ဇင်းမယ်မှာ ပိတောက်တွေပွင့်ပြီ

Monday, March 31, 2014

လွန်ခဲ့တဲ့ ရက်ပိုင်းက မိုးဖွဲလေးနည်းနည်း ကျလိုက်လို့ အခုဆိုရင် ဇင်မယ် ကျုံးနဘေးက ပိတောက်ပင်တွေ နဲ့ ငုဝါတွေကတော့ အတာသင်္ကြန်ကျဖို့ နှစ်ပတ်အလိုမှာ ပွင့်လန်းနေကြပါပြီ။ 


ဓာတ်ပုံ- ကျော်ခ/ ဧရာဝတီ 

ပိတောက်နဲ့ ငုဝါတွေ စ ပွင့်နေပြီဖြစ်တဲ့ ကျုံးပတ်လမ်းဘေးက ဖြတ်သွားရင် သင်္ကြန်အငွေ့ အသက်တွေပါ တဲ့ လေနုအေး လေးတွေ ရဲ့ နှုတ်ဆက်မှုကိုတောင်ရနေပါပြီ။ 


တနှစ်တခါ သိကြားမင်းကို ကြိုတဲ့ ပန်းအိုးထဲမှာ အသုံးတော်ခံဖြစ်တဲ့ ပျဉ်းမပန်းတွေကလည်း ပိတောက်၊ ငုဝါတွေ​ ​နဲ့ အတူ ပွင့်လို့ပါ။ ဇင်းမယ်မြို့ဟာ ထိုင်းနိုင်ငံရဲ့ သင်္ကြန်ရက်တွေမှာ ရေကစားသူတွေ အစည် ကားဆုံးလို့ ပြောလို့ရတဲ့ မြို့တွေအထဲမှာ ထိပ်ဆုံးမှာ ရှိပါတယ်။ 

သင်္ကြန်ရက် ရေကစားရာမှာ အစီကားဆုံးနေရာကတော့ ဇင်းမယ် ကျုံးရိုးတစ်လျှောက်ဖြစ်ပါတယ်။ 

ကျုံးထဲကရေတွေကိုခပ်ပြီး ကျုံးပတ်လမ်းတလျှောက်လာတဲ့ ရေကစားသူတွေကို ပတ်ဖျန်းကြတာဖြစ်ပါ တယ်။ 

ဒါကြောင့် သင်္ကြန်လည်ပတ်သူတွေ ရေကစားရာ စုရပ်ဖြစ်တဲ့ ကျုံးပတ်ပတ်လည်မှာတော့ ပြင်ဆင်မှုတွေ စတင်လုပ်တောင် နေတာကိုလည်း တွေ့မြင်ရပါတယ်။ 

အခုဆိုရင် ဇင်းမယ်မြို့တော် တာဝန်ရှိသူတွေက သင်္ကြန်ကာလ ရေကစားသူတွေအဆင်ပြေဖို့အတွက် ကျုံးထဲကရေတွေကို ပိုးသတ်တာတွေ၊ အမှိုက်တွေနဲ့ ကျုံးပေါင်သန့်ရှင်းရေးတွေလည်းလုပ်နေပါပြီ။ 

ဇင်းမယ်မှာတော့ မြန်မာနိုင်ငံသားတွေလည်း သိန်းဂဏန်းအထိ ရှိတာမို့ သင်္ကြန်ရက်မှာတော့ ဒီကျုံး ပတ်လည်မှာ သူတို့လည်း လာပြီး ရေကစားကြမှာဖြစ်ပါတယ်။ 

မြို့အာဏာပိုင်တွေကတော့ ဇင်းမယ် သင်္ကြန်မှာ မူးယစ်သောက်စားမှုတွေ လျှော့ကျအောင် ထိန်းသိမ်းပေး တာတွေရှိသလို နေပူပူမှာ ရေ ကစားရင်း ဒါမှမဟုတ် ထိခိုက်မှုတခုခုဖြစ်ခဲ့ရင်ကူညီနိုင်ဖို့အတွက် ကျုံး တစ်ဖက်စီမှာ ဆေးဝါးကူညီရေး စခန်းတွေလည်း အခမဲ့ စီစဉ်ပေးထားပါတယ်။ 

ဇင်းမယ်သင်္ကြန်ဟာ နှစ်တိုင်းစီကားသလို ဒီနှစ်သင်္ကြန်ဟာလည်း ထိုင်းနိုင်ငံရေး ဆန္ဒပြမှုလှုပ်ရှားမှုတွေ မကြာခနရှိနေတဲ့ ဘန်ကောက်မြို့ကလူတွေလည်း ဇင်းမယ်ကို ဆင်းလာပြီး ရေကစားနိုင်တာကြောင့် ဒီနှစ်ဇင်းမယ် သင်္ကြန်က ပိုပြီးစီကား လိမ့်မယ်လို့ မြို့ခံတွေက ထင်ကြေးပေးနေကြပါတယ်။ 

ဘယ်လိုပဲဖြစ်ဖြစ် ဇင်းမယ် ကျုံးနဘေးက ပိတောက်နဲ့ ငုဝါပင်တွေကတော့ အဝါရောင် အပွင့်အခက် 
တွေနဲ့အတူ အတာသင်္ကြန်ကို ကြိုလို့နေပါပြီ ...။ 









ကျော်ခ ~ 










0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved