ပြုပြင်ပြောင်းလဲရေးနဲ့ အမျိုးသမီးတို့ရဲ့ကဏ္ဍ

Saturday, April 19, 2014

~
 


   

 . 
ဒီတပတ် ကျနော်တို့ ဆွေးနွေးမယ့် အကြောင်းအရာကတော့ အမျိုးသားတွေ လွှမ်းမိုးပြီး တပ်မတော်ရဲ့ အရှာရှိဟောင်းတွေ ကြီးစိုးထားတဲ့ လွှတ်တော်နဲ့ အစိုးရမှာ အမျိုးသမီးတွေအတွက် ဘယ်လောက်အထိ လုပ်ပိုင်ခွင့်ရှိတယ်ဆိုတာကို ကျနော်တို့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန် အစိုးရ တက်ပြီးနောက်ပိုင်းမှာ နိုင်ငံရေး၊ စီးပွားရေးအရ အတိုင်းအတာ တခုအထိ လွတ်လပ်ခဲ့ပေမယ့်လည်း အမျိုးသမီးတွေဟာ တကယ့်အရေးကြီး အခန်းကဏ္ဍတွေမှာ ပါဝင်နိုင်ဖို့အတွက် အခွင့်အလမ်းတွေ ပေါ်ပေါက်လာပြီလား ဆိုတာကို ကျနော်ဖိတ်ကြားထားတဲ့ ဧည့်သည်တွေဖြစ်တဲ့ ရန်ကုန်တိုင်း ဒေသကြီး တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်း၊ နောက်တဦးကတော့ Gender and Development initiative ရဲ့ Executive Director ကိုဆလိုင်း အိုက်ဇက်ခင် တို့နဲ့ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ကျနော်ကတော့ ဧရာဝတီ မဂ္ဂဇင်းရဲ့ အင်္ဂလိပ်ပိုင်း အယ်ဒီတာ ကျော်စွာမိုး ဖြစ်ပါတယ်။

ကိုကျော်စွာမိုး။  ။ မညိုညိုသင်း အခု ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်မှာ လွှတ်တော် ကိုယ်စားလှယ် တယောက်ဖြစ်နေတဲ့အချိန်မှာ ပထမဆုံးအနေနဲ့ ကျနော် သိချင်တာက အမျိုးသား လွှတ်တော်  ကိုယ်စားလှယ်တွေကနေပြီးတော့ အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်တွေကို ဆက်ဆံတဲ့ နေရာမှာ တန်းတူ ရည်တူ ဆက်ဆံမှု တွေ့ရသလား။ ဒါမှမဟုတ် မတူညီတဲ့ ဆက်ဆံမှုတွေ တွေ့ရသလား။ အတွေ့အကြုံကိုပြောပြပေးပါ။

ဒေါက်တာညိုညိုသင်း။   ။ ကျမတို့ လွှတ်တော်က လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၁၂၃ ဦး ရှိတာပေါ့။ ၁၂၃ ဦးမှာ အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ် ၆ ဦး အရွေးခံရတာပေါ့နော်။ ၁၂၃ ဦးမှာ ၆ ဦးပဲရှိတယ်ဆိုတဲ့ အခါမှာကျတော့ ကျမက ပထမတော့ ထင်တာပေါ့နော်။  အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်တွေက တင်ပြတဲ့ အချက်တွေ၊ တင်ပြတဲ့ အဆိုတွေ ဆိုရင်တော့ အောင်မြင်မှု ရမှာ ပဲဆိုပြီးတော့ ထင်ခဲ့တာပေါ့နော်။ ဒါပေမယ့် မဟုတ်ဘူး။ တကယ်တမ်း လက်တွေ့ကျတော့ ကျမတို့ ဒီ အမျိုးသမီး ကိုယ်စားလှယ်တွေ တင်ပြတဲ့ ကိစ္စတွေ တော်တော်များများက မီဒီယာမှာတော့ ပေါက် တယ်။ သို့သော်လည်းပဲ လွှတ်တော်မှာ အဆိုတင်သွင်းပြီးတော့ မဲခွဲဆုံးဖြတ်ရင်တော့ အမြဲတမ်း ရှုံးတာကို တွေ့ရတယ်ပေါ့နော်။ အဲတော့ ကျမတို့ အမျိုးသမီး ကိုယ်စားလှယ်တွေရဲ့ အသံဟာ လွှတ်တော်မှာ တိုးမပေါက်သေးဘူးလို့ဘဲ ကျမကတော့ ယေဘုယျအားဖြင့် ကောက်ချက် ချရမယ့် သဘောပေါ့။

ကိုကျော်စွာမိုး။  ။ အဲ့ဒါ ဘာကြောင့်လို့  သုံးသပ်လို့ရသလဲ။

ဒေါက်တာညိုညိုသင်း။   ။ ဘာကြောင့်လဲဆိုတော့ ကျမတို့ နိုင်ငံဟာ ပြန်ပြီးတော့ ကြည့်လိုက်တဲ့ အခါကျတော့ ခုနကလည်း  ကိုကျော်စွာမိုး ပြောသွားပြီးပြီ တကယ့်ကိုပဲ တပ်မတော်က နှစ်ရှည်လများ အုပ်ချုပ်ခဲ့တဲ့ တိုင်းပြည်ဆိုတဲ့အခါကျတော့ ရပ်ရွာအဆင့်မှာပဲ ဖြစ်ဖြစ်၊ မိသားစုထဲမှာပဲ ဖြစ်ဖြစ်၊ နိုင်ငံတော်အဆင့်မှာပဲ ဖြစ်ဖြစ်၊ ဘယ်နေရာမှာမဆို ယောက်ျားကြီးစိုးတဲ့ ပတ်ဝန်းကျင် ဖြစ်နေတာပေါ့။ male dominated society ဆိုတဲ့ အခါကျတော့ သူတို့ရဲ့ အတွေးအခေါ် အလုပ်အကိုင် တော်တော်များများဟာ အမြဲတမ်း အမျိုးသမီးတွေကို subordinate (လက်အောက်ခံ) ယေဘုယျ အားဖြင့် သတ်မှတ်ထားတာပေါ့နော်။ အခု အပြောင်းအလဲတွေ တအားလုပ်လာတယ်။ ကမ္ဘာက အသိအမှတ်ပြုလောက်အောင် အပြောင်းအလဲတွေ လုပ်လာတယ်။ အဲဒီမှာ ထူးခြားတဲ့ အချက် ကတော့ အမျိုးသမီးထုအတွက် ထင်ရှားတဲ့ ပြုပြင်ပြောင်းလဲမှုဆိုတာ မရှိဘူး ဖြစ်နေတယ်။ အဲ့ဒါက ၀မ်းနည်းစရာ အနေနဲ့ တွေ့ရတယ်ပေါ့နော်။ အမျိုးသမီး အခွင့်အရေး ပိုပြီး တိုးတက်လာသလား ဆိုရင် မရှိဘူးလို့ပဲ ပြောရမယ်။ အမျိုးသမီးထုကို ကာကွယ်တဲ့ ဥပဒေတွေ ပေါ်ထွက်သလား။ ပေါ်ထွက်လာခြင်း မရှိဘူးပဲ ပြောရမှာပေါ့နော်။

ကိုကျော်စွာမိုး။  ။ ဒီနေရာမှာ ကိုဆလိုင်းက Gender and Development initiative အဖွဲ့ကို ဦးစီးနေတဲ့အခါကျတော့ အမျိုးသား တယောက်အနေနဲ့ ဒီကိစ္စကို အဓိက ဦးစားပေး လုပ်နေတယ်။ အဲ့ဒီတော့ အမျိုးသားနဲ့ အမျိုးသမီး ကျနော်တို့ လူ့အဖွဲ့အစည်းကို ကြည့်မယ်ဆိုရင် အဲ့ဒီနှစ်ခုအပေါ်မှာ ဘယ်လိုမျိုး ခွဲခြားဆက်ဆံမှုတွေ အဓိက တွေ့ရလဲ။ တကမ္ဘာလုံးမှာတော့ ရှိတာပေါ့၊ ကျနော်တို့ နိုင်ငံမှာ ဘယ်လို ပိုပြီးတော့ ထူးခြားတဲ့ အခြေအနေမျိုးတွေ တွေ့ရလဲ။

ဆလိုင်း အိုက်ဇက်ခင်။      ။ ပထမတခုက ဘာလဲဆိုရင် ကျနော်တို့ ၁၉၆၂ ခုနှစ်ကနေ စလာလိုက်တဲ့ ဒီ Militarization စစ်အုပ်ချုပ်မှု စနစ်ပေါ့လေ။ အဲ့ဒီ စစ် Militarization လုပ်တဲ့ နောက်ကွယ်မှာ အမျိုးသားတွေရဲ့ အခန်းကဏ္ဍသည် အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးမှာ အဓိက ဆုံးဖြတ်ချက် ချတဲ့လူတွေ၊ မူဝါဒ ချတဲ့လူတွေ ဖြစ်လာတယ်။ အဲ့တော့ အမျိုးသမီး အခန်းကဏ္ဍက မရှိဘူး။ ၆၂ နောက်ပိုင်းမှာ အမျိုးသမီးနဲ့ ပတ်သက်နဲ့ လုပ်ဆောင်မှုတွေ၊ လှုပ်ရှားမှုတွေ တော်တော်များများ ပျောက်သွားတယ်။ လူငယ်အဖွဲ့ရှိတယ်။ လမ်းစဉ်လူငယ်ရှိတယ်။ တောင်သူလယ်သမားရှိတယ်။ အလုပ်သမားရှိတယ်။ ဒါပေမယ့် အမျိုးသမီးရေးရာ မရှိခဲ့ဘူး။ ဆိုတော့ result တခုက အမျိုးသမီးတွေက အမျိုးသားတွေလို တန်းတူနေခွင့် မရတဲ့ကိစ္စပေါ့နော်။ နောက်တခုက  ကျနော်တို့ လူမျိုးတွေက ဟန်ဆောင်မှု သိပ်ကောင်းတယ်။ ကျနော်တို့ က အမျိုးသမီးတွေကို ချစ်ပါတယ်။ ကျနော်တို့က ခွဲခြားမှုမလုပ်ပါဘူး။ ကျနော်တို့က သမီးတွေကို ဦးစားပေးပါတယ် ဆိုတဲ့စကားတွေက တကယ့် real issues (တကယ်ကိစ္စတွေ) ကို မေ့ပစ်လိုက်တယ်။

ကိုကျော်စွာမိုး။  အမျိုးသမီးတွေ အရေးကြီးတဲ့ နေရာတွေမှာ ပါဝင်ခွင့်မရတဲ့အတွက် အဓိက ဆိုကျိုးက ဘာလဲ။

ဆလိုင်းအိုင်ဇက်ခင် ။      ။ ကျနော်တို့ တိုင်းပြည်မှာရှိတဲ့ လူဦးရေ တ၀က်ကျော်က အမျိုးသမီး တွေပါ။ အမျိုးသားဦးရေထက် ပိုပါတယ်။  တိုင်းပြည်ထူတောင်တဲ့နေရာ မှာ အမျိုးသမီးတွေရဲ့ အသိပညာ၊ အတွေ့အကြုံတွေ၊ ထည့်ဝင်ရမှာဖြစ်ပေမယ့် တကယ်တမ်းကျတော့ သူတို့တတွေက ကျန်ခဲ့သလို ဖြစ်နေတယ်။ အမျိုးသမီးပဲ ဖြစ်ဖြစ်၊ အမျိုးသားပဲ ဖြစ်ဖြစ် တိုင်းပြည်အနေနဲ့ future dream ကိုပေးရမှာ။ ဖြစ်သင့် ဖြစ်ထိုက်တဲ့ ရသင့် ရထိုက်တာကို တူတူပေးရမှာ။ အမျိုးသမီးတွေက မရသေးဘူး။

ကိုကျော်စွာမိုး။  ။ ၁၉၆၂ ထဲက အမျိုးသားတွေပဲ လွှမ်းမိုးထားတဲ့ စစ်တပ်ကနေ အုပ်ချုပ်လာတာတယ်။ ဒီအချိန်မှာ ကျနော်တို့ သိသလောက်ဆိုရင် လက်ရှိ ပြည်ထာင်စုအစိုးရမှာ အမျိုးသမီး ၀န်ကြီး တယောက်ရှိတယ်ဆိုတာ ကျနော်တို့ သိရတယ်။ အမျိုးသမီး အမတ်ဦးရေက လည်း အင်မတန် နည်းသေးတယ်။ ဘယ်လိုမျိုး တိုးအောင် လုပ်လို့ရမယ် ထင်လဲ။

ဒေါက်တာညိုညိုသင်း။   ။ ကျမက နိုင်ငံတကာ ကျင့်သုံးမှုတွေကို အခြေခံပြီးတော့ပဲ ပြောချင် တာပေါ့နော်။ ကျမတို့လို ဖွံ့ဖြိုးဆဲ  နိုင်ငံတွေ ဆိုလို့ ရှိရင်  အမျိုးသမီး ပါဝင်မှုနှုန်းက နိုင်ငံရေး ပိုင်းမှာရော၊ စီးပွားရေးမှာရော၊ အုပ်ချုပ်ရေးမှာရော အဖက်ဖက်တိုင်းမှာ နိမ့်ကျတယ်။ နိမ့်ကျတော့ ဘာလုပ်ပေးရလဲဆိုတော့ ဥပဒေ မဖြစ်မနေ ပြဋ္ဌာန်းပေးရတယ်။ အုပ်ချုပ်ရေးပိုင်း အဆင့်တိုင်းမှာ ရပ်ကွက်၊ မြို့နယ်၊ ခရိုင်၊ တိုင်း နိုင်ငံတော်အဆင့်ဆင့်တိုင်းမှာ အနည်းဆုံး ၃၀ ရာခိုင်နှုန်း ထည့်ပေးဖို့ ဥပဒေ မဖြစ်မနေ ပြဋ္ဌာန်းပေးရတယ်။ အဲ့လို ပြဋ္ဌာန်းလိုက်ခြင်းအားဖြင့် အမျိုးသမီးထုက chance (အခွင့်အလမ်း) ရသွားမယ်။ သူတို့က ဒီဥပဒေတွေကြောင့် မဖြစ်မနေ မြို့နယ်အုပ်ချုပ်ရေးမှူးတွေမှာလည်း ၃၀ ရာခိုင်နှုန်း က အမျိုးသမီးတွေ ဖြစ်လာမယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှာ ၃၀ ရာခိုင်နှုန်း အမျိုးသမီး ဖြစ်လာမယ်။ လွှတ်တော်အမတ်တွေထဲမှာလည်း ၃၀ ရာခိုင်နှုန်းက အမျိုးသမီးတွေ ဖြစ်လာမယ့်။ အစိုးရ အဖွဲ့ထဲမှာလည်း အမျိုးသမီးတွေက ၃၀ ရာခိုင်နှုန်း ဖြစ်လာခြင်းအားဖြင့် အမျိုးသမီးထုက သူတို့ရဲ့ အစွမ်းအစကို ပြခွင့်ရသွားမယ်။ သူတို့ရဲ့ အစွမ်းအစကို ပြခွင့်ရဖို့အတွက် သူတို့ကို  အရင်နေရာပေးမှာ ရမှာကိုး။ အဲ့တော့ ဒါဟာ နိုင်ငံတကာ ကျင့်သုံးမှုဖြစ်တယ်။ တချို့တွေကတော့ ဒါကို ဆိုးဆိုးဝါးဝါး လက်မခံတာတွေရှိတယ်။ အမျိုးသမီးဖြစ်ဦးတော့ နေရာရခွင့် မရှိစေရဘူး ဆိုပြီးတော့လည်း ယုံကြည်ကြပါတယ်။

ကိုကျော်စွာမိုး။      ။ ဒီနေရာမှာ မွေးခွန်းထုတ်တာတွေလည်းရှိတာပေါ့၊  မညိုညိုသင်းပြောသလို ခန့်အပ်လို့ရတဲ့ နေရာမျိုးတွေ ၀န်ကြီးနေရာမျိုးမှာ အမျိုးသမီးတွေကို ရာခိုင်နှုန်းတခုအနေနဲ့ ခန့်အပ်တယ်ဆိုရင်တော့သိပ်ပြီးပြဿနာမရှိဘူး။ ဒါပေမယ့် လွှတ်တော်လို နေရာမျိုးမှာ ရွေးကောက်ပြီးတတ်ရတဲ့အတွက်ကြောင့် အဲ့ဒီလိုမျိုး အခွင့်အရေး ပေးထားမယ်ဆှိုရင် လက်ရှိ တပ်မတော်ကလည်း၂၅ ရာခိုင်နှုန်းကိုခန့်အပ်တာဆိုတော့၊ သူတို့နဲ့ သဘောတရားသွားတူ တာမျိုးရှိတယ်၊ ဒီမိုကရေစီလမ်းစဉ်နဲ့ နည်းနည်းသွေဖယ်နေတယ်ဆိုတဲ့ မေးခွန်းမျိုးကျတော့ ဘယ်လိုဖြေမလဲ။

ဒေါက်တာညိုညိုသင်း။   ။ ဒီ ၃၀ ရာခိုင်နှုန်း quota system ကို နိုင်ငံရေးပါတီ တခုက၊ အစိုးရတခုက   ဥပမာ ဒါ တပ်မတော်က ခန့်အပ်တာမျိုးဆိုရင်တော့ ဒါက စဉ်းစားစရာတခုပေါ့။ ခုနကလို စိုးရိမ်စရာအခြေအနေပေါ့၊ မဟုတ်ဘူး ကျမတို့ပြောနေတဲ့ quota system ဆိုတာ လွှတ်တော်ထဲမှာ ၃၀ ရာခိုင်နှုန်း အမျိုးသမီးတွေအတွက် သီးသန့် reserved ကိုလုပ်ပေးထားတာ၊ လုပ်ထားပြီးတော့ အဲဒီနေရာမှာ ၀င်ပြိုင်မယ့်သူ၊ ပြိုင်ကိုပြိုင်ရမှာ အမျိုးသမီးတွေပဲ ၀င်ပြိုင်ရမှာပေါ့၊ အဲဒီနေရာမှာ အမျိုးသားတွေက လာပြိုင်လို့မရဘူး၊ အမျိုးသမီးတွေပဲ ပြိုင်ရမှာ။ စိုးရိမ်သောကရောက်စရာမလိုဘူးလို့ထင်တယ်။

ကိုကျော်စွာမိုး။      ။ အဲဒါကို ကျင့်သုံးပြီးတော့ အောင်မြင်လာတဲ့ နိုင်ငံတွေရော ရှိလား ။

ဒေါက်တာညိုညိုသင်း။   ။ ဥပမာဆိုရင် ထင်ရှားဆုံးက ရ၀မ်ဒါနိုင်ငံ ရ၀မ်ဒါနိုင်ငံဆိုရင် ကျမတို့ အမျိုးသမီး ကိုယ်စားလှယ် ၅၇ ရာခိုင်နှုန်းလောက်ရှိတယ်။ အရင်တုန်းကတော့ ကျမတို့လိုပဲ ၄ ဒသမ ၆၊ ၄ ဒသမ ၇ ရာခိုင်နှုန်းလောက်ပဲရှိတယ်။ ဒါပေမယ့် ခုနကလို ကုလသမဂ္ဂရဲ့ တိုက်တွန်းချက်အရ quota System ကို ပြဌာန်းလိုက်တဲ့အချိန်မှာ တနှစ်ပြီးတနှစ် တက်လာတဲ့ အမျိုးသမီး ကိုယ်စားလှယ်တွေဟာ အများကြီးရလာပြီ။ ကျမတို့က ဒီစနစ်ကိုအမြဲတမ်း ထားရမယ်လို့ ပြောတာမဟုတ်ဘူး၊ အချိန်ကာလတခုအတွက်ပဲ၊ ၅ နှစ်တန်သည် ၁၀ နှစ်တန်သည် အမျိုးသမီးထုဟာ ဒီအပေါ်မှာ aware (သတိပြုမိ) ဖြစ်လာပြီး ငါတို့လည်း အမတ်ဖြစ် နိုင်ပါလား၊ ငါတို့လည်း မြို့နယ်အုပ်ချုပ်ရေးမှူးဖြစ်နိုင်ပါသလား၊ ငါတို့လည်းရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်နိုင်ပါသလားဆိုတဲ့ သူတို့ကို သူတို့လည်း သိလာတဲ့အချိန်မှာ ကျမတို့ဟာ ဒီ quota system ကို ပြန်ဖြုတ်လိုက်ရုံပဲ။

ကိုကျော်စွာမိုး။      ။ ၀န်ကြီးရာထူး နေရာမှာဆိုရင် အမျိုးသမီးတစ်ယာက်တည်းရှိတယ်၊ အောက်ခြေအုပ်ချုပ်ရေး နေရာတွေမှာရော အမျိုးသမီး ဘယ်နှစ်ယောက်လောက်ရှိသလဲ။

ဒေါက်တာညိုညိုသင်း။   ။  ကျမတို့ ရန်ကုန်တိုင်းမှာဆို့လို့ရှိရင် ကျမတို့သိရသလောက် ရပ်ကွက်အုပ်ချုပ် ရေးမှူးဆိုရင်နှစ်ယောက်လောက်ပဲရှိတယ်။ Post ၁၀၀၀ ကျော်၊ ၁၆၀၀ ကျော်လောက်မှာ နှစ်ဦးပဲရှိတာဆို တော့ တော်တော်ကြီးရှားပါးတာပေါ့၊ တော်တော်ကြီးကို ဆိုးရွားတဲ့အနေအထားလို့ ပြောရမှာပေါ့။

ကိုကျော်စွာမိုး။      ။ ကိုဆလိုင်းအနေနဲ့ကရော ခုနမညိုညိုသင်းပြောတဲ့အပေါ်မှာ ဒီလိုမျိုး quota system ပေးတဲ့ အပေါ်မှာရော လက်ခံနိုင်သလား။

ဆလိုင်းအိုက်ဇက်ခင်။      ။  ဒီမိုကရက်တစ် system မှာ လူတိုင်းလူတိုင်း တန်းတူအခွင့်အရေး ရရှိသင့်တယ်။ ဘယ်အကြောင်းကိုမှ အကြောင်းပြု၍ လူမျိုးရေးသော်လည်းကောင်း၊ ဘာသာရေးသော်လည်းကောင်း၊ ကျားမ ဖြစ်ခြင်းသော်လည်းကောင်း၊ ခွဲခြားဆက်ဆံခြင်း မခံရဘို့ ဘယ်လောက်ထိ အာမခံချက်ပေးသလဲ၊ အဲဒီလို အာမခံချက်ပေးနိုင်ရန်အလို့ငှာ quota ကိုကျနော်တို့ လုပ်တာ။ quota က အမျိုးသမီးတွေအတွက်သာ မဟုတ်ဘူး၊ တခြား သူတွေအတွက်လည်းပဲ ဖြစ်တယ်၊ ဥပမာ မသန်မစွမ်းတဲ့ သူမျိုးတွေအတွက်လည်းပါတယ်။ အဓိက ကမြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ ဘယ်လောက်ထိ Inclusiveness  (အကုန်လုံးပါဝင်နိုင်မှု) ကို ပေးနိုင်သလဲ ဒါဟာအင်မတန်မှ အရေးကြီးပါ တယ်။ နောက်တခုက voter education အရေးကြီးပါတယ်။ voter educatiion ပေးကျတဲ့အဖွဲ့တွေ လူမှု့အဖွဲ့အစည်းတွေအများကြီးရှိပါတယ်။ ဒါပေမယ့် တခုဝမ်းနည်းစရာကောင်းတာက voter education မှာ မဲပေးသူတွေအနေနဲ့ ရွေးတဲ့အခါမှာ ကျား/မ ဖြစ်ခြင်းကိုအကြောင်းပြုပြီး ထည့်စဉ်းစားစရာမလိုဘူးဆိုတဲ့ အမြင်မျိုးပေးတာကြောင့် အခုအချိန်ထိ voter education ဟာ အားနည်းနေဆဲလို့ ကျနော်သုံးသပ်တယ်။ ဒီအခြေအနေနှစ်ခုသာဖြစ်မယ်ဆိုလို့ရှိရင် ဒီ quota စနစ်ကျင့်သုံးတဲ့ကိစ္စပြီးရင် ပီပြင်တဲ့ဒီမိုကရက်တစ် societtyကိုချီတက်ရမှာ မလွဲမသွေကိစ္စဖြစ်တယ်ဆိုတာ ကျနော်မြင်တယ်။

ကိုကျော်စွာမိုး။      ။ ဒီနေရာမှာ အဲဒါမျိုးလုပ်ဖို့ကို အစိုးရဘက်ကရော၊ လူ့အဖွဲ့ အစည်းဘက်ကရော အသင့်ဖြစ်ပြီလား၊ ၂၀၁၅ ရွေးကောက်ပွဲလည်း လာတော့မှာဆိုတော့ ဒီကိစ္စတွေကို စပြီး အကောင်အထည် ဖော်လို့ရပြီလား။

ဒေါက်တာညိုညိုသင်း။   ။ ဒါဟာအသင့်မဖြစ်သေးဘူးလို့ဆိုရမယ်၊ အဓိက လွှတ်တော်အတွင်းမှာပေါ့၊ အမျိုးသမီးထုကိုယ်တိုင်ကိုယ်က ဒီလိုအမျိုးသမီးရေးရာကိစ္စတွေကို ပြောဖို့ တွန့်ဆုတ်နေတာဟာ စိတ်မကောင်းအချက်ပေါ့။

ကိုကျော်စွာမိုး။      ။  အဲဒါဘာကြောင့်လဲ။

ဒေါက်တာညိုညိုသင်း။   ။ သူတို့ အယူဝါဒလွဲနေတာပေါ့၊ အမျိုးသမီး ရေးရာကိစ္စတွေကို ပြောလိုက်ခြင်းအားရဲ့ မိမိတို့ရဲ့နိုင်ငံရေးပိုဇေရှင်၊ နိုင်ငံရေး သိက္ခာ ကျသွားမယ်လို့ သူတို့ထင်တယ်။ တကယ့်ကိုအရေးကြီးတဲ့ ကိစ္စတွေရှိတယ်၊ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားတွေ အပြစ်အခတ်ရပ်စဲရေးနဲ့ လူ့အခွင့်အရေးကိစ္စတွေပေါ့၊ ဒီလောက်အရေးကြီးတဲ့ ကိစ္စတွေရှိနေတဲ့ အချိန်မှာ အမျိုးသမီးရေးကိစ္စကိုပြောလိုက်ခြင်းအားဖြင့် သူတို့ရဲ့နိုင်ငံရေးသိက္ခာကျဆင်းသွားမယ်လို့ လွဲမှား စွာ ယုံကြည် နေကြတယ်။ ဒါကြောင့် အမတ်နေရာ ကို ရထားတဲ့အမျိုးသမီးတွေ ကိုယ်တိုင်ကိုယ်က အမျိုးသမီးရေးရာကိစ္စ တွေ၊ အမျိုးသမီးတွေ ခွဲခြားဆက်ဆံမှု ခံနေရပါတယ်ဆိုတဲ့ ကိစ္စတွေကို အတိအလင်းထုတ်ဖော်ပြောဆို ခြင်းမရှိတဲ့အတွက်ကြောင့်မို့လို့ ကျမတို့လူ့အဖွဲ့အစည်းက ဆက်ပြီးတော့အများကြီး ကြိုးစားသွားဖို့ ရှိတယ်လို့ပြောချင်ပါတယ်။

ကိုကျော်စွာမိုး။      ။ ဒီနေရာမှာ အမျိုးသမီးတွေ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ အရေးကြီးတဲ့ နိုင်ငံရေးနေရာတွေမှာပါဝင်ဖို့ လိုအပ်တာဆိုတော့ တိုင်းရင်း သားဒေသတွေမှာ အမျိုးသမီးတွေဟာ ဘယ်လောက်အထိ ပါဝင်နိုင်တဲ့အနေအထားရှိသလဲ၊ ဘယ်လောက်အထိ အပါယ်ခံထားရသလဲ ဆိုတာကိုအတိုချုပ်ပြောပြပေးပါ။

ဆလိုင်းအိုက်ဇက်ခင်။      ။ တိုင်းရင်းသားအမျိုးသမီးတွေအတွက်တော့ double discrimination (နှစ်ဆင့်ခွဲခြားဆက်ဆံခံရတာ) ပေါ့လေ၊ တခုကတော့ အမျိုးသမီးဖြစ်နေလို့ဆို တာက တကြောင်း၊ နောက်တခုက တိုင်းရင်းသားအမျိုးသမီးဖြစ်နေတာက တကြောင်းပေါ့၊ အဲဒီဟာကို လက်ရှိတိုင်းပြည်မှာဖြစ်နေတဲ့ ဒီမိုကရက်တစ် system မှာ အခုအချိန်ထိ၊ လုံလောက် အောင်၊ ကျေနပ်ဖွယ်ကောင်းလောက်အောင်၊ တုန့်ပြန်နိုင်တဲ့အနေအထားမရှိသေးဘူးလို့ ကျနော် သုံးသပ်တယ်။ ဥပမာအားဖြင့် peace process (ငြိမ်းချမ်းရေးလုပ်ငန်းစဉ်) မှာဆိုလို့ရှိရင် UN Security Council Resolution 1335 (ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆုံးဖြတ်ချက် ၁၃၃၅) မှာလို အမျိုးတွေအတွက် ငြိမ်းချမ်းမှုနဲ့ လုံခြုံရေးနဲ့ပတ်သက်တဲ့ action plan တွေကို ဆွဲကိုဆွဲရမှာဖြစ်တယ် ဒါပေမယ့် ဆွဲလို့မပြီးသေးဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က ပြည်တွင်းငြိမ်းချမ်းရေးဆိုတာ ကို ခြိမ့်ခြိမ့်သဲလုပ်နေတဲ့အနေအထားမျိုးမှကုလသမဂ္ဂတွေရဲ့ဆုံးဖြတ်ချက် ထည့်သုံးနိုင်ငံနိုင်တာ ရှိကိုရှိရမယ့်ကိစ္စ၊ ဒါပေမယ့် ဒီနေ့အထိသိသလောက် မလုပ်သေးဘူး။ Myanmar Peace Center က ဒီကိစ္စကိုမကိုင်တွယ်သေးဘူး။ နောက်တခုက ဘာလဲဆိုတော့ ၂၀၁၄ CEDAW (Convoention on the Elimination of All Forms of  Discrimination against Women)  အစီရင်ခံဆိုတာကို တင်ရမယ် မြန်မာနိုင်ငံမှာ တတိယအကြိမ်အဖြစ်ပေါ့၊ ဒါပေမယ့် ဒီနေ့အထိမဖြစ်သေးဘူး။  အရင်တုန်းက စစ်အစိုးရကိစ္စဆိုတော့သူတို့ဖြေရမှာပေါ့၊ အခု ဒီမိုကရေစီဆိုတော့ လူတိုင်း အားလုံးဖြေရမယ်။ ဒါပေမယ့် အဲဒါကို lead (ဦးဆောင်) လုပ်ရမှာအစိုးရဖြစ်တယ်၊ လွှတ်တော် ဖြစ်တယ်။ ဒါတွေကို ဒီနေ့အထိ ကျနော်တို့က မတွေ့ရသေးဘူးပေါ့။ ကောင်းတဲ့အချက်က ကျနော်တို့ ဒီမိုကရက်တစ်စနစ်ဖြစ် တယ်ဆိုတာရယ်၊ ဦးတည်ချီတက်နေတာရယ်၊ လုပ်ချင်ကိုင်ချင်သူတွေ အများကြီးရှိတယ်ဆိုတာက ကျနော်တို့ရဲ့ အားသာချက်တခုပါ။

ကိုကျော်စွာမိုး။      ။ မညိုညိုသင်းနောက်ဆုံးအနေနဲ့ Yes (or) No မေးခွန်းပေါ့လေ၊ ၂၀၁၅ နောက်ပိုင်းမှာ အမျိုးသမီး သမ္မတ ဖြစ်လာမယ့်အခြေအနေမျိုးမှာရှိနေသလား၊

ဒေါက်တာညိုညိုသင်း။   ။ မရှိသေးဘူးလို့ပဲပြောရမှာပေါ့၊ ဒါပေမယ့် ကျမတို့ကြိုးစားရမှာပေါ့။

ကိုကျော်စွာမိုး။      ။ ကိုဆလိုင်း၊ မညိုညိုသင်းအခုလို ၀င်ရောက်ဆွေးနွေးပေးတဲ့အတွက် ကျေးဇူးအများကြီးတင် ပါတယ်ခင်ဗျာ။ ဒီဆွေးနွေးပွဲကို ကျနော်တို့ သုံးသပ်ကြည့်မယ်ဆိုရင်တော့ ကျနော်တို့ မြန်မာပြည်မှာရှိတဲ့ အမျိုးသမီးတွေဟာ တကယ့်ကိုအရေးပါတယ့် အခန်းကဏ္ဍမှာပါဝင်ဖို့ကတော့ အခြေအနေတွေ အများကြီး လိုသေးတယ်လို့ ကျနော်တို့အကြမ်းမျဉ်း သုံးသပ်ရမှာ ဖြစ်ပါတယ်ခင်ဗျာ။ အားလုံးပဲကျေးဇူးတင်ပါတယ်။

Dateline Irrawaddy ဆွေးနွေးဝိုင်းတွင် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တိုင်းရင်းသားရေး စသည့် မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုများကို သုံးသပ် ဆွေးနွေးနေပြီး  ဒီမိုကရက်တစ် မြန်မာ့အသံ (DVB ရုပ်သံ)တွင် အပတ်စဉ် တင်ဆက် ထုတ်လွှင့်လျက်ရှိသည်။

ယခု အစီအစဉ်မှာ DVB ရုပ်သံ၏ ဇန်န၀ါရီ  ၂၂ ရက်နေ့ ထုတ်လွှင့်ချက်ကို ကူးယူ တင်ဆက်ခြင်း ဖြစ်သည်။ ဖေဖော်ဝါရီ ၂ ရက်နေ့က ဖြန့်ချိသော The Irrawaddy ဂျာနယ်တွင်လည်း ဖော်ပြခဲ့ပြီးဖြစ်သည်။
 
ရုပ်သံဖိုင်လင့် - http://blog.irrawaddy.org/2014/01/blog-post_3032.html


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved