အခုတော့ သူ့ ကို ဂုဏ်ပြု မှတ်တမ်းတင်ကြပြီ

Thursday, March 13, 2014

သူပေါ့။ 

ရှစ်လေးလုံး ဆိုတာကြီးဖြစ်လာအောင် မိုးလုံးပြည့် မုသား မီဒီယာလက်နက်နဲ့ မီးထိုးပေးတယ်ဆိုပြီး စွပ်စွဲခံရ ကာ ထောင်ချ ခံ လိုက်ရတဲ့တဲ့ လူ။ 

 ဂုဏ်ပြု မှတ်တမ်းလွှာနှင့် အတူ တွေ့ရသော ဦးနေမင်း (ဓာတ်ပုံ – စိုင်းဇော်/ ဧရာဝတီ)

သူ့ လက်ထဲမှာ သေနတ်တလက်မရှိဘူး၊ ကျည်ဆန်တတောင့် မရှိဘူး။ သတင်းတပုဒ်အတွက် အသက်ကို ထုပ် ပြီး လုပ်ခဲ့ရ တဲ့ သတင်းသမား။ 

ဟိုလူနဲ့ အင်တာဗျူး၊ ဒီလူနဲ့ အင်တာဗျူး၊ ကျည်ဆံတွေကြားထဲ၊ ဂျင်ကလိတွေကြားထဲ နာမည်ကြီး ဘီဘီစီ သတင်းထောက် ခရစ်တိုဖာ ဂါးနက်နဲ့တွဲပြီး မြန်မာပြည် ရန်ကုန်မြို့နဲ့ နယ်တချို့က ရှစ်လေးလုံး ဆန္ဒပြ သတင်းတွေကို အဆက်မပြတ်ပေးပို့ခဲ့ တဲ့သူ။ 

တကယ်တော့သူဟာ ဘီဘီစီက သတင်းထောက်အဖြစ်တရားဝင်ခန့်စာတောင် လက်မခံရသေးခင် ထောင် ချ ခံလိုက်ရတဲ့ ရှေ့နေ။ 

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို မထောက်ခံဘူးလို့ ထောင်ကလွတ်လာပြီး ဦးသိန်းစိန် ကို စာပို့ထားကာ ၂ဝဝ၈ ဖွဲ့ စည်းပုံ မပြင်မချင်း ရှေ့နေလိုင်စင် ပြန်မလျှောက်ဘူးလို့ ဆုံးဖြတ်ထားတဲ့ ရှေ့နေလိုင်စင်သိမ်း ထား ခံရသူ ဦးနေမင်း။ 

လူတွေက သူ့ကို မေ့နေကြပေမယ့် မတ်လ ၁ဝ ရက်နေ့ကနေ ၁၂ ရက်နေ့ထိ ရန်ကုန်မှာကျင်းပ တဲ့ နိုင်ငံတကာ သတင်း မီဒီယာ ညီလာခံကြီးမှာ သူ့ကို မြန်မာနိုင်ငံ သတင်းစာ လွတ်လပ်ခွင့် အတွက် စွမ်းစွမ်းတမံ ပါဝင် ဆောင်ရွက်ခဲ့သော ရဲစွမ်း သတ္တိအား ဂုဏ်ပြု မှတ်တမ်း ပေးအပ် ဂုဏ်ပြုခံလိုက်ရပြီ။ 

သူ့အကြောင်း ဧရာဝတီစာမျက်နှာမှာလည်း သတင်း လွတ်လပ်ခွင့် အတွက် ဦးနေမင်း ဂုဏ်ပြု မှတ်တမ်းတင်ခံရ  http://burma.irrawaddy.org/news/2014/03/11/56081.html ဆိုတဲ့ သတင်းမှာ ဖော်ပြထားတယ်။ 









0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved