ကန်ကြီးထောင့်မှာ ပထမဆုံးအကြိမ် ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန္ဒဖော်ထုတ်

Friday, March 7, 2014

ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့က ဒေသခံ ၂၀၀ ကျော်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်
ရေး အတွက် ကြာသပတေးနေ့ မနက်ပိုင်းမှာ ဆန္ဒပြခဲ့ကြပါတယ်။ 

 ကန်ကြီးထောင့်မှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန္ဒဖော်ထုတ်နေကြစဉ်၊ ဓာတ်ပုံ- ဆလိုင်းသန့်စင်/ဧရာဝတီ

ကန်ကြီးထောင့်မြို့မှာ ပထမဆုံးအကြိမ် တရားဝင်ဆန္ဒပြခြင်းဖြစ်တဲ့ ဒီဆန္ဒပြပွဲကို နိုင်ငံရေးတက်ကြွ လှုပ် ရှား သူ ဦးတင်ဦးနဲ့ ကိုစည်သူအောင်တို့ ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ 



ဆန္ဒပြသူတွေဟာ “ဒီမိုကရေစီစံနှုန်းများနှင့်မကိုက်ညီသော ပုဒ်မများ ပယ်ဖျက်ပေး”၊ “ပုဒ်မ ၄၃၆ ပြင် ဆင်ပေး”၊ “ပုဒ်မ ၅၉ (ဃ) ပြင်ဆင်ပေး”၊ “ပုဒ်မ ၅၉ (စ) အလိုမရှိ” စတဲ့ တောင်းဆိုချက် ပိုစတာတွေ၊ ဗီနိုင်းတွေကိုင်ဆောင်ကြွေးကြော်ပြီး ကန်ကြီးထောင့်မြို့အ၀င်လမ်းမှာ ၂ နာရီကြာအောင် စီတန်း လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။ 



“ပုဒ်မ ၄၃၆၊ ပုဒ်မ ၅၉ (ဃ) နဲ့ (စ) တွေဟာ အရပ်သားအစိုးရပေါ်ထွန်းရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲ
ရေး မှာ အဟန့်အတားဖြစ်နေပါတယ်။ ဒါကြောင့် ဒီပုဒ်မတွေကို ပြင်ဆင်ပေးစေ လိုတဲ့အတွက် ဆန္ဒပြ ရခြင်း ဖြစ်ပါတယ်”လို့ ဆန္ဒပြပွဲဦးဆောင်သူ ကိုစည်သူအောင်က ဧရာဝတီကို ပြောပါတယ်။ 



ပုဒ်မ ၄၃၆ က ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂) ဖွဲ့စည်းပုံပြင်ဆင်ခြင်းထဲက ပုဒ်မ ၁ ခုဖြစ်ပြီး အပိုဒ်ခွဲ (က) နဲ့ (ခ) ဆိုပြီး ပါရှိပါတယ်။ အဓိကကတော့ ဖွဲ့စည်းပုံပြင်ဆင်ရာမှာ ပုဒ်မ ၄၃၆ (က) မှာပါတဲ့ အရေးကြီး ပုဒ်မတွေကို ပြင်ဆင်ချင်ရင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ဖို့ သဘောတူထောက်ခံရမှာ ဖြစ်ပြီး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရပါမယ်။ 

အဲဒီဆန္ဒခံယူပွဲမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ ထက်ဝက်ကျော်ဆန္ဒပြုမှ ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။ ပုဒ်မ ၄၃၆ (ခ) ကတော့ အပိုဒ်ခွဲ (က) မှာပါတဲ့ပုဒ်မတွေကလွဲလို့ ကျန်တာတွေပြင်ချင်ရင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော်ထောက်ခံမဲနဲ့ပဲ ပြင်ဆင်လို့ ရမှာဖြစ်ပါတယ်။  
ပြည်ထောင်စုလွှတ်တော်မှာက တပ်မတော်သားကိုယ်စားလှယ်က ၂၅ ရာခိုင်နှုန်းပါနေပြီး ကြံ့ခိုင်ရေး ပါတီက ၆၀ ရာခိုင်နှုန်းကျော်ရှိနေတော့ သူတို့တွေသတောတူမှ ဖွဲ့စည်းပုံပြင်လို့ရမယ့် အခြေအနေပါ။ ပုဒ်မ ၅၉ (ဃ) နဲ့ ၅၉ (စ) တွေကတော့ ကိုယ်တင်ချင်တဲ့ခေါင်းဆောင်ကို တင်မြှောက်ခွင့်မရအောင် ကန့်သတ် ထားတဲ့အတွက် ပြင်ဆင်ပေးဖို့ဆန္ဒပြတာလို့ ဆန္ဒပြခေါင်းဆောင် ဦးတင်ဦးက ပြောပါတယ်။ 

“ဒီပုဒ်မတွေ ပြင်ပေးဖို့ ပြောနေတာက ဒေါ်အောင်ဆန်းစုကြည်တယောက်အတွက် ရည်ရွယ်တာ မဟုတ်ပါ ဘူး။ သမ္မတဆိုတာ တတိုင်းပြည်လုံးနဲ့ဆိုင်ပါတယ်။ လူတဦးတယောက်ဟာ တိုင်းပြည်ကို တကယ်လည်း ဦးဆောင်နိုင်တယ်၊ နိုင်ငံသားလည်းဖြစ်ပါလျှက်နဲ့ မိဘ၊ ဇနီး၊ ခင်ပွန်း၊ သားသမီးနဲ့ ချွေးမ၊ သားမက်တွေ ထဲက တဦးဦး နိုင်ငံသားမဟုတ်တာနဲ့ သမ္မတဖြစ်ခွင့်မရှိတာက သဘာဝ မကျပါဘူး”လို့ သူက ပြောပါတယ်။ 

အမေရိကန်သမ္မတ ဘားရက်အိုဘားမားရဲ့ဖခင်ဆိုရင်လည်း ကင်ညာနိုင်ငံသားဖြစ်ပြီး အိန္ဒိယ ၀န်ကြီးချုပ် ရာဂျစ်ဂန္ဒီရဲ့ဇနီး ဆိုနီယာဂန္ဒီဆိုရင်လည်း အီတလီသူဖြစ်ကြောင်း၊ မိဘခင်ပွန်း နိုင်ငံခြားသားဖြစ်တာ အရေး မကြီးဘဲ တိုင်းပြည်ကို ဘက်စုံဖွံဖြိုးတိုးတက်အောင် ဦးဆောင်နိုင်သူ ဖြစ်ဖို့သာအရေးကြီးတယ်လို့ သူက ထောက်ပြပါတယ်။ 

“ပုဒ်မ ၅၉ (ဃ) မှာပါတဲ့ သမ္မတက စစ်ရေးအမြင်ရှိရမယ်ဆိုတာကလည်း သမ္မတက စစ်တိုက်ရမယ့်သူ မဟုတ်ဘူး။ စစ်ရေးအမြင် ရှိစရာမလိုဘူး။ စစ်ရေးအမြင်ရှိသူကို ကာကွယ်ရေးဝန်ကြီးခန့်ဖို့ပဲ လိုအပ်တာပါ။ သမ္မတက တိုင်းပြည်နဲ့ လူမျိုး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရမှာပါ”လို့ ဦးတင်ဦးက ပြောပါ တယ်။ 

၂၀၁၅ မတိုင်မီ ဖွဲ့စည်းပုံပြင်မပေးခဲ့ရင် ဒီထက်များတဲ့လူအင်အားနဲ့ ဆန္ဒဖော်ထုတ်သွားဦးမယ်လို့ ဆန္ဒပြ
ခေါင်းဆောင်တွေက ပြောပါတယ်။ 

ကန်ကြီးထောင့်ဆန္ဒပြပွဲကို မနက် ၉ နာရီခွဲကနေ စတင်ကျင်းပခဲ့ရာမှာ နေ့လည် ၁၁ နာရီအချိန်မှာ ပြီးဆုံးခဲ့ပါတယ်။ 



ဆလိုင်းသန့်စင် ~












0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved