ဖွဲ့စည်းပုံပြင်ရန် အခက်ဆုံး အခန်း ၁၂ ပြင်ရေး NLD နဲ့ ၈၈ တို့ သဘောတူ

Sunday, February 16, 2014

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ နဲ့ ၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း) တို့ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးမှာ အဓိက အဟန့်အတားဖြစ်နေတဲ့ အခန်း ၁၂ ရဲ့ ပုဒ်မ ၄၃၆ ကို ပြုပြင်သွားရေးကို ဒီကနေ့ တွေ့ဆုံဆွေးနွေးမှုမှာ သဘောတူလိုက်ကြပါတယ်။ 


 ဖွဲ့စည်းပုံပြင်ဆင်ရေး NLD နဲ့ ၈၈ တို့ ဆွေးနွေးနေစဉ်၊ ဓာတ်ပုံ- အံ့ဘွယ်ကျော် ( ၈၈ မျိုးဆက်)

မကြာသေးမီက NLD နဲ့ ၈၈ မျိုးဆက်တို့ရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ငြိမ်းချမ်းစွာ ပူးတွဲ လုပ်ဆောင်သွားကြမယ်ဆို ပြီး ပူးတွဲကြေညာချက် ထုတ်ပြီးနောက်မှာ အခုလို ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ၈၈ မျိုးဆက် ဦးဆောင်သူ တွေက ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ် မှာ တွေ့ ဆုံ ဆွေးနွေးခဲ့ကြတာပါ။ 



ဒီမနက်က ဆွေးနွေးပွဲမှာတော့ NLD ပါတီဘက်က ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဗဟိုအလုပ်အမှုဆောင် တွေဖြစ်ကြတဲ့ ဦးဝင်းထိန်၊ ဦးဝင်းမြင့်၊ ဦးဥာဏ်ဝင်း၊ဦးဟန်သာမြင့်၊ ဒေါက်တာ ဒေါ်မေဝင်းမြင့်၊ 
ဒေါက်တာ ဇော်မြင့်မောင်၊ ဒေါက်တာအောင်မိုးညို၊ ဒေါ်ခင်ဋ္ဌေးကြွယ်၊ ဒေါ်နန်းခင်ထွေးမြင့်၊ ဦးထွန်းထွန်းဟိန်၊ ဦးညီပု၊ ဦးကျော်ခင်၊ ဦးအုန်းကြိုင်၊ ဒေါက်တာမျိုးအောင်၊ ကိုဖြိုးဇေယျာသော်တို့ တက်ရောက်ပါတယ်။ 

၈၈ မျိုးဆက် ( ငြိမ်း/ပွင့်) ဘက်က ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးပြုံးချို၊ ဦးဂျင်မီ၊ ဦးမြအေး၊ ဦးအံ့ဘွယ်ကျော်၊ ဦးမာကီ၊ ဦးထွန်းမြင့်အောင်၊ ဦးအောင်သူနှင့် ဒေါ်နီလာသိန်း တို့ ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြတာပါ။ 

အခု သဘောတူချက်နဲ့ပတ်သက်ပြီး ဒီကနေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ပူးတွဲ ကြေညာချက်ထုတ်ဖို့လည်း သဘောတူခဲ့ကြကြောင်းလည်း သိရပါတယ်။ 

  • တနင်္ဂနွေညနေပိုင်း နောက်ဆက်တွဲ ဖြည့်စွက်ချက် -

NLD နဲ့ ၈၈ မျိုးဆက်တို့ရဲ့ ပူးတွဲ ကြေညာချက်ကို အခုပဲ ထုတ်ပြန်လိုက်ပါတယ်။ 




အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် ၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း )တို့၏
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ပူးတွဲကြေညာချက်

ရက်စွဲ ။ ။ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆) ရက်၊
၁၃၇၅ ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၂) ရက်၊


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်စဉ်ကပင် ဖွဲ့စည်းပုံ အခြေခံဥပဒေပြုပြင်ပြောင်းလဲရေးကို အဖွဲ့ချုပ်၏ မူ(၃)ချက်ထဲမှ မူတစ်ခုအဖြစ် တရားဝင်ကြေညာ ခဲ့ပါသည်။ 
ယင်းသို့ ကြေညာခဲ့ခြင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်ထဲတွင်ပြုပြင်ပြောင်းလဲရေးအတွက် ရည်ရွယ်ပြီး ဒီမိုကရေစီ စံနှုန်းများဖြင့် ညီညွတ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းချောမွေ့ စွာ ပြုပြင်
ပြောင်း လဲနိုင်ရေးတို့ကို ဦးတည်ခြင်းဖြစ်ပါ သည်။

၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)သည်လည်း ရှစ်လေးလုံးငွေရတုညီလာခံတွင် တိုင်းရင်းသား အင်အားစုများ၊ နိုင်ငံရေးအင်အားစုများ အားလုံးနှင့် ပူးပေါင်း၍ချမှတ်ခဲ့သော အချက် (၃) ချက်၌ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသည် အရေးကြီးသော အချက်တစ်ချက်အဖြစ် ဆုံးဖြတ်ခဲ့ပြီး ဆက်လက်၍ အကောင်အထည်ဖော်ရေးအတွက် လည်း အစဉ်တစိုက် ကြိုးစားလျက်ရှိသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးသည် ယနေ့အခြေအနေတွင် နိုင်ငံတော်၏ အဓိက လိုအပ်ချက် ဖြစ်နေ ပါသည်။ 
သို့ပါ၍ စစ်မှန်သောဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်း လဲ ရာ၌ ခက်ခဲတင်းကျပ်နေသော အခန်း(၁၂)တွင်ပါရှိသည့် ပုဒ်မ(၄၃၆)ကို ပြုပြင်ပြောင်းလဲနိုင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) တို့သည် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာ လိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)





အိမ့်သံစဉ် ~ 



ဆက်စပ်










0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved