AGD ဘဏ်ရဲ့ ရှင်းလင်းပွဲမှာ Daily Eleven တက်ရှင်းမယ်

Tuesday, March 11, 2014

~


ပြီးခဲ့တဲ့  ဘဏ္ဍာနှစ်မှာ အခွန်မဆောင်တဲ့ ကုမ္ပဏီ တသောင်းကျော်ထဲ AGD ဘဏ်၊ ရိုးမဘဏ်တို့လည်း ပါဝင်တယ်လို့ Daily Eleven  သတင်းစာမှာ ဒီကနေ့ ရေးသား ဖော်ပြထားပါတယ်။


AGD
ဘဏ်က ဒီရေးသားချက်နဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ဒီညနေပိုင်းမှာ လုပ်မယ်လို့ ချက်ချင်း ပြောလိုက်ပါတယ်။

Daily Eleven  ကလည်း အဲဒီရှင်းလင်းပွဲကို တက်မယ်၊ "အယ်ဒီတာချုပ် ကိုဝေဖြိုးနှင့် သတင်းထောက်ချုပ် ကိုမာန်သူရှိန်တို့ တက်ရောက်၍ ရရှိထားသော သတင်းအချက်အလက်များနှင့်အညီ ပြန်လည်ရှင်းလင်းမည်" လို့ တုန့်ပြန်ကြောင်း facebook စာမျက်နှာမှာ ရေးပါတယ်။

မူရင်းသတင်းရေးသားချက်၊ ဘဏ်ရဲ့ သတင်းစာရှင်းလင်းပွဲတက်ရောက်ရေး ဖိတ်ခေါ်ချက်၊ ရှင်းလင်းပွဲကိုတက်မယ် ဆိုတဲ့
Daily Eleven  ရေးသားချက်တို့ကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။ 

သတင်းစာရှင်းလင်းပွဲပြီးရင်တော့ စိတ်ဝင်စားစရာကောင်းတဲ့ ဘဏ္ဍာရေး၊ စီးပွားရေးဆိုင်ရာ နောက်ဆက်တွဲသတင်းတွေ ထွက်လာမှာ အသေအချာပါပဲ။

အထက်ပါ AGDရဲ့ အဆောက်အအုံကတော့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မယ့် အဆောက်အအုံ ဖြစ်ပါတယ်။ ဆူးလေဘုရားနားမှာတည်ရှိပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


  • Daily Eleven ရဲ့ မူရင်းသတင်း

အခွန်မပေးဆောင်သော ကုမ္ပဏီတစ်သောင်းကျော်ရှိနေပြီး ဦးတေဇ၏ AGD ဘဏ်၊ Mr. Serge Pun ၏ ရိုးမဘဏ်အပါအ၀င် နိုင်ငံခြားဘဏ်ကိုယ်စားလှယ်ရုံးအချို့ ပါဝင်

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွက် အခွန်စည်းကြပ်မှု မပြုရသေးသော ကုမ္ပဏီ ၁၀၀၀၀ ကျော်ရှိနေပြီး AGD ဘဏ်၊ Yoma ဘဏ်အပါအ၀င် နိုင်ငံခြားဘဏ် ကိုယ်စားလှယ်ရုံးအချို့ ပါဝင်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန၏ ထုတ်ပြန်ထားမှုအရ သိရသည်။

အခွန်စည်းကြပ်မှု မပြုရသေးသော၊ အခွန်ရုံးသို့ ဆက်သွယ်ရန်နှင့် အခွန်ပေးဆောင်ရန် ပျက်ကွက်နေသော ကုမ္ပဏီများစာရင်းကို ကုမ္ပဏီများဆိုင်ရာ အခွန်ရုံး ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် အခွန်စည်းကြပ်မှု မပြုရသေးသော ကုမ္ပဏီပေါင်း ၁၀၀၀၀ ကျော်ရှိပြီး အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD)၊ Yoma ဘဏ်၊ Small & Medium Industrial Development Bank အပါအ၀င် နိုင်ငံခြားဘဏ် ကိုယ်စားလှယ်ရုံးများဖြစ်သည့် Hana Bank (Yangon, Kookmin Bank, The Korea Development) တို့ ပါဝင်ခဲ့ကြောင်း သိရသည်။

ကုမ္ပဏီများအဖြစ် မှတ်ပုံတင်ထားသော်လည်း ၂၀၁၂-၁၃ ဘဏ္ဍာနှစ်အတွက် အခွန်ပေးဆောင်ခြင်း မရှိသေးသည့် ကုမ္ပဏီများကို ဖော်ထုတ်အရေးယူရန်ရှိကြောင်း၊ သို့ဖြစ်၍ အဆိုပါ အခွန်ကိုပေးဆောင်ရန် ပျက်ကွက်နေသည့် ကုမ္ပဏီအသီးသီးသည် ၂၀၁၄ ခုနှစ် မတ် ၂၀ ရက် နောက်ဆုံးထားကာ ကုမ္ပဏီများဆိုင်ရာ အခွန်ရုံးသို့ လာရောက်ပြီး အခွန်ပေးဆောင်ခြင်း မပြုနိုင်သေးသည့် အကြောင်းအရာနှင့် အကြောင်းအရင်းများကို သတ်မှတ်ပုံစံများတွင် ဖြည့်သွင်းပေးအပ်ကြရန် အသိပေးထားကြောင်း သိရသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ထမ်းဆောင်ခဲ့သည့် လုပ်ငန်းရှင်များမှာ Myanmar Brewery Ltd.၊
Rothmans of Pall Mall Myanmar Pte.Ltd၊
Dagon Beverages Co.,Ltd၊
International Beverages Trading Co.,Ltd၊
Myanmar CP Livestock Co.,Ltd၊
City Mart Holding Co.,Ltd၊
Premier Coffee Co.,Ltd၊
Yathar Cho Industry Ltd၊
Max(Myanmar) Manufacturing Co.,Ltd၊
Straits Green Field Ltd.(Sedona Hotel-YGN) တို့ဖြစ်ကြောင်း သိရသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွက် ၀င်ငွေခွန်အများဆုံး ထမ်းဆောင်ခဲ့သည့် လုပ်ငန်းရှင်များမှာ
Kanbawza Bank Ltd.၊
Myanmar Brewery Ltd.၊
International Beverages Trading Co.,Ltd၊
Myanmar CP Livestock Co.,Ltd၊
Shwe Taung Development Co., Ltd တို့ဖြစ်ကြောင်း သိရသည်။

အခွန်ရှောင်လွှဲသည့် ကိစ္စရပ်များကို ၀င်ငွေခွန်ဥပဒေ၊ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေများအရ အရေးယူနိုင်ကြောင်းနှင့် အခွန်နှင့် ပတ်သက်သော အဂတိလိုက်စားမှုများကို ကာကွယ်နိုင်ရန် ၀င်ငွေခွန်ဥပဒေပုဒ်မ ၄၈ နှင့် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၂၃ တို့တွင် ပြဋ္ဌာန်းထားသည်။

အခွန်စည်းကြပ် ကောက်ခံရာတွင် ရသင့်ရထိုက်သော အခွန်ရရှိခြင်း ရှိ မရှိ စိစစ်ရန်၊ နိုင်ငံတော်အတွင်း ဆောင်ရွက်နေသည့် ၀န်ဆောင်မှု၊ ကုန်သွယ်မှုနှင့် ထုတ်လုပ်မှု လုပ်ငန်းများမှ အခွန်ကောက်ခံရရှိမှုကို စိစစ်ရန်၊ ရသင့်ရထိုက်သော အခွန်ရရှိရေး၊ နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီစေရေးအတွက် လက်ရှိအခွန်ကောက်ခံမှုနှင့် ပတ်သက်ပြီး လေ့လာသုံးသပ်မှုများကို ဆောင်ရွက်ရန် ပြည်ထောင်စု အစိုးရအဖွဲ့က အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ကို ၂၀၁၃ ခုနှစ် မေလအတွင်းက ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

  • AGD ဘဏ်ရဲ့ တုန့်ပြန်ချက်

သတင်းစာရှင်းလင်းပွဲဖိတ်ကြားခြင်း

Daily Eleven သတင်းစာပါ မှားယွင်းဖော်ပြထားသည့် ပူးတွဲပါ သတင်းအတွက် သတင်းမီဒီယာအားလုံးသို့ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်မှ သတင်းအချက်အလက်အမှန်များကို ပြန်လည်ဖြေရှင်းမည်ဖြစ်ပါသဖြင့် မီဒီယာအားလုံးမှ ကြွရောက်ပေးပါရန် ဖိတ်ကြားအပ်ပါသည်။

နေ့ရက် ။ ။ ၁၁-၃-၂၀၁၄ (အင်္ဂါနေ့)
အချိန် ။ ။ နေ့လည် ၃ နာရီ
နေရာ ။ ။ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်(ရုံးချုပ်)၊ ၁၁လွှာ၊အမှတ်၇၃/၇၅၊ ဆူးလေဘုရားလမ်း၊ ပန်းပဲတန်းမြို့နယ်၊ရန်ကုန်မြို့။

  • Daily Eleven ရဲ့ ပြန်လည် ဖြေရှင်းချက်

The Daily Eleven သတင်းစာပါ အခွန်မပေးဆောင်သော ကုမ္ပဏီ တစ်သောင်းကျော်စာရင်းတွင် AGD ဘဏ်ပါဝင်ကြောင်း ဖော်ပြမှုနှင့်ပတ်သက်၍ AGD ဘဏ်မှ ရှင်းလင်းပွဲကို ယနေ့မတ်လ ၁၁ ရက် မွန်းလွဲ ၃ နာရီတွင် အဆိုပါရုံးချုပ်၌ ပြုလုပ်မည်ဟုသိရသည်။

The Daily Eleven တွင် ဖော်ပြထားသော သတင်းမှန်ကန်ကြောင်း အပါအဝင် AGD ဘဏ်တည်ထောင်ထားသည့် ထူးကုမ္ပဏီနှင့် မိတ်ဖက် ဧရာရွှေဝါကုမ္ပဏီတို့၏ပိုင်ဆိုင်မှု၊ အခွန်ပေးဆောင်မှုစသည့်တို့နှင့် အခွန်သဘောသဘာဝ၊ အခွန်မည်ကဲ့သို့ ပေးဆောင်ရကြောင်းတို့ကို အချက်အလက် အထောက်အထားများနှင့်တကွ Eleven Media Group ၏ အယ်ဒီတာချုပ် ကိုဝေဖြိုးနှင့် သတင်းထောက်ချုပ် ကိုမာန်သူရှိန်တို့တက်ရောက်၍ ရရှိထားသော သတင်းအချက်အလက်များနှင့်အညီ ပြန်လည်ရှင်းလင်းမည်ဖြစ်ပါသည်။






.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved