပြနေရင်း မျက်လုံးအစုံကလည်း သူဝန်ဆောင်မှုပေးရမည့် တခြားစားပွဲဝိုင်းများ ဘက်ကို မျက်ခြည်မပြတ် ကြည့်နေသည်။ သူက တခြားစားပွဲဝိုင်း တဝိုင်းကိုလည်း တာဝန်ယူထားပုံ ရသည်။ ထိုဝိုင်းက အစားအသောက်ထပ်မှာဖို့ လှမ်းခေါ်သည်နှင့် တပြိုင်နက် “ဟုတ်ကဲ့” ဟု ပါးစပ်ကလည်းအော်ရင်း လူကလည်း ခပ်သွက်သွက် လမ်းလျှောက်ကာ ယင်းနေရာကို ရောက်သွားသည်။

 - 
 
ဆိုင်၏ ဝန်ထမ်းအားလုံးနီးပါးသည် အမျိုးသား များသာဖြစ်နေသည်ကို တွေ့ရပြီး စားပွဲထိုးဝန်ထမ်း များ၏ အပြာရောင် တူညီဝတ်စုံတိုင်းတွင် နံပါတ်စဉ် ၁၊ ၂၊ ၃၊ ၄ စသည်ဖြင့် ရေးထိုးထားသည်။ စားပွဲထိုး များက အစားအသောက်ချပေးခြင်းနှင့် စားပွဲဝိုင်း ဝန်ဆောင်မှုပေးရာတွင် လှုပ်ရှားမှု ခပ်သွက်သွက်ဖြင့် သွားလာနေကြ သည်ကိုလည်း တွေ့ရသည်။

ဆိုင်တွင်ရောင်းချသည့် ကော်ပြန့်စိမ်းအတွင်းမှ အစာမှာ ဂေါ်ဖီ၊ မုန်လာဥနီနှင့် အသားကို ရော ကြော်ထားပြီး ကော်ရည်အနည်းငယ် ရောထား သည်။ ရှမ်းပြည်နယ်ဘက်တွင် အများဆုံးတွေ့ရသည့် ကော်ပြန့်ဖက် အမျိုးအစားဖြင့် ထုပ်ထားရာ ကော် ရည်ပါသောအစာနှင့် ကော်ပြန့်ဖက်က ပနံရသည်။ အရသာက အသီး အရွက်အရသာ အပြည့်ဝင်ပြီး ကော်ရည်နှင့် ကော်ပြန့်ဖက်၏ နူးညံ့မှုက ကော်ပြန့် စိမ်းတစ်ခု၏ အရသာကို ပြည့်စုံသွားစေသည်။

 -
 
ယင်း ကော်ပြန့်စိမ်းနှင့် လက်ဖက်ခြောက် အကျရည်နှပ်၊ နို့အနည်းငယ်နှင့် သကြားအနည်းငယ် ရောဖျော်ထားသော မွှေးပျံ့သည့်  Black Tea က လိုက်ဖက်လှသည်။

Lucky Seven  ဆိုင်တွင် အာလူးပူရီ၊ ပဲဘဲဥ မုန့်၊ မုန့်ဟင်းခါး၊ Black Tea နှင့် ကော်ပြန့်စိမ်း စသည့် အစား အစာတချို့မှာ အများဆုံးရောင်းရသည့် အစားအစာ အမျိုးအစားများ ဖြစ်ကြသည်ဟုလည်း သိရသည်။

ယင်းဆိုင်တွင်  ဆေးလိပ်သောက်သုံးမည့်သူ များအတွက် မည်သည့် ဆေးလိပ်အမျိုးအစားမဆို တလိပ်ချင်း မရောင်းဘဲ ဘူးလိုက်ဝယ်ယူမှသာ ရောင်း ချပေးခြင်းကလည်း တခြားလက်ဖက်ရည်ဆိုင်များနှင့် မတူသည့် အချက်တချက် ဖြစ်နိုင်သည်။

  -
 
ဆိုင်တွင်းတွင် ဆေးလိပ်သောက်ခွင့်မပေးဘဲ၊ ဆေးလိပ်သောက်ရန် နေရာသီးသန့် ဖန်တီးပေးထား နိုင်လျှင်တော့ ပိုမိုပြည့်စုံသွားမည်ဟု မြင်မိသည်။ သို့သော် ရန်ကုန်၏ နေရာရှားပါးမှုကြောင့် တခြားသော လက်ဖက်ရည်ဆိုင်များကဲ့သို့ပင် ဆေးလိပ်သောက်ရန် နေရာသီးသန့် မဖန်တီးပေးနိုင်သေးသည်ကို တွေ့ရ သည်။

ထိုဆိုင်တွင် အစားအသောက် ချက်ပြုတ်ရာ၌ စားအုန်းဆီနှင့် အချိုမှုန့် အသုံးမပြုဘဲ နေကြာဆီ၊ ပဲဆီနှင့် တခြားအရသာ ပစ္စည်းများကိုသာ အသုံးပြု သည်ဟုလည်း ဆိုင်တွင်း၌ ဆိုင်းဘုတ်ဖြင့် ချိတ်ဆွဲ ကြေညာ ထားသည်ကို တွေ့ရသည်။

“ကျနော်တို့တတွေက စားသုံးသူတွေအတွက် အကောင်းဆုံးဝန်ဆောင်မှုပေးဖို့ အမြဲကြိုးစားတယ်။  သန့်ရှင်းသပ်ရပ်မှုကို အဓိကထားတယ်။ အားလုံးက တော့ ပုံမှန်လည်ပတ်မှုအတိုင်းပါပဲ” ဟု အဆိုပါဆိုင် မှ တာဝန်ခံတဦးဖြစ်သူ ကိုဗိုလ်ဗိုလ်နိုင်က ဧရာဝတီကို ပြောပြသည်။

သူတို့ဆိုင်၏ဝန်ထမ်းများ ပညာရေးပိုင်း အားနည်းမှုမဖြစ်စေရန်နှင့် ပျော်ရွှင်မှုရစေရန်အတွက် ဝန်ထမ်းများ အားလပ်သည့်အချိန်များတွင် ဆရာ၊ ဆရာမများခေါ်၍ စာသင်ကြားမှုနှင့် ဗဟုသုတပိုင်း မျှဝေပေးမှုများ  ပြုလုပ်ပေးလေ့ရှိသည်ဟုလည်း သူကဆိုသည်။

“သူတို့တတွေရဲ့ပညာရေးမှာလည်း အဆင် ပြေအောင်၊ ပျော်ရွှင်မှုကိုလည်းပေးနိုင်မယ့် ဆရာ ဆရာမတွေကို ခေါ်ပြီးတော့ စာသင်ပေးတာမျိုး လုပ်ပေးတယ်။ ကျနော်တို့ဆိုင်က ထွက်သွားသည့်တိုင်အောင် သူတို့တွေရဲ့ ဘဝရှေ့ရေး အဆင်ပြေစေချင် တယ်” ဟု ၎င်းက ဆက်ပြောသည်။

ဆိုင်ဖွင့်ချိန်သည် မနက် ၅ နာရီမှ ညနေ ၅ နာရီခွဲအထိဖြစ်ပြီး ညနေ ၅ နာရီခွဲ နောက်ပိုင်းနှင့် တနင်္ဂနွေနေ့ နေ့လယ် ၁၂ နာရီခွဲ နောက်ပိုင်းသည် ဆိုင်ဝန်ထမ်းများ၏ အားလပ်ချိန်ဖြစ်သည်ဟုလည်း သိရသည်။ ၄၉ လမ်း Lucky Seven လက်ဖက်ရည် ဆိုင်တဆိုင်တည်းကို နေ့စဉ်စားသုံးသူ ဧည့်သည် ၅၀ဝ ဝန်းကျင် လာရောက် စားသောက်တတ်သည်ဟု သိရသည်။

ရန်ကုန်တွင်  Lucky Seven လက်ဖက်ရည် ဆိုင်ခွဲ ၅ ခုရှိသည်။ ၄၉ လမ်း ဆိုင်ခွဲအပါအဝင် အလုံမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ မရမ်းကုန်း မြို့နယ်နှင့် ဦးချစ်မောင်အိမ်ရာ ဆိုင်ခွဲများ ဖွင့်လှစ်ထားသည်။

မေစစ်ပိုင်

















.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved