သရုပ်ဆောင်တွေထဲမှာ သဘောကျတာ မသက်မွန်မြင့်

Wednesday, March 26, 2014

~

 



ညီမ ကျောင်းပြီးသွားပြီဆိုတော့ အခုလောလောဆယ် အနုပညာအလုပ်တွေလုပ်ဖို့ ဆုံးဖြတ်ထားပါတယ်။ အခု Talent  သင်တန်းနဲ့ သရုပ်ဆောင်သင်တန်းတွေ တက်နေပါတယ်။

သရုပ်ဆောင်တယောက်သာ မလုပ်ဖြစ်ဘူးဆိုရင်Business မှာ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့ဟာတွေ လုပ်ဖြစ်ဖို့ စိတ်ကူးထားပါတယ်။ 

ညီမရထားတဲ့ BBA ဘွဲ့နဲ့ပတ်သက်ပြီးတော့ မာစတာတန်းတွေကို အပြင် ကနေ ဝင်ခွင့်ဖြေပြီး MBA ဆက်တက်ဖို့ အစီအစဉ်ရှိပါတယ်။

စောပြည့်ဝင်း
အသက် ၂ဝ
စီးပွားရေးစီမံခန့်ခွဲမှု အထူးပြုကျောင်းသူ
ရန်ကုန်စီးပွားရေးတက္ကသိုလ်

ဖက်ရှင်ကတော့ ညီမက Free စတိုင် ဝတ်ရတာကြိုက်ပါတယ်။ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးနဲ့ ထသွား ထလာ ပုံစံမျိုးလေးတွေ ဝတ်ရတာလေးတွေကြိုက်တယ်။ 
မျက်စိထဲစိတ်ကူးထဲပေါ်တဲ့ ပုံစံလေးတွေ ဝတ်ဖြစ်ပါတယ်။ အထူးတလည်တော့ မရှိပါဘူး။

အားတဲ့အချိန်ဆို သီချင်းနားထောင်တယ်။ သီချင်းဆိုရင် များသောအားဖြင့် နားထောင်ဖြစ်တာက Pop ဂီတ အမျိုးအစား နားထောင်ဖြစ်တယ်။ ပြီးတော့ Hip Hop လည်း နားထောင်ဖြစ်တယ်။

အဆိုတော်တွေထဲမှာဆိုရင် စိုင်းစိုင်းခမ်းလှိုင်ကို သဘောအကျဆုံးပဲ။
ညီမက စိုင်းစိုင်းခရေဇီပါ။ 
သူ့သီချင်းဆို အကုန်ကြိုက်တယ်။
သူဆိုသမျှ အကုန်ကြိုက်တယ်။

တခြားအဆိုတော်တွေထဲမှာ နားထောင်ဖြစ်တာတွေကတော့ လူငယ်အဆိုတော်တွေဆိုတဲ့သီချင်းတွေ အကုန်နားထောင်ဖြစ်ပါတယ်။ အင်တာနေရှင်နယ် အဆိုတော်တွေထဲမှာ ကြိုက်တာတော့ Pink ပါ။
လတ်တလော Pink ရဲ့ “ Stay” ဆိုတဲ့သီချင်းကို ကြိုက်တယ်။
 -
 



(ဓာတ်ပုံများ - ဂျေပိုင် / ဧရာဝတီ)

ရုပ်ရှင်ကြည့်ရတာလည်း ဝါသနာပါပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေထဲမှာတော့ အဓိကကတော့ ဒရာမာကို ပိုကြိုက်တယ်။
 ဒါပေမယ့် လောလောဆယ်တော့ များသောအားဖြင့် ဖန်စီကားတွေ ထွက်နေတာဆိုတော့ ဖန်စီကားတွေကြည့်ဖြစ်ပါတယ်။

သရုပ်ဆောင်တွေထဲမှာ သဘောကျတာ မသက်မွန်မြင့်ပါ။

Facebook သုံးရင် ဘာတွေလုပ်ဖြစ်လဲဆိုတော့ Like Page တွေ အများကြီး ကြည့်ဖြစ်တယ်။ ကိုယ့်အတွက် အသုံးဝင်မယ့်ဟာလေးတွေပေါ့။
နောက်ပြီး ပေါ်ပြူလာဖြစ်နေတဲ့ဟာမျိုးတွေ သတင်းတွေဖတ်ဖြစ်တယ်။ ပြီးတော့ Facebook မှာ သူငယ်ချင်းတွေနဲ့ စကားပြောတယ်။
ဓာတ်ပုံအရိုက်ခံရတာ ဝါသနာပါတယ်၊ Facebook မှာလည်း တင်ဖြစ်ပါတယ်။

ဒီနှစ်ထဲမှာ ညီမအသွားချင်ဆုံးနေရာကို ပြောပါဆိုရင် မရောက်ဖြစ်သေးတဲ့နေရာ ပြင်ဦးလွင်ကိုသွားချင်တယ်။
ဘာဖြစ်လို့ အဲ့ဒီကိုသွားချင်လဲဆိုတော့ ပြင်ဦးလွင်မှာ အမျိုးသားကန်တော်ကြီး ဥယျာဉ်ပန်းခြံရှိတယ်လေ။
 အဲ့ဒီပန်းခြံမှာ အထူးသဖြင့် အလုပ်ချင်ဆုံးအရာက ဓာတ်ပုံရိုက်ချင်လို့ပါ။

ဒီနှစ် Valentine’s Day ကိုတော့ သူငယ်ချင်းတွေနဲ့ပဲ ပျော်ပျော်ပါးပါး ဖြတ်သန်းခဲ့တယ်။ သူငယ်ချင်းတွေစုပြီး ညီမကို Surprise gift တွေပေးတဲ့အတွက် အရမ်းပျော်ခဲ့ရပါတယ်။
 
-
သီဟတိုး
 
-  -
ခေတ်တိုင်းခေတ်တိုင်းမှာ လူငယ်ဆိုတာသူတို့ ဖြတ်သန်းရတဲ့ ခေတ်အခြေအနေ၊ ကြုံတွေ့ရတဲ့ စီးပွားရေး၊ နိုင်ငံရေး ဘယ်လိုပဲကွာခြားကွာခြား မျှော်လင့်ချက်တွေ၊ လန်းဆန်းတက်ကြွမှုတွေနဲ့ နောင်တချိန်မှာ လူကြီး ဖြစ်ဖို့ အားယူနေကြတဲ့သူတွေချည်းပါ။ လူငယ်တွေ လျှောက်တဲ့လမ်းမှာ ခေတ်ရေစီး အပြောင်းအလဲ အတက် အကျတွေ တပါတည်း ပါလာတတ်စမြဲဖြစ်ပါတယ်။ ဒါကြောင့် လူငယ်တွေပြောတဲ့ စကားတွေကနေတဆင့် ဒီနေ့ခေတ်ဘဝနေနည်း ပုံစံကွဲလွဲမှု၊ ခေတ်ရေစီး အပြောင်းအလဲ စတာတွေကိုလေ့လာပြီး သူတို့ရဲ့အသံတွေကို The Irrawaddy က အပတ်စဉ်ဖော်ပြသွားမှာ ဖြစ်ပါတယ်။



စောပြည့်ဝင်းရဲ့ ပြောဆိုချက်တွေကို The Irrawaddy ဂျာနယ်မှာ ဖော်ပြထားပြီးသားပါ။ ဂျာနယ်တွေကို http://burma.irrawaddy.org/journals မှာ PDF ဖိုင်အနေနဲ့ ရယူ ဖတ်ရှုနိုင်ပါတယ်။

 












.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved