ပုသိမ်မှာ လက်ဖက်ရည်ဆိုင်ကို အကျယ်ချုပ်ချ

Sunday, April 27, 2014

~




  မြန်မာပြည်မှာ စိတ်လှုပ်ရှားစရာ အပြောင်းအလဲတွေ ဖြစ်ပေါ်နေပါပြီ။ ဘောင်းဘီဝတ်အစိုးရခေတ်မှာ ငြိမ်ဝပ်ပိပြား အေးချမ်းသာယာရေးအတွက် လူတချို့ကို နေအိမ်အကျယ်ချုပ်ချတာတွေ ရှိခဲ့ပါတယ်။
 ဘောင်းဘီချွတ်အစိုးရခေတ်မှာတော့ လူတွေကို အကျယ်ချုပ်မချတော့ပါဘူး။
လက်ဘက်ရည်ဆိုင်ကို အကျယ်ချုပ် ချနေပါပြီ တဲ့။
ဒီအကြောင်း ပုသိမ်မြို့က ဧရာဝတီသတင်းထောက်  ဆလိုင်းသန့်စင် ပေးပို့ထားတဲ့ သတင်းမှာ အပြည့်အစုံ ဖတ်နိုင်ပါပြီ။


ဟုတ်ကဲ့ပါ... ပုသိမ်မြို့ ကမ်းနားလမ်းမှာ ပုသိမ်မြို့နယ်စည်ပင်သာယာရေးဌာနက ဦးစီးပြီးတည်ဆောက်နေတဲ့ အဆင့်မြင့်ရေပေါ်ဈေးစီမံကိန်းအတွက်
ကမ်းနားလမ်းတလျှောက် စီမံကိန်းဧရိယာသတ်မှတ်ပြီး ခြံစည်းရိုးတွေ အခိုင်အမာ ကာရံထားပါတယ်။

 အဲဒီလိုကာရံရာမှာ စီမံကိန်းဧရိယာမှာပါဝင်နေတဲ့ “စိတ်ကြိုက်” အမည်ရှိ လက်ဖက်ရည်ဆိုင်ကို ဆိုင်ရှေ့မျက်နှာစာအပါအ၀င် ၀င်ပေါက်၊
ထွက်ပေါက် အားလုံးကို ၀ါးကပ်တွေနဲ့ ဧပြီလ ၂၄ ရက် နေ့က စတင်ပြီး ကာရံပစ်ခဲ့တယ်လို့ လက်ဖက်ရည်ဆိုင်ပိုင်ရှင်မိသားစုက ဧရာဝတီကို ပြောပါတယ်။

ပုသိမ်စည်ပင်ဌာနက “စိတ်ကြိုက်” လက်ဖက်ရည်ဆိုင်ကို စီမံကိန်းဧရိယာမှာပါတဲ့ အတွက် ဒီလ ၂၇ ရက်နေ့ နောက်ဆုံးထား
ဖျက်သိမ်း ဖယ်ရှားဖို့ ဒုတိယအကြိမ် ညွှန်ကြားထားကြောင်း သိရပါတယ်။

 အခုကတော့ ဖျက်သိမ်းဖို့ရက် မတိုင်ခင်မှာပဲ လက်ဖက်ရည်ဆိုင်ကို အလုံပိတ်ပြီး ကာရံပစ်လိုက်ပါပြီ။

 “ကျမတို့ကို ပုသိမ်စည်ပင်က အကျယ်ချုပ်ချထားသလို ဖြစ်နေတယ်။ ၀င်ပေါက်ထွက်ပေါက်အကုန်လုံးကို ပိတ်ပစ်လိုက်တော့ ကျမတို့မှာ ဈေးရောင်းဈေးဝယ်လုပ်ဖို့ နေနေသာသာ လူတောင် ၀င်လို့ထွက်လို့ မရဘူး ဖြစ်နေတယ်။
အခုဆို အိမ်မှာ ရေတောင်သောက်စရာ မကျန်တော့ဘူး။ ရေသန့်ကားလာတော့ ကျမတို့ဆိုင်ကို အလုံပိတ်ကာထားတော့ ၀င်မလဲပေးတော့ဘူး။
ခုနေများ မီးရေးထင်းရေးဖြစ်ရင် ထွက်ပေါက်မရှိတာနဲ့ ဒီနေရာမှာတင် သေမယ်ထင်တယ်” လို့ ဆိုင်ရှင်ဖြစ်သူ ဒေါ်ချိုချိုစန်းက ဧရာဝတီကို ပြောပါတယ်။

 လက်ဖက်ရည်ဆိုင်ကို ၀င်ပေါက်ထွက်ပေါက်ပိတ်ထားတဲ့အတွက် မနေ့ကစတင်ပြီး ဈေးအရောင်းအ၀ယ် ရပ်ဆိုင်းထားကြောင်း သိရပါတယ်။

 “ဆိုင်ကို ၀င်ပေါက်ထွက်ပေါက်ထားပေးဖို့ ကျမကစည်ပင်အရာရှိ ကိုရဲဝင့်အောင်ကိုတင်ပြတော့ သူက ၀င်ပေါက်ထွက်ပေါက် ထားပေးလို့မရဘူးတဲ့။
စီမံကိန်းလုပ်မှာမို့လို့ ဒီထဲမှာပစ္စည်းတွေ ပုံမှာဆိုတော့ ပျောက်မှာသူခိုးခိုးမှာစိုးလို့ ပိတ်ရမှာပဲတဲ့”
ဆိုပြီး  စိတ်ကြိုက် လက်ဖက်ရည်ဆိုင်ပိုင်ရှင်ရဲ့မိခင် ဒေါ်မြမြစန်းက ပြောပါတယ်။

 ဆိုင်ကိုဖျက်သိမ်းဖယ်ရှားဖို့ ပုသိမ်စည်ပင်ကပြောဆိုထားပြီး နေရာအစားပြန်ပေးဖို့ ညှိုနှိုင်းနေဆဲ ဖြစ်ကြောင်း သိရပါတယ်။

 “ကျမတို့က ဆိပ်ကမ်းအာဏာပိုင်မြေပေါ်မှာ ဆိုင်ဆောက်ထားတာပါ။ ဒီကနေ့ အထိလည်း ဆိပ်ကမ်းအာဏာပိုင်ကို သတ်မှတ်တဲ့
အခွန်ဆောင်နေသလိုအမြတ်ခွန်၊ လုပ်ငန်းခွန်တွေလည်း ပုံမှန်ပေးဆောင်နေပါတယ်။
အဲဒါကို ကျမတို့ကိုစည်ပင်က စီမံကိန်းဧရိယာမှာပါတယ်ဆိုပြီး ဖယ်ခိုင်းတယ်။
ကျမတို့ မိသားစုမှာဒီလုပ်ငန်းအပေါ်အမှီပြုပြီးရှာဖွေစားသောက်နေရတာပါ။
လူကြီးတွေအနေနဲ့ ကျမတို့ ဘ၀တွေကို သနားငဲ့ညှာပေးပါလို့ ပြောချင်ပါတယ်” လို့ ဆိုင်ရှင် ဒေါ်ချိုချိုစန်းက ပြောပါတယ်။
 .


အကျယ်ချုပ်ကျ လက်ဘက်ရည်ဆိုင်

အဆင့်မြင့်ရေပေါ်ဈေးစီမံကိန်းကို ကမ်းနားလမ်းမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ လမ်းညွှန်ချက်အရ ပုသိမ်မြို့နယ် စည်ပင်ဌာနက ဦးဆောင်ပြီး တည်ဆောက်နေတာဖြစ်ပါတယ်။

 အဲဒီစီမံကိန်းအတွက် ဧရာဝတီတိုင်းအစိုးရ ရံပုံငွေထဲက ကျပ်သိန်းပေါင်း ၂,၂၁၂ သိန်း စိုက်ထုတ် အသုံးပြုသွားမှာဖြစ်ပြီး အချိန် ၄ လခွဲ ကြာအောင် တည်ဆောက်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

 ရေပေါ်ဈေးစီမံကိန်းကြောင့် ဖျက်ရမယ့် တခြားသော လုပ်ငန်းများ

၁။ ကမ်းနားလမ်းကညဈေးတန်း
၂။  စိန်ကုန်းကူးတို့ဆိပ်

၃။ သုံးဘီးကားဂိတ် တခု
၎။ ဆိုက္ကားဂိတ်တခု

 

ရေပေါ်ဈေးစီမံကိန်းဘေးမှာပဲ ကပ်ပြီးဖွင့်ထားတဲ့ ပုသိမ်မြို့ ညဈေးတန်း


 

.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved