ပြည်ခရိုင်မြို့တိုင်းမှာ အခြေခံဥပဒေပြင်ရေး ဆန္ဒပြမယ်

Tuesday, March 25, 2014

~


၂ဝဝ၈ အခြေခံဥပဒေ ပြင်ဆင်ရေးဆန္ဒဖော်ထုတ်တာကို ပြည်ခရိုင်ထဲက မြို့နယ်အားလုံးမှာ  ပြုလုပ်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ပြောပါတယ်။
 
-
 

 -
ဆန္ဒပြဖို့ကျန်တာ  ၂ မြို့နယ် ရှိသေးတယ်လို့  ပြည်ခရိုင် NLD အတွင်းရေးမှူး ဦးမြင့်သန်းထွန်းက ပြောပါတယ်။

“သဲကုန်းမြို့နယ်မှာတော့ ဧပြီလ(၄)ရက်နေ့ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။ ပေါက်ခေါင်းမြို့နယ်မှာတော့ ဘယ်အချိန်လုပ်မယ် အတိအကျ မသိရသေးပါဘူး။”

ဒီကနေ့ အလှည့်ကျတာကတော့ ပေါင်းတည်မြို့ပါပဲ။

ရာနဲ့ချီတဲ့ဒေသခံတွေ ပါဝင်တဲ့ ဆန္ဒပြပွဲကို ပေါင်းတည်မြို့နယ် NLD အဖွဲ့ခွဲက ဦးဆောင်ပြုလုပ်ခဲ့တာပါ။

ပေါင်းတည်မြို့နယ် NLD ဥက္ကဋ္ဌ ဦးဇော်ဝင်းက
“၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဒီမိုကရေစီစနစ်နဲ့ ဆန့်ကျင်နေပါတယ်။ ဒါကြောင့် ဒီမိုကရေစီနိုင်ငံကိုသွားမယ်ဆိုရင် ဒီဥပဒေကို ပြင်ဖို့ သေချာပေါက် လိုအပ်ပါတယ်” လို့ ပြောပါတယ်။

သမ္မတဖြစ်ခွင့်ကို ကန့်သတ်ထားတဲ့ ပုဒ်မ ၅၉ (စ) နှင့် ပုဒ်မ ၅၉ (ဃ) နဲ့ပတ်သတ်ပြီး အခုလို သူက ဆက်ပြောပါတယ်။

“၅၉ (စ) ဟာ သမ္မတဖြစ်ခွင့်အတွက် လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးကို ကန့်သတ်ထားတယ်လို့ မှတ်ယူပါတယ်။
 ပြီးရင် ၅ (ဃ)အရ စစ်ရေးအမြင်ရှိရမယ် ဆိုတဲ့အချက်တွေပေါ့။ သာမန်အရပ်သား သမ္မတဖြစ်ခွင့် မရှိတော့ဘူး ဆိုတဲ့ သဘောပဲ”

 ဒီကနေ့ မြို့အတွင်း လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြတဲ့ထဲမှာ    NLD အပါအ၀င်   လူ့ဘောင်သစ်လူငယ်၊ ပြည်သူ့အကျိုးဆောင်ကွန်ရက်၊  တောင်သူလယ်သမားများသမဂ္ဂ၊ ၈၈ မျိုးဆက် ကျောင်းသားဟောင်းများအဖွဲ့ စတဲ့နိုင်ငံရေးအင်အားစုတွေ၊ လူမှုအသင်းအဖွဲ့တွေလည်း ပါဝင်ပါတယ်။

 ၂ဝဝ၈ အခြေခံဥပဒေကို စစ်ဗိုလ်ချုပ်ကြီးတို့က စိတ်တိုင်းကျ ရေးဆွဲခဲ့တာဖြစ်တယ်၊  ပြင်ဆင်ဖို့အင်မတန်ခက်ခဲအောင် ဖန်တီးထားတဲ့ အခြေခံဥပဒေဖြစ်တယ် လို့ အများအပြားက သုံးသပ်ကြပါတယ်။
၂ဝဝ၈ ခုနှစ်မှာတော့ အဲဒီအခြေခံဥပဒေကို ပြည်သူတွေ အကြီးအကျယ်ထောက်ခံတယ် ဆိုတဲ့သဘော ဖြစ်အောင် အကွက်ရိုက် စီစဉ်ခဲ့တာလို့ အတိုက်အခံတို့က ဆိုကြပါတယ်။

အဲဒီတုန်းကတော့ အခြေခံဥပဒေကို ဆန့်ကျင်ရေးကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့ အခြေအနေ မပေးခဲ့ပါဘူး။
၂၀၁၀ ရွေးကောက်ပွဲအပြီး ဗိုလ်ချုပ်ကြီးတွေ အ၀တ်အစားလဲ၊ အစိုးရအဖွဲ့ပုံစံပြောင်းပြီးနောက်ပိုင်းမှာတော့ ဒါကြီးကို ပြင်ဆင်ရေး ဆိုတဲ့အသံ တဖြည်းဖြည်း ကျယ်လောင်လာပါပြီ။

NLD ရဲ့ ပြောဆိုချက်အရ ဆိုရင် ပြည်ခရိုင်ထဲက မြို့နယ်တိုင်းမှာ  အခြေခံဥပဒေပြင်ရေး ဆန္ဒပြတာတွေ လုပ်ကြမယ်လို့ ဆိုပါတယ်။

သတင်းနှင့် ဓာတ်ပုံများ - ကောင်းမြတ်မင်း / ဧရာဝတီ









.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved