~
စင်္ကာပူက လာတဲ့ သတင်းတပုဒ်မှာ ရေးထားတာကတော့ .... မြန်မာပြည်မှာ ဇိမ်ခံကားသစ်ဝယ်စီးနိုင်တဲ့လူတန်းစား တိုးပွားလာနေပြီ တဲ့။
-
-
မြန်မာပြည်အပြောင်းအလဲထဲမှာ ကားအရောင်းအ၀ယ်လည်း ပါဝင်တဲ့အတွက် နိုင်ငံတကာက ကားကုမ္ပဏီ အများအပြား မြန်မာပြည်ထဲ ရောက်နေကြပါပြီ။
အခုဆိုရင် မော်တော်ကားအရောင်းပြခန်း ၂ဝဝ ထက်မနည်း ရှိနေတယ်၊ ရန်ကုန်မှာဆိုရင် မောင်းနေကြတဲ့ကား အရေအတွက်က ၂ သိန်း ကျော်မယ်လို့ ခန့်မှန်းကြပါတယ်။
ဇိမ်ခံကား ဝယ်စီးသူတွေထဲမှာ ကိုယ်ပိုင်လုပ်ငန်းနဲ့ အောင်မြင်နေတဲ့ အသက် ၃ဝ ဝန်းကျင်တွေက အများဆုံးပဲ လို့ ဆိုပါတယ်။
Channel News Asia ရဲ့ စီးပွားရေးသတင်းတပုဒ်မှာ အဲသလို ရေးထားတာပါ။
စီးပွားရေးသတင်းထဲမှာ ကားတွေ ၀ယ်စီးကြတဲ့အကြောင်း ရေးထားပေမယ့် မြို့ကြီးတွေ အထူးသဖြင့် ရန်ကုန်ရဲ့ ယာဉ်ကြောပိတ်ဆို့မှု အကြောင်းအရာကိုတော့ ရေးမထားပါဘူး။
အဲဒီအကြောင်းအရာကတော့ သီးသန့် ရေးသားသင့်တဲ့အကြောင်းအရာပဲမဟုတ်လား။
ဇိမ်ခံကားဆိုတာ လုပ်ငန်းသုံးကားမဟုတ်၊ အိမ်စီးကားတွေထဲက အလန်းစား ဈေးများများပေးရတာကို ခေါ်တယ် ဆိုပါစို့။
ဇိမ်ခံကားဝယ်ထားဖို့ အခြေအနေ မပေးလည်း မြန်မာပြည်မှာ အများအပြား ၀ယ်ထားကြပြီဆိုတဲ့ သတင်း အတွက်တော့ မုဒိတာပွားမိပါရဲ့။
မြန်မာနိုင်ငံမှာ အမေရိကန် ဖို့ဒ်ကုမ္ပဏီလည်း ပြခန်းတွေ ဖွင့်ထားပါတယ်။
သူတို့ထုတ်တဲ့ Pickup နဲ့ SUV ကားတွေအပြင် ဇိမ်ခံကား Taurus တွေလည်း မြန်မာဈေးကွက်ထဲ ထိုးဖောက်ဖို့ ကြိုးပမ်းနေပါတယ်။
ကုမ္ပဏီရဲ့ အာရှပစိဖိတ်ဈေးကွက်ဌာန၏ မန်နေဂျာ Mr. David Westerman ပြီးခဲ့တဲ့ အောက်တိုဘာလမှာ ပြောပြချက်အရ ဆိုရင် အဲဒီ အောက်တိုဘာလ သတင်းစာရှင်းလင်းပွဲ မတိုင်ခင် ၁၄ ရက်အတွင်း ကားသစ် စီးရေ ၁၀၀ ရောင်းအား ရှိခဲ့တယ်လို့ ဆိုပါတယ်။
သူ့ပြောပြချက်အရ ဆိုရင် မြန်မာပြည်မှာ ကားသစ်တွေ၊ ဇိမ်ခံကားတွေ ၀ယ်စီးနိုင်သူ အများအပြား ရှိနေပါပြီ။
လမ်းပေါ်မှာ တွေ့ရသမျှ မော်တော်ကားအားလုံးက လိုင်စင်ရှိကြတယ်ရယ်လို့လည်း မဟုတ်ပါ။
နယ်မြို့ကြီးမြို့ငယ်တွေမှာ လိုင်စင်မဲ့ကားတွေ အများကြီး မောင်းနေကြပါတယ်။ အဲဒီကားတွေထဲ ဇိမ်ခံကားကောင်းများလည်း ပါဝင်နေတာ တွေ့ရမှာပါ။
ဇိမ်ခံကားက ဈေးကြီးပေမယ့် လိုင်စင်မဲ့ဆိုရင်တော့ ဈေးပေါပါလိမ့်မယ်။
အားနည်းချက်ကတော့ အဖမ်းအဆီးနဲ့ကြုံရင် ကားအသိမ်းခံရခြင်းပါပဲ။
ပြီးတော့ အဲဒီမြို့တွေမှာပဲ သုံးလို့ရတဲ့ကားပါ။ နယ်ကျော်တာနဲ့ အဖမ်းခံရကိန်းများပါတယ်။
မြန်မာပြည်မှာ ဥပဒေစိုးမိုးရေးဆောင်ရွက်တာတွေ အားကောင်းလာရင်တော့ လိုင်စင်မဲ့ကားစီးနင်းမှု ပိုပြီး နည်းပါးလာမှာဖြစ်ပါတယ်။
.

0 comments :
Post a Comment