ဖွဲ့စည်းပုံပြင်ရေး၊ ၂၀၁၅ ရွေးကောက်ပွဲနဲ့ စစ်ဘက် အရပ်ဘက် ဆက်ဆံရေး

Sunday, April 20, 2014

~
 


 -
ယနေ့ မြန်မာ့နိုင်ငံရေး အခြေအနေကို သုံးသပ်ကြည့်မယ်ဆိုရင် အများစုက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ တွန်းအားတွေပေးနေပေမယ့် တကယ် ပြင်နိုင်မလား၊ မပြင်နိုင်မလား ဆိုတာကတော့ မေးခွန်းထုတ်စရာ ဖြစ်နေတုန်းပါပဲ။ ဒါကြောင့်မို့လို့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင်မှာ နိုင်ငံရေးအရ တင်းမာမှုတွေ ဖြစ်လာမလား ဆိုတာနဲ့ ပတ်သက်ပြီး ကျနော်ဖိတ်ကြားထားတဲ့ ဧည့်သည်တွေဖြစ်တဲ့ သင့်ဘ၀ မဂ္ဂဇင်းရဲ့ အယ်ဒီတာဟောင်းဖြစ်ပြီး စာရေးဆရာလည်းဖြစ်တဲ့ ဆရာတင်မောင်းသန်း နဲ့ မြန်မာ့နိုင်ငံရေးကို ပုံမှန်သုံးသပ် လေ့လာနေတဲ့ ဒေါက်တာ ရန်မျိုးသိန်း တို့က ၀င်ရောက်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ကျနော်က ဧရာဝတီ မဂ္ဂဇင်း အင်္ဂလိပ်ပိုင်း အယ်ဒီတာ ကျော်စွာမိုး ဖြစ်ပါတယ်။

ကိုကျော်စွာမိုး။ ။ ဆရာတင်မောင်သန်း မနေ့တနေ့ကပဲ  အခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ ၁၀၉ ကော်မတီက တွေ့ရှိချက်တွေကို ထုတ်ပြန်လိုက်တာ တွေ့ရတယ်။ သူတို့ရဲ့ဇယား တွေအရ ကြည့်မယ်ဆိုရင် ပြင်ဆင်ချင်တဲ့သူက အများကြီးရှိတာ တွေ့ရတယ်။ ဒါပေမယ့် တပြိုင်တည်းမှာ သူတို့ရဲ့ မှတ်ချက်တွေမှာ လူပေါင်းတစ်သိန်းကျော်လောက်က လက်မှတ်ထိုးပြီးတော့ အများစုပြင်ဆင် စေချင်တဲ့ တပ်မတော်ရဲ့ ဦးဆောင်မှု အခန်းကဏ္ဍ၊ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ရေးက တားမြစ်ထားတဲ့ အချက်တို့ကို မပြင်ဆင်ဖို့ လက်မှတ်ရေးထိုးထားတဲ့ လူလည်းရှိတယ်။ ဒီလို တင်းမာမှုပုံစံမျိုး ရှိတဲ့အတွက်ကြောင့် ရှေ့လာမယ့် လတွေနဲ့ ၂၀၁၄ ခုနှစ်အတွင်းမှာ ဘယ်လောက်အထိ  အရှိန်မြင့်လာမယ်လို့ ဆရာထင်လဲ။

ဆရာတင်မောင်သန်း
။ ။ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကိစ္စမှာ အကြောင်းအရာတချို့ ပါဝင်ပတ်သက်နေတယ်။ တိုင်းရင်းသားကိစ္စ ၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးကိစ္စ ၊ စစ်တပ် ဆုတ်ခွါရေးကိစ္စ တို့ ပါမယ်ပေါ့လေ။ မတူတဲ့ အကြောင်းအရာပေါ်မှာ မူတည်ပြီးတော့ မတူတဲ့ ပါတီတွေ၊ မတူတဲ့ အရပ်ဘက် အဖွဲ့အစည်း တွေကြားမှာ ဆွေးနွေးငြင်းခုံကြတာတွေ ရှိလာလိမ့်မယ်လို့ ထင်ပါတယ်။ အရှိန်အဟုန် ပြင်းလာမှာပါ။

ကိုကျော်စွာမိုး။ ။ လွှတ်တော်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အများစုက လွှမ်းမိုးထားတာဖြစ်တယ်။ တပ်မတော်ကလည်း ၂၅ ရာခိုင်နှုန်း ရှိနေတယ်။ အစိုးရနဲ့ လက်ရှိ တပ်မတော်ပိုင်းကို ကြည့်မယ်ဆိုရင် သူတို့မပြင်ချင်တဲ့တာတွေ များနေတာကို တွေ့ရတယ်။ တကယ်လို့သာ သူတို့က အများစု ပြင်စေချင်တာကို မပြင်ပေးဘူးဆိုရင် ဘယ်လောက်အထိ  ထိပ်တိုက်ရင်ဆိုင်မှု သဘောမျိုးတွေ တွေ့လာနိုင်သလဲ။

ဆရာတင်မောင်သန်း။ ။ ဘယ်လောက်အထိ ထိပ်တိုက်ရင်ဆိုင်မှု ရှိလာမလဲဆိုတာကတော့ နိုင်ငံရေး တောင်းဆိုချက်တွေပေါ်မှာ ဘယ်လို လက်တွေ့လုပ်မလဲဆိုတဲ့ မဟာဗျူဟာအရ ညှိနှိုင်းထားသလဲ အပေါ်မှာ မူတည်ပါတယ်။ အခုအချိန်ထိ ကျနော် ကြည့်ရသလောက်ကတော့ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေး အဖွဲ့အစည်းတွေမှာ အဲဒီလို မဟာဗျူဟာမျိုး စဉ်းစားထားတယ်လို့ ကျနော် မထင်ဘူး။ အလျော့အတင်း လုပ်ချင်ကြတဲ့ သဘောသဘာဝလေးတွေတော့ တွေ့ရတယ်။

သို့သော်လည်း အခုအချိန်က တင် ပြောထားတာပေါ့လေ။ ဆွေးနွေးပွဲကျရင်တော့ ဘယ်လောက်အထိ လျော့ပေးမလဲ ဆိုတာကို သူတို့ စဉ်းစားထားမယ်လို့ ကျနော်ထင်တယ်။ ဒါပေမယ့် အများပြည်သူ သိအောင်တော့ ထုတ်ပြန်ထားတာတွေ ကျနော် မတွေ့ရသေးဘူပေါ့နော်။

ပထမဆုံး ကျနော်တို့ စဉ်းစားစရာ အချက်က ပုံမှန် တွေးရိုးတွေးစဉ် အကုန်လုံးအထိ တင်လိုက်တာပေါ့။ အဲ့ဒါက ထိရောက်မှု ရှိမလား။ ဒါမှမဟုတ်လို့ရှိရင် ဒီကာလမှာ ဘယ်လောက်အထိ သွားနိုင်တယ်ဆိုတာကို စဉ်းစားပြီးတော့ ပြောတာက အဓိက ဖြစ်မလား၊ ဒါကတော့ စဉ်းစားရမယ့် ကိစ္စလို့ ကျနော်ထင်တယ်။

ဒုတိယ တချက်က အစိုးရအနေနဲ့ ဆိုလို့ရှိရင်၊ ဒါမှမဟုတ် အဓိကက တော့ စစ်တပ်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီပေါ့။ မတူတဲ့အုပ်စုတွေကြားထဲမှာ တရားမ၀င် (informal) ဆွေးနွေးမယ့် နည်းလမ်းတွေ ရှာလို့ရှိရင်တော့ ပိုပြီးတော့ ချောချောမွေ့မွေ့နဲ့ မြန်မာနိုင်ငံက ကူးပြောင်းနိုင်လိမ့်မယ်လို့ ကျနော်ထင်တယ်။

ကိုကျော်စွာမိုး။ ။ တရားမ၀င်ဆိုတာကတော့ ကန့်လန့်ကာ နောက်မှာ တွေ့ဆုံဆွေးနွေးပွဲတွေ စလုပ်ဖို့ ဆိုလိုတာလား၊ ပြောတာလား။

ဆရာတင်မောင်သန်း။ ။ဒါပေါ့။ ဥပမာအားဖြင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဖြစ်ဖြစ်၊ စစ်တပ်က ဖြစ်ဖြစ်၊ ဆွေးနွေးညှိနှိုင်းမယ့် ပုဂ္ဂိုလ်တွေ၊ ဒါမှဟုတ် ထင်ရှားတဲ့သူတွေ ၊ ပညာရှင်တွေနဲ့ လေးငါးခြောက်ယောက်ပါတဲ့ အဖွဲ့လေးတဖွဲ့ ဖွဲ့နိုင်တယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း အဲ့ဒီလို ဖွဲ့မယ်။ အခြား တိုင်းရင်းသား ပါတီက ဒီလိုဖွဲ့မယ်။ ပြီးရင် သူတို့ကြားထဲမှာ စကားပြောကြမယ်ပေါ့။ အဲ့ဒီအဖွဲ့တွေကနေပြီးတော့ တိုင်းပြည် အတွက်  ပိုပြီးတီထွင်ဖန်တီးမှုရှိတဲ့ စဉ်းစားချက်တွေ ထွက်လာနိုင်မယ်လို့ ထင်တယ်။

ကိုကျော်စွာမိုး။ ။  ကိုရန်မျိုးသိန်း တကယ်လို့သာ အခြေခံဥပေဒက ပြုပြင်နိုင်တဲ့အဆင့် မရောက်ခဲ့ဘူး ၊ တဖက်နဲ့တဖက် ညှိလို့မရခဲ့ဘူးဆိုရင် ၂၀၁၅ ရွေးကောက်ပွဲက ပျက်သွားနိုင်တယ်လို့တောင် တချို့က အဆိုးဆုံး ကို ခန့်မှန်းသုံးသပ်နေကြတယ်။  အဲ့လိုမျိုး အလားအလာအထိ ရောက်သွားမယ်လို့ တွေးမိလား။

ကိုရန်မျိုးသိန်း။ ။ ၂၀၁၅ ရွေးကောက်ပွဲ ပျက်သွားနိုင်လောက်တဲ့ အထိတော့ အဆိုးဆုံး အခြေအနေ ဖြစ်သွားလိမ့်မယ်လို့ ကျနော် မထင်ဘူး။ ဒါပေမယ်လို့ ဆရာတင်မောင်သန်း ပြောသွားသလိုပဲ ကျနော်တို့က အဓိက နိုင်ငံရေး အုပ်စုတွေကြားမှာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုကို အစောပိုင်းမှာ informal သဘောလုပ်ပြီး၊ နောက်ပိုင်းမှာ formal သဘောကို ပြောင်းလဲပြီးတော့ နိုင်ငံရေးအရ သဘောတူညီမှု တခုကို ရအောင်လုပ်နိုင်မယ်ဆိုရင်  ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရက်တစ် အပြောင်းအလဲဟာ အဆင့်တခုကို ရောက်နိုင်လိမ့်မယ်လို့ ကျနော် မြင်တယ်။ ကျနော်က ဘာလို့ အဲလိုပြောလဲဆိုတော့ လွတ်လပ်ရေး ရပြီးတဲ့ အချိန်ကစပြီးတော့ ဒီအချိန်ထိ ကျနော်တို့ နိုင်ငံရဲ့ နိုင်ငံရေးမှာ အလုပ်ဖြစ်တဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှု မရှိခဲ့ဘူး။ အဲဒီအတွက်ကြောင့်မို့လို့ ကျနော်တို့ တိုင်းပြည်ဟာလည်း ဒီနေ့ ဒီအချိန်ထိ လုံးလည် ချာလည် လိုက်နေတယ်။ နိုင်ငံရေးအရ မုန့်လုံး စက္ကူကပ်နေတယ်လို့ ကျနော်က မြင်တယ်။

ကိုကျော်စွာမိုး။ ။ ဒီတွေ့ဆုံဆွေးနွေးမှုကို ၁၉၈၈ ခုနှစ် ထဲက တောက်လျှောက် တောင်းဆိုခဲ့တယ်။ တခါမှလည်း သေသေချာချာ ဖြစ်ခဲ့တာ မရှိဘူး။ သမ္မတ ဦးသိန်းစိန် တက်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တယ်ဆိုတာလည်း တကယ်တော့ တွေ့ဆုံဆွေးနွေးပွဲလို့ ကျနော်တို့ သုံးသပ်လို့ မရဘူး၊ တွေ့ဆုံမှုလေး တခုပဲရှိတယ်။ အဲ့ဒါက ဖြစ်သင့်တဲ့ဟာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် တကယ်ဖြစ်နိုင်ချေ မရှိတဲ့အခါကျ တော့ ဘယ်လိုမျိုး ဖြစ်လာအောင် လုပ်နိုင်မယ်ထင်လဲ။ နည်းလမ်းတွေ ရှိလား။

ကိုရန်မျိုးသိန်း။       ။  ဒီတွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်လာဖို့ကိစ္စမှာ ကြားခံဆောင်ရွက်တဲ့ လူပုဂ္ဂိုလ်သော်လည်းကောင်း၊ အဖွဲ့အစည်းသော်လည်း ကောင်း၊ အဖွဲ့အစည်းဆိုတာ ပြည်တွင်းက အဖွဲ့အစည်းမဟုတ်ရင်တောင် ပြင်ပက ကုလသမဂ္ဂလို
အဖွဲ့ အစည်းမျိုး၊ နိုင်ငံတကာမှာအလေးထားစံပြုရတဲ့အဖွဲ့အစည်းမျိုး၊ ဒီလိုအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကနေ နှစ်ဘက်ကြားမှာ စနစ်တကျချဉ်းကပ်ပြီးတော့ အကျိုးရှိရှိ ညှိနှိုင်းပေးမယ်ဆိုရင်
ကျနော့်အမြင်အားဖြင့် ဒီတွေ့ဆုံဆွေးနွေးပွဲတွေဟာမဖြစ်လာနိုင်စရာ အကြောင်းမရှိဘူးလို့မြင်တယ်။


ကိုကျော်စွာမိုး။        ။ ပြီးခဲ့တဲ့ နှစ် ၂၀ ကာလမှာ  အဲဒါအတွက် ကြိုးစားခဲ့တဲ့ သူတွေလည်း အများကြီး ရှိတယ်။ ကုလသမဂ္ဂပိုင်းကရော၊ ပြည်တွင်းက အထင်ကရဖြစ်တဲ့ ပုဂ္ဂိုလ်တွေရော၊ တချို့ သံဃာတော်တွေပါ ပါဝင်ပြီး ဆွေးနွေးခဲ့တာရှိတယ်၊ ကျနော်တို့ ဘာမှဖြစ်လာတာကို မတွေ့ခဲ့ရဘူး၊
ဆရာတင်မောင်သန်း ဘာကြောင့် အဲ့ဒါတွေက ဖြစ်မလာတာလဲ၊ ဘာတွေက ခုခံနေတာလဲ။ 

ဆရာတင်မောင်သန်း။        ။ ကျနော်တို့မှာလုံလောက်တဲ့ ယုံကြည်မှုမရှိလို့ပေါ့။

ကိုကျော်စွာမိုး။        ။ တဖက်နဲ့တဖက်ပေါ့။

ဆရာတင်မောင်သန်း။        ။ တဖက်နဲ့တဖက်ပေါ့။ အပြန်အလှန်ပေါ့ ယုံကြည်မှုမရှိတာရယ်၊ နောက်တခါက စိတ်ခံစားမှုတွေက ပိုပြီးတော့ လွှမ်းမိုးနေတာကြောင့်ပေါ့။ စိုးရိမ်တယ်ဆိုရင်လည်း ပိုပြီးစိုးရိမ်တယ်လို့ ကျနော်ထင်တယ်။
လက်တွေ့ဘာတွေကဖြစ်နိုင်တယ်ဆိုတာကို ရှာမကြည့်ဘဲနဲ့ပေါ့ ။ ဒါဆိုလို့ရှိရင် ခုနက ဒီမိုကရေစီ လုပ်နည်း လုပ်ဟန်တွေကို စပြီးတော့ မိတ်ဆက်လာဖို့အရေးကြီးတယ်၊ အဲ့ဒီအတွက် အသက်သားဆုံး၊ အနာလည်း အသက်သာဆုံး၊ အောင်မြင်မှုလည်းအများဆုံး လုပ်နည်းလုပ်ဟန်တွေရှိပါတယ်။ အဲ့ဒီလို လုပ်နည်းလုပ်ဟန် လေးအတိုင်း ဒါ တရားမ၀င် (informal) စကြည့်တယ်ဆိုတာကတခုပေါ့။ နောက်မှ ပညာရှင်တွေနဲ့ပဲ စပ်ပြီးတော့ အထူးသဖြင့် စစ်ဘက် အရပ်ဘက် ဆက်ဆံရေးကို နားလည်တဲ့သူတွေ၊  နောက်ပြီးတော့ အကူးအပြောင်းဆိုင်ရာ ဒီမိုကရေစီ
ကိုနားလည်တဲ့ပုဂ္ဂိုလ်တွေ၊ တကယ်လို့ ပြင်ပပညာရှင်တွေကိုလည်းခေါ်လို့ရပါတယ်။ အဓိက တယောက် နှစ်ယောက်ပေါ့။ သိပ်ပြီးနားလည်တဲ့ပုဂ္ဂိုလ်ကြီးတွေကို အဓိကထားပြီးတော့၊ တခါတခါအတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ် ကြီးတွေကို အဓိကထားပြီးတော့ ပြည်တွင်းမှာ အဲ့ဒီလိုပုဂ္ဂိုလ်ကြီးတွေနဲ့ စပြီးတော့ လုပ်ကြည့်တော့၊ စမ်းကြည့် စေချင်တာပေါ့၊ဖြစ်နိုင်မယ်လို့ထင်ပါတယ်။


ကျော်စွာမိုး။   ။ ဒါပေမယ့် အဲ့ဒါလုပ်ဖို့ဆိုတာ နှစ်ဖက်လုံးက လုပ်ရမှာ၊ နှစ်ဖက်လုပ်ဖို့အတွက်ကို တဖက်ကိုက မလုပ်ဘူးဟေ့၊ မစဘူးဟေ့ဆိုရင် ဘယ်ကနေသွားပြီးတော့စမလဲ။


ဆရာတင်မောင်သန်း။        ။ ဒီလိုတော့ရှိတယ်ဗျ၊ ကျနော်မကြာသေးခင်ကဗိုလ်မှူးကြီးတယောက်နဲ့စကားပြော ဖူးတယ်။ သူက အဲဒါမျိုးလေးတွေကို သုတေသနလုပ်ကြည့်ရင် ပိုကောင်းမလားဆိုပြီးပြောတယ်၊ ကျနော်တို့က လည်း သုတေသနအဖွဲ့ဖြစ်တဲ့အခါကျတော့ အဲ့ဒီလို သုတေသနပုံစံနဲ့ ကျနော်တို့
စကြည့်လို့ ရပါတယ်။ သိပ်ပြီးစိုးရိမ်နေကြရင်ပေါ့။ လူတွေက သူတို့ရင်ထဲမှာရှိတဲ့ တကယ်ပြောချင်တဲ့ အကြောင်းအရာနဲ့  တိုင်းပြည်အတွက် စဉ်းစားပြီးတော့ လုပ်ကြည့်လို့ရပါတယ်။


ကိုကျော်စွာမိုး။        ။ ဒီနေရာမှာကိုရန်မျိုးသိန်းရော ဆရာရော ခုနက ဆွေးနွေးခဲ့သလိုပဲ အဓိက ပြဿနာက ယုံကြည်မှုပြဿနာပေါ့။ အဓိက မယုံကြည်တာကလည်း အရပ်ဘက်နဲ့ စစ်ဘက်ပေါ့၊ ခုနဆရာတင်မောင်သန်း ပြောသွားသလို အရပ်ဘက် စစ်ဘက် ဆက်ဆံရေး ဟာ ကျနော်တို့ မြန်မာနိုင်ငံမှာ တောက်လျှောက် ဆွေးနွေးနေရတာပေါ့။ အခု သမ္မတဦးသိန်းစိန် တက်လာပြီး ၃ နှစ်နီးပါရှိတဲ့ အချိန်မှာ အရပ်ဘက် ၊စစ်ဘက် ဆက်ဆံရေးက ဘယ်အတိုင်းအတာတခုအထိ တိုးတက်လာတာတွေ့ရလဲ။

ကိုရန်မျိုးသိန်း။       ။ လွန်ခဲ့တဲ့ နှစ် ၂၀ ကတည်းက ကျနော်တို့ တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုခဲ့တာမှန်တယ်။ ဒါပေမယ့် အခုကာလနဲ့ လွန်ခဲ့တဲ့ နှစ် ၂၀ ကာလနဲ့ကတော့ ကွဲလွဲမှုတွေ အများကြီးရှိတယ်ပေါ့။ လက်ရှိအခြေအနေမှာ ကျနော်တို့ ဒီမိုကရက်တစ်ဘက်ကို သွားမယ့် အစိုးရတက်လာတယ်။ နောက်ရွေးကောက်ပွဲကို ကျနော်တို့ ဖြတ်သန်းခဲ့တယ်။ နောက်  ကျနော်တို့ ကြားဖြတ်ရွေးကောက်ပွဲကို ဖြတ်သန်းတယ်၊ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ထဲကိုရောက်လာတယ်။ အဲ့ဒီအခါကျတော့  နိုင်ငံတကာက ကျနော်တို့ တိုင်းပြည်ရဲ့ အပြောင်းအလဲအပေါ်မှာ စိတ်ဝင်စားမှု အရမ်းကိုမြင့်မားလာတယ်။
ဒီအချိန်မျိုးမှာ အရပ်ဘက်၊ စစ်ဘက် ယုံကြည်မှုတည်ဆောက်ရေးဟာအလားအလာကောင်း တွေအများကြီးရှိတယ်လို့ ကျနော်ကတော့မြင်တယ်။  ဒါပေမယ့် အခုအခြေအနေထိ ထိတွေ့မှုတွေအပိုင်းမှာ အရမ်းကိုအားနည်းနေတာကို ကျနော်တို့တွေ့ရတယ်။ ဒီထက်ပိုပြီးတော့ စီမံချက်ရှိရှိ၊ ဗျူဟာရှိရှိနဲ့ ချဉ်းကပ်ပြီးတော့ အလုပ်လုပ်နိုင်ဖို့ လိုတယ်လို့ကျနော် ကတော့မြင်တယ်။


ကိုကျော်စွာမိုး။        ။ ဆရာတင်မောင်သန်းလည်း နေပြည်တော်ကို မကြာမကြာသွားနေရတယ်ပေါ့၊ အလုပ်ကိစ္စနဲ့  အစိုးရဘက်က အရာရှိတွေနဲ့တွေ့တယ်။ အတိုက်အခံဘက်ကလူတွေနဲ့တွေ့တယ်။  ကျနော်တို့ ဆိုလည်း အမြဲတမ်းကြားနေရတာရှိတယ် NLD ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဆိုလို့ရှိရင်လည်း လွှတ်တော်ဥက္ကဋ္ဌဖြစ်တဲ့ သူရဦးရွှေမန်းတို့နဲ့ မကြာမကြာတွေ့တယ်ဆိုတဲ့
သတင်းတွေလည်းထွက်တယ် ဆိုတော့ ၊တွေ့တာတော့ဟုတ်ပါပီ။ ခုနပြောတဲ့ တွေ့ဆုံဆွေးနွေးပွဲကိစ္စ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးကိစ္စ ဒီလိုကိစ္စတွေမှာရော သူတို့တွေဘယ်လောက်အထိ ဆွေးနွေး ဖြစ်ခဲ့တယ်လို့ ကြားလဲ၊ ထင်လဲ။


ဆရာတင်မောင်သန်း။        ။ ကျနော်ကတော့ အဲ့လိုကြားနိုင်လောက်တဲ့ နေရာမှာမရှိဘူးပေါ့ဗျာ။ သို့သော်လည်း ဒီအရပ်ဘက် စစ်ဘက် ဆက်ဆံရေးမှာ သော့ချက်ကျတဲ့  ဇာတ်လိုက်ကတော့ တပ်မတော်ပေါ့။ သူတို့နဲ့ စကားပြောနေတာတော့ မရှိဘူးပေါ့။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြောနေတယ်လို့တော့ ကျနော်တို့ ယူဆလို့ ရတယ်။


ကိုကျော်စွာမိုး
။        ။ ဒီနေရာမှာ ပြောချင်တာက ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော်နဲ့ဆိုရင်လည်း တပ်မတော်ရဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နဲ့တွေ့ဖို့ ပြောတယ်။ သူနေအိမ် အကျယ်ချုပ်က လွတ်လာပြီးတော့လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ အထိပါ တွေ့ဖို့
တောင်းဆိုခဲ့တာတွေလည်းရှိတယ်။  ဒါပေမယ့် ဟိုဘက်ကနေ တွေ့မယ်ဆိုတဲ့ အလားအလာ တော့မတွေ့ရဘူး။ တကယ်ရော တွေ့ဖို့ ဟိုဘက်ကလိုသလား။


ဆရာတင်မောင်သန်း
။        ။ တွေ့ဖို့ဆိုတာ သူကဘာနဲ့ဆက်စပ်နေမလဲဆိုလို့ရှိရင် ယုံကြည်မှုနဲ့ ဆက်စပ်နေတယ်လို့ ကျနော် ထင်တယ်။  ဘာကြောင့်လဲဆိုတော့ ပဋိပက္ခဖြစ်နေတဲ့အချိန်မှာ  တဖက်နဲ့ တဖက် လုပ်ရပ်တွေကို  အဓိပ္ပါယ်ကောက်ယူတဲ့အခါမှာ ယုံကြည်မှုပေါ်မှာ မူတည်ပြီးတော့ အဓိပ္ပါယ်
ကောက်ယူမှု အမျိုးမျိုးဖြစ်နိုင်တယ်။ ယုံကြည်မှု ထူထောင်နိုင်တယ်လို့ မျှော်လင့်တာကိုက လက်တွေ့ကျရဲ့ လားဆိုတဲ့ ပြဿနာရှိတယ်။ များသောအားဖြင့်ပဋိပက္ခတွေကို လေ့လာကြတဲ့သူတွေကတော့ အလုပ်မဖြစ်တဲ့
မယုံကြည်မှုကနေပြီးတော့ အလုပ်ဖြစ်တဲ့မယုံကြည်မှု အင်္ဂလိပ်လို ပြောမယ်ဆိုရင် (dysfunctional  distrust to functional distrust) ပထမဆုံးအဆင့် ရွေးဖို့လိုအပ်တယ်။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် အလုပ်တော့ အတူတူတွဲလုပ်မယ်။ ယုံတော့မယုံသေးဘူး ဒါပေမယ့် အလုပ်လုပ်လို့ မရမယ့်အဖြစ်မျိုးလည်း မဖြစ်သေးဘူး။ 
လူ့အဖွဲ့အစည်းက အဲ့လိုမျိုးအရွှေ့လေးတွေ သွားဖို့လိုမယ်လို့ကျနော်ထင်တယ်။

ကိုကျော်စွာမိုး
။ ။ ကိုရန်မျိုးသိန်း နောက်ဆုံးအနေနဲ့ပေါ့လေ။ ဒီ ၂၀၁၄ မှာ အဓိက အတိုက်အခံဘက်ကပဲ ဖြစ်စေ၊ တပ်မတော်ဘက်ကဖြစ်စေ၊ အစိုးရဘက်က ဖြစ်စေ ဒီပြုပြင်ပြောင်းလဲမှု ဆက်ဖြစ်နေဖို့အတွက် အဓိက သူတို့တွေ ဘာလုပ်ရမယ်လို့ ထင်လဲ။

ကိုရန်မျိုးသိန်း။ ။ အဲ့ဒါနဲ့ ပတ်သက်လို့ရှိရင်တော့ ကျနော့်အမြင်က လက်ရှိ NLD ပါတီက လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးဖို့ တရားဝင် formal တောင်းဆိုလိုက်တာကိုတော့ ကျနော်သိပ်ပြီးတော့ စိတ်တိုင်း မကျဘူး။ သို့သော်လည်းပဲ ဒီဆွေးနွေးပွဲက မဖြစ်ဖြစ်အောင် လုပ်ရမယ်လို့ ကျနော် နားလည်တယ်။ အဲ့တော့ ကျနော်တို့ ၂၀၁၅ မတိုင်ခင်မှာ ဒီလိုဆွေးနွေးပွဲမျိုး ဖြစ်နိုင်မယ်ဆိုရင် ကျနော်တို့ အခုပြောနေတဲ့ နိုင်ငံရေး အကျပ်အတည်း တော်တော်များများဟာ အဆင်ပြေသွားလိမ့်မယ်လို့ ကျနော်မြင်တယ်။ အဲ့ဒီလို ဖြစ်သွားလို့ရှိရင် ကျနော်တို့ တိုင်းပြည်နဲ့ ပြည်သူလူထုအတွက်လည်း အများကြီး အကျိုးရှိမယ်လို့ ကျနော်က မြင်တယ်။

ကိုကျော်စွာမိုး။ ။ ဆရာတင်မောင်သန်း၊ ကိုရန်မျိုးသိန်း ခုလို ၀င်ရောက်ဆွေးနွေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဒီဆွေးနွေးပွဲကနေပြီးတော့ ကျနော်တို့ ၂၀၁၄-၂၀၁၅ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးကို ပုံဖော်ကြည့်မယ်ဆိုရင်တော့ ဆရာတင်မောင်သန်း ပြောသွားတဲ့အတိုင်းပဲ တဖက်နဲ့တဖက်ကြားမှာ မယုံကြည်မှုတွေကတော့ ဆက်လက်ရှိနေဆဲပဲ ဒါပေမယ့်လည်း အရွေ့တခုရှိနေတာကို တွေ့ရတယ်။

အကောင်းဆုံးကတော့ အစိုးရ၊ တပ်မတော်နဲ့ အတိုက်အခံ အင်အားစုတွေ ဘယ်လိုလက်တွဲလုပ်နိုင် အဖြေရှာနိုင်မလဲ ဆိုတဲ့အပေါ်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဟာ မူတည်နေပါတယ်ခင်ဗျာ။

Dateline Irrawaddy ဆွေးနွေးဝိုင်းတွင် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တိုင်းရင်းသားရေး စသည့် မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုများကို သုံးသပ် ဆွေးနွေးနေပြီး  ဒီမိုကရက်တစ် မြန်မာ့အသံ (DVB ရုပ်သံ)တွင် အပတ်စဉ် တင်ဆက် ထုတ်လွှင့်လျက်ရှိသည်။

ယခု အစီအစဉ်မှာ DVB ရုပ်သံ၏  ဖေဖော်ဝါရီ ၅  ရက်နေ့ ထုတ်လွှင့်ချက်ကို ကူးယူ တင်ဆက်ခြင်း ဖြစ်သည်။ ဖေဖော်ဝါရီ ၁၆ ရက်နေ့က ဖြန့်ချိသော The Irrawaddy ဂျာနယ်တွင်လည်း ဖော်ပြခဲ့ပြီးဖြစ်သည်။
 
ရုပ်သံဖိုင်လင့် - http://blog.irrawaddy.org/2014/02/blog-post_3025.html


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved