ဂူဂဲလ်မျက်မှန်ကို ဆိုင်ထဲမှာ တပ်ခွင့်ပြုရေး မပြုရေး

Wednesday, March 12, 2014

~



နည်းပညာမြို့တော် ဆန်ဖရန်စစ္စကိုမှာ အရက်ဆိုင်တဆိုင်က ဂူဂဲလ်မျက်မှန်တပ်ဆင်မှု ပိတ်ပင်ထားတယ် တဲ့။
အမေရိကန်ရဲ့ လူကြိုက်အများဆုံးသတင်းစာတစောင်ဖြစ်တဲ့ USA TODAY အွန်လိုင်း www.usatoday.com မှာ ရေးထားတာပါ။
 -  

 photo - http://www.thedrum.com
 -
ဂူဂဲလ်မျက်မှန်မှာ ကင်မရာပါဝင်ပြီး အင်တာနက်နဲ့လည်း ချိတ်ဆက်ထားပါတယ်။
အဲဒီမျက်မှန်တပ်ထားရင် ဘာကိုမှ ကိုင်စရာ မလို၊ ဘာခလုတ်မှ နှိပ်စရာမလိုဘဲ ဓာတ်ပုံရိုက်နိုင် ဗီဒီယိုရိုက်နိုင်တာပါ။
ရိုက်မယ်ဆိုရင်   အမိန့်ပေးပြောဆိုလိုက်ရုံပါပဲ။ အင်တာနက်အသုံးပြုခြင်းကလည်း အမိန့်ပေးလိုက်ရုံပါပဲ။

ဒီလို လောကဓာတ်ပစ္စည်းစုံပါဝင်တဲ့မျက်မှန်ကို ဆိုင်ထဲမှာ တပ်မထားဖို့၊ ဆိုင်ထဲဝင်တာနဲ့ ချွတ်လိုက်ဖို့ ပိတ်ပင်တဲ့ စားသောက်ဆိုင်တွေက တိုးလာဖွယ် ရှိနေပါပြီ။

ဆန်ဖရန်စစ္စကိုက  အရက်ဆိုင်တခုဖြစ်တဲ့ The Willows ဆိုတဲ့ ဆိုင်ကတော့ သူတို့ဆိုင်ထဲ အဲဒါကြီး ဝတ်မထားဖို့ တားမြစ်ထားတာပါ။

"Kindly Remove Before Entering"
"Our patrons have expressed concern with being recorded while enjoying themselves at the Willows"

ဆိုင်မှာ လာရောက် စားသောက်သူတွေက သူတို့ ဆိုင်ထဲမှာ အပမ်းဖြေ စားသောက်နေတုန်း ရုပ်သံ ဓာတ်ပုံနဲ့ မှတ်တမ်းတင်ခံရမှာကို စိုးရိမ်တယ် ဆိုတဲ့သဘော ရေးထားပါတယ်။

သတင်းမှာ ဂူဂဲလ်ရဲ့ စည်းကမ်းချက်ကိုလည်း တွေ့ရမှာပါ။ ဒီမျက်မှန်အကြောင်း ဆောင်ရန်ရှောင်ရန် သတိပေးချက်ထဲမှာ
ဖုန်းကင်မရာခွင့်မပြုတဲ့နေရာမှာ ဒီမျက်မှန်ကိုလည်း သုံးခွင့်ပြုမယ်မဟုတ်ဘူးဆိုတာ သတိပြုရမယ်၊ ဖုန်းပိတ်ဖို့ တောင်းဆိုလာရင် မျက်မှန်ကိုလည်း ပိတ်ရပါမယ် တဲ့။

ဒီမျက်မှန်မှာ ကင်မရာ ပါသော်ငြားလည်း ရိုက်မယ် ဆိုရင် ရိုက်လိုတဲ့နေရာကို မျက်မှန်တပ်သူက ကြည့်ရ မျက်နှာမူရမှာပါ။

တချို့ကလည်း ဒီလို ပိတ်ပင်တာကို မနှစ်မြို့ကြပါ။ အိမ်သာထဲသွားလည်း လူတွေက ဖုန်းယူသွားကြတာပဲ၊ ဖုန်းဆိုတာ လက်ထဲ အမြဲထည့်ထားကြတာ မဟုတ်ဘူးလား၊
ဂူဂဲလ်မျက်မှန်ကိုမှ ဘာကြောင့် ပိတ်ရတာလဲ၊ ဓာတ်ပုံရိုက်မယ် ဆိုရင် ခင်ဗျားနားမှာ ရပ်ရမယ်၊ ခင်ဗျားကို ကြည့်ရမယ်၊ မျက်မှန်ကို အမိန့်ပေးရမယ် ... စသဖြင့် စောဒက တက်သူလည်း ရှိကြောင်း အဲဒီသတင်းစာမှာ ရေးပါတယ်။
အဲသလို စောဒက တက်သူက စာရေးဆရာ ဘလော်ဂါ Robert Scoble ဖြစ်ပါတယ်။
အရက်ဆိုင်တွေမှာ စမတ်ဖုန်းသုံးပြီး ဓာတ်ပုံရိုက်နေကြတာပဲလို့ သူက ဆက်ပြောပါတယ်။

ဂူဂဲလ်မျက်မှန်ကို အဲသလို စားသောက်ဆိုင်တွေမှာ ပိတ်ပင်ထားတာနဲ့ ပတ်သက်ပြီး မြန်မာပြည်မှာရော ဘယ်လို သဘောရကြပါသလဲ။

ရိုးရာလေး ဝက်ဆိုက် www.yoyarlay.com ရဲ့ အယ်ဒီတာ အောင်ခမ်းကတော့ တဦးတယောက်ချင်းစီရဲ့ လွတ်လပ်ခွင့် ဆုံးရှုံးနိုင်တယ်လို့ ဧရာဝတီကို ရှင်းပြပါတယ်။

"နည်းပညာ တိုးတက်လာတာ ကြိုက်ပေမယ့် ကျနော်ကတော့ တကိုယ်ရေ လွတ်လပ်ခွင့်တွေ လျော့ကျလာတာကို သဘောမကျဘူး။
အထူးသဖြင့် Google Glass လို မျက်မှန်မျိုးက တဦးတယောက်ချင်းစီရဲ့ လွတ်လပ်ခွင့်၊ လုံခြုံခွင့်တွေကို အလွယ်တကူ ချိုးဖောက်လို့ ရပါတယ်။
 ဥပမာ အရက်ဘားတွေ၊ ကလပ်တွေတင် မကဘဲ ဓာတ်ပုံ မရိုက်ရ သတ်မှတ်ထားတဲ့ နယ်မြေတွေမှာ အဲ့မျက်မှန်ကြီး တကားကားနဲ့ ရိုက်သွားတဲ့ ဘယ်လို လုပ်မလဲ။
ဒီတော့ အရိုက်ခံရတဲ့ ကာယကံရှင်ရဲ့ အချက်အလက် အားလုံးက နည်းအမျိုးမျိုးနဲ့ ပြန့်နှံ့သွားနိုင်တယ်"


ဂူဂဲလ်မျက်မှန်မှာ ဂူဂဲလ်မြေပုံပါတဲ့အတွက် ကားမောင်းရင်း မြေပုံကြည့်သူလည်း ရှိနိုင်ပါတယ်။ တခြားသော စာမျက်နှာပေါင်းစုံကို ကြည့်သူလည်း ရှိနိုင်ပါတယ်။ ဒါဟာ ယာဉ်မောင်းသူ၊ ယာဉ်ပေါ်မှာ လိုက်ပါစီးနင်းတဲ့ခရီးသည်တို့အတွက် အင်မတန် အန္တရာယ်ကြီးတယ်လို့လည်း သူက ထောက်ပြပါတယ်။

"ကားမောင်းတဲ့ အခါမှာ Google Glass က ထောက်ပံ့ပေးတယ် အကူအညီ ပေးတယ်လို့ ပြောတယ်။
သို့ပေမယ့် ကား ဒရိုင်ဘာ တယောက်အနေနဲ့ ကားအတွက် မြေပုံ မဟုတ်ဘဲ SMS တွေ ပို့နေမယ်၊ Social Media သုံးနေမယ် ဆိုရင် ဘယ်လို လုပ်မလဲ။
 ဒီတော့ (လိုအပ်ချက်အရ နေရာတချို့မှာ) မသုံးရ သတ်မှတ်ကြတာကို  လက်ခံပါတယ်"


နည်းပညာ ဆိုတာက လူကို အထောက်အကူပြုဖို့ ထွင်ထားကြတာပါ။
လူကို အထောက်အကူပေးသလို အနှောက်အယှက်လည်း ပေးနိုင်ကြောင်း ဒီသတင်းက သက်သေပြနေပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။


ဆက်စပ်ဖတ်စရာများ
ဂူဂဲလ်မျက်မှန် မြန်မာပြည်အလည်လာခြင်း

အိုင်တီတခေတ်ဆန်းမယ့် Google မျက်မှန် - ဇာနည်မာန်


၂၀၁၂ နည်းပညာ နယ်ပယ်ထဲက နာမည်ကျော် ၁၀ ခု - ဆောင်းဦးလင်း



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved