~
ရန်ကုန်မြို့ကနေ ကချင်ပြည်နယ်မှာရှိတဲ့ မေခနဲ့ မလိခမြစ်ပေါင်းဆုံရာ ဧရာဝတီမြစ်ဆုံအထိ လမ်းလျှောက်ချီတက်သူတွေဟာ ပဲခူးတိုင်း၊ ပြည်မြို့ကို တနင်္ဂနွေ မနက်ပိုင်းမှာ ရောက်ရှိခဲ့ပါတယ်။
-
- (ဓာတ်ပုံများ - ကောင်းမြတ်မင်း / ဧရာဝတီ)
-
ရန်ကုန်မြို့ကနေ စတင်ထွက်ခွာလာခဲ့ပြီး တပတ်အကြာမှာ အခုလို ရောက်လာတာပါ။
ကချင်ပြည်နယ် မြစ်ဆုံဒေသအထိ အချိန်(၂)လကျော် လမ်းလျှောက်ရမှာဖြစ်တဲ့အတွက် သူတို့ရဲ့ ခရီးစဉ်က ၈ ပုံ ၁ ပုံ ပြီးဆုံးခဲ့ပြီလို့ ဆိုနိုင်ပါလိမ့်မယ်။
မိုင်ပေါင်းထောင်ချီတဲ့ခရီးကို လူပေါင်း(၇၀)ကျော်က လမ်းလျှောက်ပြီး သွားရတယ်ဆိုတဲ့အကြောင်း အဲဒီအဖွဲ့က ခေါင်းဆောင်ဖြစ်သူ ကိုရဲထွဋ်ခေါင်က ပြောပါတယ်။
"ဒါဟာအမျိုးသားရေးတာဝန်တရပ်ပါ။ မြစ်ဆုံမှာဆည်ဆောက်တယ်ဆိုတာ ကျနော်တို့ အမျိုးသားရေးကို တိုက်ရိုက်စော်ကားတာဖြစ်တယ်။
လုံးဝအပြီးအပိုင်းဖျက်သိမ်းဖို့အတွက် လမ်းလျှောက်ချီတက်ခဲ့တာပါ။
တမျိုးသားလုံးက ဒီစီမံကိန်းကြီးကို မလိုလားဘူးဆိုတာကို ပြသတဲ့အနေနဲ့ ဧရာဝတီမြစ်ရိုးတစ်လျှောက်မှာရှိတဲ့ မြို့ရွာတွေကိုဖြတ်သန်းလာတာ"
လမ်းတလျှောက်မှာ ရဟန်းရှင်လူပြည်သူလူထုတွေ ပူးပေါင်းပါဝင်ကြတော့ သူတို့ရဲ့မူလအင်အား ၇၀ ဟာ အခုတော့ ၁ဝဝ ဝန်းကျင် ဖြစ်လာပါပြီ တဲ့။
ရန်ကုန်-ပြည်လမ်းတလျှောက်မြို့ကြီးတွေမှာ ညအိပ်ရပ်နားခဲ့တယ်၊
ပြည်မြို့မှာ (၂) ည အိပ်မယ်လို့ ဆိုပါတယ်။
"ကျနော်တို့ဖြတ်သန်းရာမြို့နယ်တိုင်းရဲ့ အဝင်ဝကိုရောက်တိုင်း သက်ဆိုင်ရာ အဖွဲ့အစည်းတွေ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ မြို့မိမြို့ဘတွေက ဒေသန္တရအမိန့်ကို ဖတ်ပြတယ်။
ဒေသန္တရအမိန့် ဆိုတာ လူမျိုးရေးဘာသာရေး ပဋိပက္ခဖြစ်အောင် မလုပ်ပါဘူး ဆိုတာကို လက်မှတ်ထိုးပြီး ဖြတ်သန်းခိုင်းပါတယ်။
ကျနော်တို့ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်တော့ မတင်ထားပါဘူး။
သမ္မတနဲ့ သက်ဆိုင်ရာ ရဲမင်းကြီးတွေကို ကြိုတင်အကြောင်းကြားထားပြီးသားပါ။ ဒေသအာဏာပိုင်တွေကလည်း ဖြတ်သန်းခွင့်ပြုပါတယ်"
-
-
ပြည်မြို့ရောက်တော့ သူတို့က လူစည်းကားရာနေရာတွေမှာ မြစ်ဆုံ စီမံကိန်း ရပ်ဆိုင်းရေး ကြွေးကြော်သံများ အော်ဟစ်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။
ဒီကနေ့မှာတော့ ပြည်မြို့ ဧရာဝတီမြစ်ရဲ့ သဲသောင်ပြင်မှာ ဧရာဝတီမြစ်နဲ့သက်ဆိုင်တဲ့ ကဗျာရွတ်ပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဲဒီ ကဗျာရွတ်ပွဲမှာ ရန်ကုန်ကနေမြစ်ဆုံအထိ လမ်းလျှောက်မယ့် ကိုမိုးသူက
"ကျေးဇူးရှိလို့ ကျေးဇူးဆပ်ချင်ရင် တခြားနည်းနဲ့ဆက်ပါ။
ကျနော်တို့မိခင်ကိုတော့ ထိုးမဆပ်ပါနဲ့" လို့ ဆိုပါတယ်။
စတင်လမ်းလျှောက်ချီတတ်ရာမှာ ပါဝင်ခဲ့သူတွေထဲက တဦးမှလက်လျှော့ပြီး နှုတ်ထွက်သွားသူ မရှိသေးကြောင်း၊
သာမာန်ပြည်သူများ အများဆုံးပါဝင်ခဲ့ပြီး နိုင်ငံရေးနယ်ပယ်မှ ပါဝင်သူနည်းတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ အင်အားစုကော်မတီမှ ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုရဲထွဋ်ခေါင်က ပြောပါတယ်။
" ဒီမြစ်ဆုံမှာ ဆောက်မယ့် ဆည်စီမံကိန်းကို အကောင်အထည်ဖေါ်နေတဲ့ CPI ကုမ္မဏီဟာ မြန်မာမြေပေါ်က ထွက်ခွာသွားရတော့မှာပါ။
အဲဒီလိုမဖြစ်မချင်း ကျနော်တို့တောင်းဆို လုပ်ဆောင်သွားမှာပါ" လို့ ကိုရဲထွဋ်ခေါင်က ပြောပါတယ်။
မနက်ဖြန် ဧပြီလ (၁)ရက်နေ့မှာတော့ မိုင်ပေါင်း ရာထောင်နဲ့ချီတဲ့ ခရီးစဉ်ကို ပြည်မြို့ကနေ ပြန်လည်စတင်တော့မှာပါ။
လမ်းလျှောက်သူတွေထဲမှာ ခြေထောက်မသန်စွမ်းသူတဦးပါဝင်ပြီး သံဃာတော် (၂)ပါးလည်း ပါဝင်နေတာကို တွေ့ရပါတယ်။
ကောင်းမြတ်မင်း
.

0 comments :
Post a Comment