ကိုမြအေးရဲ့ ရှင်းလင်းချက်

Sunday, April 20, 2014

~




  .



၈၈ ဦးကိုကိုကြီး၊ ၈၈ ငြိမ်း/ပွင့်အဖွဲ့၊ ရှစ်လေးလုံးငွေရတုကော်မတီတို့အကြောင်း ရေးသားချက်တချို့နဲ့ ပတ်သက်ပြီး ၈၈ ဦးမြအေးက သူ့ဖေ့စ်ဘုတ်မှာ ရှင်းလင်းထားပါတယ်။

လေ့လာလိုသူများအတွက် အဲဒီရှင်းလင်းချက်နဲ့ လင့်တချို့ကို ကူးယူဖော်ပြလိုက်ပါတယ်။


ဘာရယ်မဟုတ်ပါဘူးဗျာ။ သတင်းမှားတွေအကြောင်းရေးချင်လာလို့ပါ။ ကိုကိုကြီးက Sky Star မှာ မင်္ဂလာပွဲလုပ်တယ်။ အလကားမရပါဘူး။  ကျွန်တော်ကိုယ်တိုင်ကိုကိုကြီးဆီက ပိုက်ဆံ ဆယ်သိန်းယူပြီး ခန်းမကြည့် စရံချပေးခဲ့တာပါ။ ဘောက်ချာ နဲ့ နေ့စွဲကို ကြည့်ရင် ရှင်းပါတယ်။

ငွေရတုကလှည့်သုံးတယ်တို့၊ ၈၈ကစိုက်ပေးတယ်လို့ ဆိုပြီး ၈၈ပွင့်လင်းက အင်တာဗျူး လုပ်သယောင်ရေးထားတဲ့ သတင်းပါ ပုဂ္ဂိုလ်နှစ်ယောက်ရဲ့ နာမည်တွေကလည်း ၈၈ထဲ တခါမှ မကြားဘူးပါလားဗျာ။
အင်း....ကျွန်တော်တောင်၈၈ငြိမ်းပွင့်ကမဟုတ်သလိုဘဲနော်။

 ငွေရတုကော်မတီဆိုတာအဖွဲ့အစည်း တွေစုပေါင်းထားတဲ့ကော်မတီ၊ သူ့မှာသူ့ရုံးခန်းရှိတယ်။ သူ့ဘဏ္ဍာရေးကော်မတီရှိတယ်။
ငွေရတုအခန်းအနားက သိန်း၄၅၀ပိုတယ်။
၈၈၈၈ပြတိုက်အတွက်သိန်း၂၀၀နဲ့ငွေရတု ကြေညာချက် အကောင်အထည်ဖော်ဆောင်ရေး ဦးဆောင်ကော်မတီအတွက် သိန်း၂၀၀၊  ပြင်ဆင်ရေးလုပ်ငန်းအဖွဲ့အသုံး သိန်း၅၀ ဆိုတာကို မီဒီယာတွေကို အတိအလင်း ရှင်းလင်း ပြောပြထားပြီးဖြစ်တယ်။ ၈၈၈၈ပြတိုက်ဖွင့်ဖို့တောင် သိန်း၂၀၀နဲ့ လုံးခြင်းတိုက်နဲ့ ခြံတနှစ်စာ ငှားမရနိုင်လို့ အခုထက်ထိ ပြတိုက်မဖွင့်နိုင်သေးပါဘူး။

၈၈ဘတ်ဂျက်က၂၀၁၂ခုနှစ်ကလုပ်ခဲ့တဲ့ စေတနာဝသန်ပွဲကရတဲ့ သိန်း၂၆၀၀ကျော်ကို တည်ပြီးလုပ်ခဲ့တာ၂နှစ်ရှိပါပြီ။
ဒီလမှာဘဲ ရုံးသစ်၂နှစ်စာချေရတာ၊ ပြောင်းရတာနဲ့ သိန်း၉၀၀ကျော်ဘဲရှိတော့တာကြောင့်၈၈တွေခေါင်းကိုက်နေတယ်။

ကျွန်တော်တို့ရုံးမှာနေ့ညအချိန်မရွေး သူ့ဌာနခွဲအလိုက် အလုပ်လုပ်နေတဲ့ညီငယ်ညီမငယ်တွေကို လစဉ်ထောက်ပံ့ကြေးတသိန်းခွဲပေးတာတောင် ရပ်လိုက်ဖို့ကျွန်တော်တို့စဉ်းစားနေရတယ်။

ထောင်တွေအလီလီကျပြီးအခုလည်း နေ့ရောညပါနိုင်ငံရေးလုပ်နေတဲ့နိုင်ငံရေးသမားတွေမှာ မိသားစုကျောထောက်နောက်ခံမကောင်းရင် ဘယ်လိုလုပ်စားဝတ်နေရေးပြေလည်မှာလဲဗျာ။

ကျွန်တော်တို့၈၈ရုံးကိုလာခဲ့ပါ့။ ငွေစာရင်းလည်းလေ့လာရင်း တနေ့တနေ့၈၈ရုံးကို လာရောက်ရင်ဖွင့် တိုင်တန်းနေတဲ့ပြည်သူတွေရဲ့ အားကိုးတကြီးရင်ဖွင့်နေတာကိုလည်း တွေ့ရအောင်ပါ။
တခုတော့ရှိတာပေါ့ဗျာ။ ကျွန်တော်တို့လည်း အာဏာပိုင်မဟုတ်တော့ အားလုံးတော့အဆင်ပြေအောင်မလုပ်နိုင်သေးဘူးပေါ့။
ဒါပေကျွန်တော်တို့ဘယ်တော့မှခေါင်းမရှောင်ဘူး၊ ဘယ်တော့မှထိုင်မနေဘူး။ ဆက်လျှောက်နေဆဲပါ။

ဘယ်နှယ့် ဆိုးရော့စ်ရဲ့open society Instituteနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း နာမည်ဆင်တာနဲ့ အမွှာညီအစ်ကိုဖြစ်ရောလားဗျာ။


၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းဆိုတာကို ၂၀၁၂ခုနှစ်ဟင်္သာတတရားပွဲမှာ စသုံးတယ်။ လူထုကို မကြောက်မရွံဘဲပြောတတ်၊ ဆိုတတ်၊ ရထိုက်တဲ့အခွင့်အရေး ယူတတ်အောင်စိတ်ဓာတ်
မြင့်တင်ပေးခဲ့တယ်။
၂၀၁၃ ခုနှစ်မှာ ၈၈ငြိမ်းပွင့်လို့ အတိအလင်းကြေညာတယ်။
OSI လို နိုင်ငံတကာအဖွဲ့အစည်းတွေဟာ transparency မရှိဘဲ ငွေကြေးထောက်ပံ့လေ့မရှိဘူး။
ပြီးတော့ သူတို့လှူဒါန်းခဲ့တဲ့ပုဂ္ဂိုလ်နဲ့အဖွဲ့ အစည်းတွေကိုသူတို့ရဲ့ဝက်ဆိုက်မှာအမြဲဖော်ပြလေ့ရှိတယ်။ ရှာပြီးဝင်သာကြည့်ကြတော့ဗျာ။

သေချာတာကတော့၈၈ဟာ OSIနဲ့ ငွေကြေး တစုံတရာ မပတ်သက်သလို ကိုကိုကြီးလည်း ပတ်သက်ခြင်း မရှိဘူး။ ကျွန်တော်နဲ့ကိုကိုကြီးတို့ကြားထဲမှာလည်း ဒီကိစ္စ အချေအတင်ပြောတာလည်းမရှိသလို၊ စကားများတာလည်း မရှိဘူး၊ ဆွေးနွေးတာလည်း မရှိဘူး။

ကိုကိုကြီးကို ဒုသမ္မတခန့်ဖို့ ကမ်းလှမ်းတယ်ဆိုပြီးပြောတယ်။ ကိုကိုကြီးကို မေးကြည့်ပါလားဗျာ။ ခင်ဗျား ဒုသမ္မတလုပ်ဖို့ အဆင်သင့်ဖြစ်ပြီလား လို့။ သူ့ဆီက ရိုးရှင်းတဲ့အဖြေတခုကို ရပါလိမ့်မယ်။
ကျွန်တော် သိတာတော့ဒီအချိန်မှာ ကိုကိုကြီးနဲ့ ဘုတ်ကလေးတို့ ခေါင်းချင်းဆိုင်ပြီး အခုနေတဲ့အိမ် နှစ်စေ့ရင်ဘယ်မှာဆက်ငှားနေမလဲ ဆိုတာနဲ့ ရွာလည်နေပြီ။
ဒါ ပကတိအခြေအနေမှန်တွေပါ။

ငွေရတုကော်မတီရောကျွန်တော်တို့ ၈၈ရောဆွဲကိုင်ထားတဲ့အခြေခံမူက ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးပါ။
 ဒီမူအရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ ၊ နိုင်ငံရေးအင်အားစုတွေအပြင် အစိုးရနဲ့စစ်တပ်ကိုပါ ထိတွေ့ဆက်ဆံရမှာဖြစ်တယ်။
အဓိကက ဒီမိုကရေစီ လမ်းကြောင်းကသွေဖီမသွားဖို့နဲ့ ရပ်တည်ချက်ယိုင်မသွားဖို့ပါ။ မကွေးနဲ့ပခုက္ကူမှာ ကိုပြုံးချိုတို့မမီးမီးတို့ မနီလာသိန်းတို့ပြခဲ့ပြီးဖြစ်ပါတယ်။

ငွေရတု
အခန်းအနားမှာ မူအရ အားလုံးကို ဖိတ်ကြားခဲ့ပါတယ်။ သဝဏ်လွှာပေးပို့ဖို့ ဘယ်သူ့ဆီကမှတောင်းခံခဲ့ခြင်းမရှိသလို ရောက်လာတဲ့ သဝဏ်လွှာတွေ အားလုံးကိုလည်း အက္ခရာစဉ်အတိုင်း မျက်နှာကြီးငယ်မလိုက်ဘဲစဉ်ပြီးမှ စာအုပ်ထုပ်ခဲ့တာပါ။
လူတိုင်းမှာ အားနည်းချက်ဆိုတာ အနည်းနဲ့အများဆိုသလို ရှိပါတယ်။ အလုပ်လုပ်တဲ့သူတိုင်းဟာ မှားတတ်ကြပါတယ်။ အမှားမကြီးဖို့နဲ့ ထပ်ခါထပ်ခါ မမှားဖို့ဘဲ ဆင်ခြင်နိုင်စွမ်းရှိရမှာပါ။

ဝေဖန်ရေးဆိုတာစောင်းနေတဲ့သူကို တည့်မတ်သွားအောင်ထူပေးရတာပါ။ စောင်းနေတဲ့သူကိုလဲသွားအောင်တွန်းချရတာမျိုး မဟုတ်ပါဘူး။ အခုမြန်မာ့နိုင်ငံရေးအခြေအနေမှာဘဝတစ်လျောက်လုံးနစ်ပြီးတိုင်းပြည်အတွက်၊ ပြည်သူလူထုအတွက်ရပ်တည်မဲ့နိုင်ငံရေးသမားများစွာ လိုအပ်နေတာပါ။

 တစ်ချို့ဆောင်းပါးတွေမှာ
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်လည်း မကောင်း၊ NLDလည်း မကောင်း၊ ၈၈လည်းမကောင်း၊ ဒီမိုကရက်တစ်တွေလည်း မကောင်း ဆိုတော့ စစ်အစိုးရခေတ်က သတင်းစာတွေထဲမှာ ဖော်ပြတဲ့ပေါက်စရဲ့ဆောင်းပါးတွေကို ဖတ်နေရသလိုပါဘဲ။

ကျွန်တော်ဒီလိုရေးလို့ ကိုကိုကြီးဘက်ကလိုက်တယ်လို့ ပြောကြဆိုကြအုံးမှာပါ။ ဟုတ်တယ်၊ ကျွန်တော်ကလည်း ရိုးရိုးဘဲ ဝန်ခံပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ကိုကိုကြီးကို စွတ်စွဲချက်တွေဟာ မှားယွင်းနေလို့ပါ။ ကိုကိုကြီးနဲ့ကျွန်တော်နဲ့ကြားမှာ သဘောထား တိုက်ဆိုင်တာတွေအများကြီးရှိသလို မတိုက်ဆိုင်တာတွေလည်းအများကြီးပါ။
ကျွန်တော်တို့၈၈ကိုယ်တိုင်ကတူညီတဲ့ဒီမိုကရက်တစ်အခြေခံပေါ်မှာ မတူညီတဲ့အမြင်တွေကိုစုစည်းထားတဲ့ အဖွဲ့အစည်းဘဲဖြစ်ပါတယ်။

ဒါနဲ့စကားမစပ်....ကိုကိုကြီးကကြောင်တွေခွေးတွေကို သိပ်ချစ်တာ၊ ဓာတ်ပုံမှာတွေ့တဲ့အတိုင်း သူ့ခွေးမလေး မီးဖွားတော့ မခွဲနိုင် မခွာရက်ဖြစ်နေတာလေ။ ကျွန်တော်ကကြောင်တော့ ချစ်တယ်၊ ခွေးဆိုရင်လွှတ်ကြောက်ဗျို့။


http://blog.irrawaddy.org/2013/04/blog-post_2100.html
http://blog.irrawaddy.org/2014/03/blog-post_1529.html


.

1 comments :

  1. Anonymous said... :

    သိန်း၁၅၀၀ -၂၀၀၀လက်ဖွဲ့ ရတဲ့သူက နောင်နှစ်အိမ်ဌားနေဖို့ စိတ်ပူနေရတယ်ဆိုတော့ ဘယ်လိုအိမ်မျိုးမှာ နေနေလို့လဲ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved